သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေဒေးနေ့ သမ္မတသဝဏ်လွှာနှင့် ရေနံချောင်း မေဒေးအခမ်းအနား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ မြန်မာအလုပ်သမားထု တရပ်လုံး အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိနိုင်ဖို့ တရားမျှတမှုအပေါ် အခြေခံတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သမ္မတဦးထင်ကျော်က မေလ ၁ရက်နေ့ မေဒေးနေ့မှာ အလုပ်သမားထုကို သဝဏ်လွှာပေးပို့ ပြောဆိုလိုက်ပါတယ်။ ရေနံမြေ အလုပ်သမားကြီးတွေ အလုပ်သမားအခွင့်အရေး တိုက်ပွဲဝင်ခဲ့ရာ ရေနံချောင်းမြို့မှာလည်း အလုပ်သမား နေ့ အခမ်းအနားကို အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအဖွဲ့ပေါင်းစုံက စုပေါင်း ကျင်းပပြီး အလုပ်သမားထုအရေး ဆွေးနွေး ဖလှယ်ခဲ့ကြပါတယ်။ အကြောင်းစုံ မဆုမွန် စုစည်းတင်ဆက်ထားပါတယ်။

ဒီကနေ့ဟာဖြင့် မေဒေးနေ့လို့ သိကြတဲ့ ၁၂၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ်က အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုမြို့မှာ အလုပ်သမားတွေက အလုပ်ချိန် အဆမတန် များလွန်းတာကို ကန့်ကွက် ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အလုပ်သမားနေ့ ကို သတ်မှတ်ခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း ပထမဆုံး ကျရောက်တဲ့ မေဒေးနေ့လည်းဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ အလုပ်သမားကြီးများနဲ့ လက်တွဲပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမှာဖြစ်သလို အလုပ်သမားတွေ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိရေး၊ အလုပ်သမား အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ခိုင်မာ တဲ့အလုပ်သမားဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆက်ဆံရေးကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းတဲ့ လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး ဆောင်ရွက်သွားမယ်လို့ မေဒေးနေ့အထိမ်းအမှတ် သမ္မတဦးထင်ကျော် ပေးပို့တဲ့ သဝဏ်လွှာထဲ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ပြည်ပရောက်မြန်မာအလုပ်သမားတွေအတွက်ကိုလည်း သူတို့သွားရောက်ပြီးတော့ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေက အလုပ်သမားဥပဒေအတိုင်း အလုပ်သမားအခွင့်အရေး အပြည့်အဝ ရပိုင်ခွင့်ရှိရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်နိုင်ရေး ဆောင်ရွက်သွားမယ် ဆိုတာကိုလည်း သမ္မတဦးထင်ကျော်ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

အခု အစိုးရသစ် လက်ထက်မှာ အလုပ်သမားအခွင့်အရေး ဒီ့ထက်ပိုပြီး တရားမျှတစွာ ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း အလုပ်သမားအရေး ဥပဒေပိုင်းအရ အကြံပေးကူညီနေသူ အလုပ်သမားရေးကျွမ်းကျင်သူ ဦးအောင်လင်းက ပြောပါတယ်။

“လက်တလောအခြေအနေကတော့ လုပ်ခလစာကိစ္စပေါ့နော်။ ဒီအနည်းဆုံးကြေးငွေသတ်မှတ်ထားတဲ့ကိစ္စကိုလည်း ကျနော်တို့ပြင်ရမှာပေါ့နော်။ ဒါလက်တလောလုပ်ရမယ့်ကိစ္စ။ ရေရှည်အတွက်ကိုတော့ ယခင်အစိုးရလက်ထက်မှာသွားခဲ့တဲ့ အလုပ်သမားရေးရာ policy ပေါ့နော် ။ ဒီအစိုးရသစ်လက်ထက်မှာ အလုပ်သမားဝန်ကြီးဌာန အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင်ဖွဲ့စည်းထားတဲ့ အမျိုးသားကော်မတီရဲ့ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့အစိုးရသက်တမ်း ၅ နှစ်မှာ အမျိုးသားကော်မတီဖွဲ့စည်းပုံနဲ့ ဒီအလုပ်သမားရေးရာ policy ပေါ့နော် ဒါကို ချမှတ် ပြီးတော့ လုပ်ဆောင်ခဲ့တဲ့အခါမှာ အောင်မြင်သင့်သလောက်မအောင်မြင်ခဲ့တဲ့ရလဒ်တွေပေါ့နော်၊ ဒါတွေကို ပြန်လည်သုံးသပ်ပြီးတော့ဒီ အမျိုးသားကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းစေချင်ပါတယ်။”

ရေနံချောင်းမြို့မှာ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအဖွဲ့ပေါင်းစုံက ဦးစီးပြီး မေဒေးနေ့အခမ်းအနား ကျင်းပပြီးတော့ အလုပ်သမားအရေး ဆွေးနွေးကြပါတယ်။ အဲဒီဆွေးနွေးချက်တွေနဲ့ ပတ်သတ်ပြီး ဒီပွဲကို ကိုယ်တိုင် တက်ရောက်တဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ကိုနေဝင်းဦးကပြန်ပြောပြပါတယ်။

“ဒီနေ့ ရေနံချောင်းမှာကျင်းပတဲ့ မေဒေးဟာ ကျနော်ဖြတ်သန်းခဲ့တဲ့၊ ကျနော်တက်ရောက်ခဲ့တဲ့ မေဒေးနေ့တွေနဲ့ အလုပ်သမားနေ့တွေနဲ့စာလို့ရှိရင် အနှစ်အရသာပိုမိုပြည့်စုံတဲ့ပွဲလို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၁၃၀၀ ပြည့်ရေနံမြေ အလုပ်သမားသပိတ်ကိုလည်း ဒီနေရာမှာပဲစပြီးတော့ အကောင်အထည်ဖော်ခဲ့တယ်ပေါ့နော်။ ဒီနေ့ဟာ ကျနော်တို့အလုပ်သမားတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ ကိုယ်ပိုင်ခံစားချက်တွေကို ချပြပြီးတော့ ရင်ဖွင့်ရတဲ့နေ့ဖြစ်နေလို့ပါ။ သမ္မတကြီးကတော့ ပြောသွားတာပေါ့နော် သမ္မတကြီးပြောတဲ့အတိုင်းကို အကောင်အထည်မဖြစ်မနေဖော်ပေးမယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေအတွက်အခွင့်အရေးတွေပိုရလာမှာပေါ့။ အလုပ်သမားတွေ ရဲ့ လူနေမှုဘ၀ မြင့်မားတိုးတက်ရေးအချက်တွေကို အကောင်အထည် ဖော်ပေးနိုင်ရင်တော့ ပိုပြီးတော့ အဆင်ပြေမှာပေါ့ဗျာ။”

အစိုးရသစ်လက်ထက် ခိုင်မာတဲ့အလုပ်သမားဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေးအပါအဝင် အလုပ်သမားတွေ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးနဲ့ ပြည်တွင်း၊ ပြည်ပမှာ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိစေရေး လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ လူမှုဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ အလေးအနက်ထားဆောင်ရွက်ပေးဖို့ကိုလည်း အလုပ်သမားရေး ဆောင်ရွက်ပေးနေသူ ဦးအောင်လင်းက တိုက်တွန်းပါတယ်။


“အရင်အစိုးရလက်ထက်မှာတော့ ကျွမ်းကျင်အလုပ်သားစီမံကိန်းဆိုပြီးတော့ ပြည်ထောင်စုအဆင့်အနေနဲ့ သီးခြား ဘတ်ဂျက်ထားရှိခဲ့တာမတွေ့ဘူးပေါ့နော်။ အခုအစိုးရသစ်ပေါ့ ဒီပြည်သူ့အစိုးရသစ်လက်ထက်မှာတော့ ကျွမ်းကျင်အလုပ်သားမွေးထုတ်ရေးအစီအစဉ်မှာပြည်ထောင်စုအဆင့်ကို သီးခြား ဘတ်ဂျက်ထားရှိဖို့လိုအပ်ပြီလို့ ကျနော်တို့မြင်ပါတယ်။ ဒါမှ လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်မယ်။ ပမာဏများများ လေ့ကျင့်မွေးထုတ်နိုင်မယ်လို့ ကျနော်မြင်ပါတယ်ဗျ။”

ဒီကနေ့ မေဒေးနေ့ အခမ်းအနားတွေကိုတော့ ရေနံချောင်းမြို့၊ နေပြည်တော်၊ ရန်ကုန်နဲ့ မြန်မာနိုင်ငံတွင်း နေရာအနှံ့အပြားမှာ အခမ်းအနားတွေ ကျင်းပကြပါတယ်။

ဒီအတောအတွင်းမှာပဲ အလုပ်ထုတ်ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ပတ္တမြားစက်မှုဇုံ Myanmar Veneer Plywood Private Co ltd သစ်အချောထည်စက်ရုံက ဆန္ဒပြအလုပ်သမား ၁၀၀ ကျော်ဟာ နေပြည်တော်ကို ချီတက်နေကြတာမှာ ဒီကနေ့ညနေပိုင်းက တော့ ကျောက်ဆည်မြို့ အဝင်နားရောက်ပြီး စခန်းချ နားနေတယ်လို့ အလုပ်သမားခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါ တယ်။

ကျောက်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးက အလုပ်သမားတွေကိုလာတွေ့ပြီး ကျောက်ဆည်မြို့ကို ဆန္ဒပြ ဖြတ်သန်းမယ် ဆိုရင် ၇ ရက် ကြိုတင်ခွင့်တောင်းဖို့ပြောပြီး တားဆီးဖို့ ကြိုးစားပေမဲ့ အလုပ်သမားတွေကတော့ သူတို့မူလဦးတည်ချက်အတိုင်း ဆက်ပြီး ချီတက်ကြမယ်လို့ ပြောပါတယ်။

အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရပြီး နှစ်လကြာတဲ့အထိ အလုပ်သမားဝန်ကြီးဌာနနဲ့ အလုပ်ရှင်ဘက်က ညှိနှိုင်းဖြေရှင်းပေး တာမရှိတဲ့အတွက် သူတို့အခက်အခဲကိုဖြေရှင်းပေးရေး တင်ပြဖို့ နေပြည်တော်၊ သမ္မတရုံးကို ချီတက်နေကြတာလို့ဆိုပါ တယ်။ဒါဟာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့အစိုးရ တက်လာပြီးကတည်းကဆိုရင် ပထမဆုံး အလုပ်သမားဆန္ဒပြပွဲလည်းဖြစ်ပါတယ်။

အခုလိုမျိုး မကြာခဏ ဆန္ဒပြမှုတွေဖြစ်ပေါ်စေတဲ့ လုပ်အားခလစာ နဲ့အလုပ်ချိန်၊ အချိန်ပို သတ်မှတ်ရေး အလုပ်ရှင်-အလုပ်သမားကြား အငြင်းပွားမှုများကို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ အလုပ်ရှင်၊ အလုပ်သမား၊ တာဝန်ရှိသူတွေကြား သုံးပွင့်ဆိုင်စနစ်နဲ့ ညှိနှိုင်းဖြန်ဖြေဆုံးဖြတ်ပေးဖို့ကိုလည်း အလုပ်သမားထုဘက်က လိုလားနေတာဖြစ်ပါတယ်။

XS
SM
MD
LG