သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လိုက်မှာ စိုးရိမ်ရေမှတ် ကျော်


ပြီးခဲ့တဲ့လက ရေဘေးသင့်ခဲ့တဲ့ စစ်ကိုင်းတိုင်းအတွင်းမှာပဲ အခုအခါမှာ ဒုတိယအကြော့ မြစ်ရေကြီးမှုကို ရင်ဆိုင်ရပြန်ပါပြီ။ စစ်ကိုင်းတိုင်း အတွင်း မြစ်တချို့ဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေကြောင်း မိုးလေဝသနဲ့ ဇလာဗေဒ ညွှန်ကြားမှု ဦးစီးဌာနကနေ ဒီကနေ့ ထုတ်ပြန် ပေးထားပါတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ စိုးရိမ်ရေမှတ်က (၉ ပေ ခွဲ) အထိ မြင့်တက်နေပြီဖြစ်ကြောင်း ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေကို ဘေးလွတ်ရာတိမ်းရှောင်ဖို့ သတိပေးထားပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှု၊ မြစ်ရေကြီးမှုနဲ့ ကိုမန်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခံခဲ့ရမှုတွေကြောင့် မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ပြည်နယ် ၁၂ ခု တို့မှာ ရေဘေးဒဏ်ကို ခံစားခဲ့ရပါတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၄ ခုကတော့ အဆိုးဆုံး ဒေသတွေအဖြစ် အစိုးရက သတင်းထုတ်ပြန်ထားခဲ့တာပါ။ အခုအခါမှာ ချင်းတွင်းမြစ်ရေကြီးလာတဲ့အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်းက မော်လိုက်အပါအဝင် မြို့နယ် လေးခုလောက်မှာ စိုးရိမ်ရေမှတ်တွေ ကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်မှူး ဦးကျော်လင်းဦးက အခုလို ပြောပါတယ်။

“စိုးရိမ်ရေမှတ်အထက် ဆက်လက်မြင့်တက်နိုင်တဲ့အခြေအနေတွေကတော့ ချင်းတွင်းမြစ်ရေဟာ ဆိုလို့ရှိရင်…မော်လိုက်မြို့မှာ ကိုးပေခွဲခန့်၊ ကလေးဝမြို့မှာ (၆) ပေခွဲခန့်၊ မင်းကင်းမြို့မှာ (၅) ပေခန့်၊ မုံရွာမြို့မှာ (၁) ပေခွဲခန့် အဲဒီမြို့တွေဟာ စိုးရိမ်ရေမှတ်အသီးသီးအထက်မှာ ကျော်လွန်နေပြီးတော့ နောက်တစ်ရက်အတွင်း မော်လိုက်မြို့မှာ ပေဝက်ခန့်၊ နောက် နှစ်ရက်အတွင်း ကလေးဝမြို့နဲ့ မင်းကင်းမြို့တွေမှာ (၁) ပေခွဲခန့်စီနဲ့ မုံရွာမြို့မှာ (၂) ပေခန့် ဆက်တက်လာနိုင်ပြီးတော့ အဲဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အဆင့်မှာ ဆက်လက်တည်ရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ အဲဒီဒေသတွေမှာဆိုလို့ရှိရင် ကမ်းနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်တဲ့လူတွေအနေနဲ့ ကြိုတင်သတိပြုရှောင်ရှားဖို့ အကြံပြုအပ်ပါတယ်-ဆိုပြီးတော့ ကျနော်တို့ဌာနက ထုတ်ပြန်ထားပါတယ်ခင်ဗျ။”

စစ်ကိုင်းတိုင်းအတွင်းမှာ ဒုတိယအကြိမ်အဖြစ် ပြန်ပြီး ရေကြီးလာနေတာဖြစ်ပြီး မော်လိုက်၊ ဟုမ္မလင်း၊ ဆားလင်းကြီးမြို့နယ်တွေမှာ ရေပြန်ကြီးနေတဲ့အကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကလည်း အခုလို ပြောပါတယ်။

“ဟုမ္မလင်းတို့၊ မော်လိုက်တို့မှာ ရေတွေထပ်ပြီးကြီးနေတယ်လေ။ မိုးတွေလည်း ရွာနေတယ်လို့ ကြားရတယ်။ ချင်းတွင်းမြစ်ဘက်ကလည်း ရေကြီးလာတော့ အခု ဆားလင်းကြီးနယ်ထဲက တနေ့က ရေကြီးခဲ့တဲ့ရွာတွေမှာ အခု ပေါင်လယ်လောက်တောင် ထပ်ပြီး ဝင်လာကြပြန်ပြီ။ အဲလိုမျိုးလေးတွေတော့ ဖြစ်တာကို သိရတယ်လေ။”

မော်လိုက်မြို့ရဲ့ လက်ရှိအခြေအနေမှာ မြို့ရဲ့နေရာအတော်များများမှာ ရေနစ်မြုပ်နေတဲ့အတွက် ကူညီကယ်ဆယ်ရေးလိုအပ်နေတာပါ။ အနိမ့်ပိုင်းရပ်ကွက်အတော်များများ ရေနစ်မြုပ်နေတဲ့အတွက် ရေဘေးသင့်သူ ရာဂဏန်းလောက်ဟာ အမြင့်ပိုင်းရပ်ကွက်တွေက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ မော်လိုက်မြို့မှာ ရေအမြင့် ၉ ပေခွဲကျော် တက်နေတဲ့အတွက် တမြို့လုံးနီးပါး ရေလွှမ်းမိုးမှု ကြုံနေရပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနကတော့ အဲဒီမြို့နယ်တွေမှာ နောက် ၂ ရက်လောက်အထိ ရေမျက်နှာပြင် မြင့်တက် နိုင်သေးကြောင်း သတိပေး ကြေညာထားပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်တွေဘက်မှာလည်း နေရာကွက်ပြီး မိုးရွာသွန်းနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အစိုးရပိုင်သတင်းစာတွေမှာတော့ မြန်မာပြည်တဝှမ်းမှာ ပြီးခဲ့တဲ့လတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် လူပေါင်း ၁၆ သိန်းကျော် ရေဘေးသင့်ခဲ့ပြီး ၁၂၀ ကျော် သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG