သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး ပြဿနာတွေကြားက မြန်မာနိုင်ငံ အလုပ်သမား အခွင့်အရေးအခြေအနေ


ကရင်ပြည်နယ် တနေရာမှာလုပ်တဲ့ CTUM အလုပ်သမားနေ့အခမ်းအနား (မေလ ၁ ရက်၊၂၀၂၃)
ကရင်ပြည်နယ် တနေရာမှာလုပ်တဲ့ CTUM အလုပ်သမားနေ့အခမ်းအနား (မေလ ၁ ရက်၊၂၀၂၃)

အာဏာရှင်လက်ထက်မှာ အလုပ်သမားတွေရဲ့ ဘဝဟာ ပိုပြီးဆိုးရွားလာတယ်လို့ ဒီနေ့ မေလ ၁ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး)မှာ မြန်မာ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ပြောလိုက်ပါတယ်။ အလုပ်သမား တပ်ပေါင်းစုကတော့ အနည်းဆုံးလုပ်ခလစာနဲ့ တော်လှန်ရေးကာလထဲမှာ ထိခိုက်နစ်နာသွားတဲ့ အလုပ်သမားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေအတွက် တရားမျှတမှုရဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ပြည်တွင်း စီးပွားရေးကျဆင်းပြီး ငွေကြေးဖောင်းပွနေပေမဲ့ အခြေခံအလုပ်သမားတွေရဲ့ လုပ်ခလစာငွေကတော့ ၄,၈၀၀ ကျပ်ကနေ တိုးမရသေးဘူးလို့ အလုပ်သမား အဖွဲ့ချုပ်တွေနဲ့ သမဂ္ဂတွေက ဒီနေ့ မေဒေးနေ့မှာ ကြေညာချက်အသီးသီး ထုတ်ပြန်လိုက်တာပါ။ ဒီထဲမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ နောက်ခံ အကြောင်းအရာတွေကို စုစည်းတင်ပြထားသလို၊ ဆက်စပ် ပြဿာနာ အများအပြားကိုလည်း အလုပ်သမား အဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM ကတော့ “ဖူလုံတဲ့ လုပ်ခလစာ၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင်နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု” − ဆိုတဲ့ ကမ်းပိန်းတွေနဲ့ ဒီနေ့ မေဒေးနေ့မှာ တောင်းဆိုထားပါတယ်။ ဒီအခွင့်အရေးတွေကို ဖက်ဒရယ် ဒီမိုကရေစီ ရမှသာ ရရှိနိုင်လိမ့်မယ်လို့ FGWM ရဲ့ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ဗွီအိုအေကို ပြောပါတယ်။

" ပြည်သူတွေ လိုလား တောင့်တတဲ့ ဒီမိုကရေစီ ရပြီဆိုရင် အလုပ်သမားတွေကို ကောင်းမွန်တဲ့ လုပ်ငန်းခွင်၊ လုံခြုံတဲ့ လုပ်ငန်းခွင်တွေနဲ့ ခေတ်စနစ်နဲ့ညီတဲ့ ဖူလုံတဲ့ လုပ်ခလစာ ရရှိဖို့အတွက် ကျမတို့ အဖွဲ့ချုပ်တွေအနေနဲ့ ဒီကနေ့ ၁၃၃ ကြိမ်မြောက် မေဒေးနေ့ကနေပြီးတော့ တောင်းဆိုကြတယ်ပေါ့နော်။"

အနည်းဆုံး လုပ်ခလစာကို ဥပဒေနဲ့အညီ သတ်မှတ်နိုင်ရေး အပါအဝင် အာဏာသိမ်းကာလမှာ ထိခိုက်နစ်နာသွားတဲ့ အလုပ်သမားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေအတွက် တရားမျှတမှု ရဖို့အတွက် လုပ်ဆောင်သွားမယ်လို့ မြန်မာ အလုပ်သမား တပ်ပေါင်းစုကလည်း ပြောပါတယ်။ ဝင်ငွေရဖို့အတွက် ပြည်ပကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းထွက်ခွာနေတဲ့ မြန်မာအလုပ်သမားတွေဟာ လူကုန်ကူးမှု၊ လုပ်အား ခေါင်းပုံဖြတ်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါတွေကို သက်ဆိုင်ရာ ပြည်ပနိုင်ငံတွေကလည်း ကူညီပေးဖို့ လိုအပ်နေကြောင်း လှိုင်သာယာ စက်မှုဇုံ အလုပ်သမားကိုယ်စားလှယ်က ပြောပါတယ်။

"အလုပ်လက်မဲ့တွေများလာတော့ နီးစပ်ရာ နိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်ကြတာများတယ်၊ အခု ကူညီနေတဲ့ အဖွဲ့အစည်းက နည်းတယ်ပေါ့၊ အားလုံးကို ထိထိရောက်ရောက် မကူညီနိုင်ကြဘူး။ ပြဿနာရှိရင်တောင်မှပဲ ကူညီမယ့်အဖွဲ့အစည်း များတဲ့အတွက် ပြဿနာက လျော့သွားမယ်လို့ ထင်ပါတယ်။"

စစ်ကောင်စီဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာပါတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၁၀၀ ကျော်ကို ဖမ်းဆီးပြီး တချို့ကို သတ်ဖြတ်တာ၊ ရိုက်နှက်တာ၊ ထောင်ချတာ၊ နိုင်ငံကူးလက်မှတ် ပယ်ဖျက်တာ၊ နိုင်ငံသားအဖြစ်ကနေ ရုတ်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။ အာဏာဖီဆန် လှုပ်ရှားမှုမှာပါတဲ့ အလုပ်သမား ၃၈ယောက်ဟာ အဘက်ဘက်က ဖိအားတွေကြောင့် သေဆုံးခဲ့ကြောင်း အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM က ထုတ်ပြန်ထားပါတယ်။

အလုပ်သမားတွေရဲ့ လူမှုဘဝလုံခြုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုပြီးခံစားရစေဖို့ လုပ်ဆောင်နေကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဒီနေ့ မေဒေးနေ့အတွက် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ သူ့ရဲ့ သဝဏ်လွှာထဲမှာတော့ အလုပ်သမားတွေ တောင်းဆိုနေတဲ့ အခြေခံလုပ်ခလစာ ၄,၈၀၀ ကနေ တိုးပေးမယ်ဆိုတဲ့ အချက်ကိုတော့ ချန်လှပ်ထားပါတယ်။ နိုင်ငံတကာ ကုန်အမှတ် တံဆိပ်တွေဘက်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီအခြေခံလုပ်ခလစာထက် ကျော်လွန်ပြီးပေးဖို့လည်း အလုပ်သမားတွေဘက်က တောင်းဆိုထားပါတယ်။

ပြည်တွင်းက အလုပ်သမား တပ်ပေါင်းစုတွေကတော့ အလုပ်သမား အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ စစ်ကောင်စီကို ILO က အရေးယူနိုင်ဖို့ အစဉ်တစိုက် ကြိုးစားနေကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ILO ကတော့ တကမ္ဘာလုံးအနေနဲ့ အမှန်တကယ်ရရှိနိုင်တဲ့ အခကြေးငွေနှုန်းတွေ ကျဆင်းပြီး ဆင်းရဲနွမ်းပါးမှု များလာတယ်လို့ မေဒေးနေ့အတွက် ထုတ်ပြန်ခဲ့တာပါ။ မညီမျှမှုတွေက အရင်ကထက် ပိုများလာတယ်လို့ ILO ရဲ့ ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo က ဒီကြေညာချက်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG