သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားရေး လှုပ်ရှားမှုအဖွဲ့ NLD ဖွဲ့စည်းမည်


အလုပ်သမားရေး လှုပ်ရှားမှုအဖွဲ့ NLD ဖွဲ့စည်းမည်
အလုပ်သမားရေး လှုပ်ရှားမှုအဖွဲ့ NLD ဖွဲ့စည်းမည်

အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေ အပြည့်အ၀ ရရှိစေဖို့ ဆောင်ရွက်နိုင်မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် ဖွဲ့စည်းနိုင်ဖို့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပြင်ဆင်နေကြပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် မရှိခဲ့တာဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်တာကြောင့်လည်း အခုချိန်မှာ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် အနေနဲ့ အလုပ်သမား အရေးတွေကို ဘယ်လောက်အထိ ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အလုပ်သမားနေ့မှာပဲ မြန်မာအလုပ်သမားတွေအတွက် နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ်ကို ဖွဲ့စည်း တည်ထောင်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာပါတယ်။ ယာယီ ဗဟိုကော်မတီကို စတင်ဖွဲ့စည်းနိုင်ဖို့ မကြာခင်မှာပဲ ပြည်နယ်နဲ့ တိုင်းအသီးသီးက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပြီးတော့ ဒီ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာလည်း ပြည်နယ်၊ တိုင်း အဖွဲ့အစည်းတွေကို ထပ်မံ ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး ပေါ်ပေါက်လာရင်တော့ ပါတီနဲ့ ပေါင်းစည်းထားမှာ မဟုတ်ဘဲ အလုပ်သမားတွေရဲ့ အဖွဲ့အစည်းအဖြစ် သီးခြား ရပ်တည်မှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ကနေပြီးတော့ လက်ရှိ အစိုးရက နိုင်ငံတကာ အလုပ်သမား ပဋိညာဉ်တွေမှာ လက်မှတ်ထိုးပြီး ပြည်တွင်းမှာ ဥပဒေ ချမှတ်ထားတဲ့ အလုပ်သမားရေးရာ ရပိုင်ခွင့်တွေကို အကောင်အထည် ဖော်နိုင်ဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပါတီရဲ့ ဗဟိုကော်မတီ အဖွဲ့ဝင် အလုပ်သမားရေးရာအဖွဲ့ တာဝန်ခံ ဦးသန်းထွန်းက ပြောပါတယ်။

“အလုပ်သမား ဥပဒေတွေ ပြဋ္ဌာန်းခဲ့တယ်။ အလုပ်သမား ဥပဒေပေါင်းဆိုရင် မြန်မာပြည်မှာ ပြဋ္ဌာန်းထားတာ ၃၀ လောက်ရှိတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေက အရေးအကြီးဆုံးကတော့ လွတ်လပ်စွာ အလုပ်သမားများ ဖွဲ့စည်းနိုင်ခွင့်၊ ပြောဆိုနိုင်ခွင့်၊ ဆွေးနွေးနိုင်ခွင့်၊ နောက် Payment and Wages Act လုပ်ခကြေးငွေ ခံစားနိုင်ခွင့်၊ Leave and Holiday Act အဲဒါတွေ၊ ရပြီးသား အက်ဥပဒေတွေကို ပြန်ပြီးတော့ ရရှိဖို့အတွက် ဆောင်ရွက်မယ်လေ။”

မကြာခင်က ဖျက်သိမ်းလိုက်တဲ့ စစ်အစိုးရ လက်ထက်တုန်းကတော့ အလုပ်သမားတွေ အနေနဲ့ လွတ်လပ်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် မရခဲ့ဖူးပါဘူး။

ဒါပမဲ့ အခု အစိုးရသစ် သမ္မတ ဦးသိန်းစိန်ကတော့ နိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းကဏ္ဍ တိုးတက်အောင် လုပ်ဆောင်ပြီး အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖော်ထုတ်ပေးမယ်၊ အလုပ်သမားတွေ ဝင်ငွေတိုးရေး၊ အလုပ်ခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာရေးအတွက် ကြိုးစား လုပ်ဆောင်သွားမယ်လို့ မေလ ၁ ရက်နေ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်လိုတဲ့ အစိုးရသစ် လက်ထက်မှာ အခု ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ အစည်းအရုံးကို အောင်အောင်မြင်မြင် ဖွဲ့စည်းဖို့ အစိုးရအနေနဲ့ ကူညီပေးလိမ့်မယ်လို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။

လက်ရှိ မြန်မာအလုပ်သမားတွေ အနေနဲ့ကတော့ အလုပ်သမား ရပိုင်ခွင့်တွေ အပြည့်အ၀ မရရှိတာတွေ၊ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ရှိနေလို့ ဒီအခြေအနေကို ကြားဝင် ဖြေရှင်းနိုင်မယ့် အလုပ်သမားရေးရာ အဖွဲ့အစည်းကြီးတခု လိုအပ်တယ်လို့လည်း ဦးသန်းထွန်းက ပြောပါတယ်။

“အလုပ်သမား အဖွဲ့အစည်း ဖွဲ့ပိုင်ခွင့် မရှိဘူး။ အလုပ်ချိန်နဲ့ ပတ်သက်လို့ရှိရင်လည်း ခိုင်းသလောက် လုပ်ရတယ်၊ လုပ်ခကြေးငွေ ကျပြန်တော့လည်း သူတို့ပေးသလောက် ရတယ်။ ကမ္ဘာ့စံချိန်တို့၊ မြန်မာ့စံချိန်တို့ မရှိဘူး။ ကျန်းမာရေးတို့ ဘာတို့ ဆိုတာတွေကလည်း အများကြီးပဲ။ အဲဒါတွေနဲ့ ပတ်သက်လို့ ရရှိရေးအတွက် ပုဂ္ဂလိက အလုပ်ရှင်ဆိုရင် ပုဂ္ဂလိက အလုပ်ရှင် ပြောမယ်၊ အစိုးရက အလုပ်ရှင်ဆိုရင် အစိုးရကို ပြောရမှာပေါ့။”

မြန်မာအလုပ်သမားတွေမှာ အလုပ်ချိန် ပိုပြီး ခိုင်းစေခံရတာတွေ၊ လုပ်ခ လစာ အပြည့်အ၀ မရရှိတာတွေ၊ လူမှုရေးဆိုင်ရာ ထောက်ပံ့မှု မရရှိတာတွေအတွက် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာလည်း စက်မှုဇုန်တွေမှာ အလုပ်သမားတွေရဲ့ ဆန္ဒပြ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ကလည်း မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့မှာ မြန်မာအစိုးရက အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထားတာတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG