သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ရေး အလုပ်သမားနေ့ ဆန္ဒပြ


မြန်မာနိုင်ငံတွင်းမှာ ဒီကနေ့ ကျရောက်တဲ့ မေးဒေးနေ့ နိုင်ငံတကာအလုပ်သမားနေ့မှာ အလုပ်သမား အဖွဲ့အစည်းတွေက အခမ်းအနားတွေ ပြုလုပ်ခဲ့ကြသလို၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်အတွက် ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ကလုပ်တဲ့ မေဒေးနေ့ အခမ်းအနားမှာတော့ မြန်မာအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်သလို၊ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ကိုယ်စားလှယ်ကလည်း တက်ရောက် စကားပြောခဲ့ပါတယ်။ တချိန်တည်းမှာတော့ အလုပ်သမားရေးရာနဲ့ပတ်သက်လို့ လတ်တလော အရေးတကြီး အကြောင်းအရာဖြစ်နေတဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရတို့ ဆွေးနွေးညှိနှိုင်းနေကြတာပါ။ အလုပ်သမားတွေဘက်က တရက်လုပ်ခ ၃၀၀၀ ကနေ ၅၆၀၀ အထိ အနိမ့်ဆုံးရရှိဖို့ ညှိနှိုင်းလိုပေမဲ့ အထည်ချုပ်စက်ရုံလုပ်ငန်းရှင်တွေက တရက်လုပ်ခ ၁၅၀၀ ထက် ပိုပေးဖို့ကို ငြင်းဆိုထားပါတယ်။

ပုဂ္ဂလိက ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတဲ့ လုပ်သားတွေအနေနဲ့ အစိုးရဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလုပ်ခနဲ့ တန်းတူခံစားနိုင်ဖို့ မျှော်လင့်နေကြတာပါ။ ဒါကြောင့် အလုပ်သမားတွေအတွက် အနိမ့်ဆုံး သတ်မှတ်လုပ်ခလာစာ ကျပ် ၅၆၀၀ ရရှိရေးအတွက်ဆိုပြီး၊ အလုပ်သမားအချို့ကတော့ ဆန္ဒဖော်ထုတ်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတ်မှတ်ပေးထားတဲ့ တာမွေမြို့နယ် ကျိက္ကဆံဟစ်တိုင်မှာ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး ဘာအတွက် လိုအပ်နေသလဲ။ ဒီသတင်းကို ရန်ကုန်မြို့ကနေ ဗွီအိုအေသတင်းထောက် မေခ က ပေးပို့ထားပါတယ်။

Cutting, making and parking CMP လို့ အတိုကောက်ခေါ်တဲ့ ထုတ်လုပ်ရေးလုပ်ငန်းရှင်တွေက အနိမ့်ဆုံး သတ်မှတ်လုပ်ခလစာကို ကျပ် ၁၅၀၀ သာ ပေးနိုင်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုပြုထားပါတယ်။ ဒီအပေါ်မှာ အလုပ်သမားတယောက်အတွက် လောက်ငှမှုမရှိတာကြောင့် အခုလို ဆန္ဒပြတောင်းဆိုခဲ့တာပါ။ ဒီလို CMP လုပ်ငန်းရှင်တွေဘက်က အဆိုပြု တင်ပြထားတဲ့ အနိမ့်ဆုံး သတ်မှတ်လုပ်ခလစာသာ အတည်ဖြစ်ပါက အလုပ်ရှင်၊ အလုပ်သမားကြား ဆက်ဆံရေး ပိုမိုဆိုးရွားသွားနိုင်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က အလုပ်သမားခေါင်းဆောင် ကိုပြည့်ဖြိုးအောင်က အခုလို ပြောပါတယ်။

“အလုပ်သမားတော့ လိုအပ်ချက်တွေများတယ်။ များတဲ့အနေအထားပေါ်မှာ သူတို့အတွက် အခကြေးငွေ နည်းသွားလွန်းအားကြီးတယ် အခုလက်ရှိပေါ့နော်။ လုပ်ငန်းရှင်တွေပြောသလို ၁၅၀၀ မျိုး ဖြစ်သွားမယ်ဆိုရင်လည်း ဒီထက် ပိုမိုဆိုးရွားတဲ့ ဆက်ဆံရေး အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး အခြေအနေဖြစ်လာမယ်။ ဒီထက်ပိုပြီးများတဲ့ ၇၀၀၀, ၈၀၀၀ ဆိုတဲ့ အနေအထားမျိုး ဖြစ်လာမယ်ဆိုရင်လည်း ပြည်တွင်းလုပ်ငန်းရှင်ကတော့ အနည်းနဲ့အများ လိုလို ပျောက်သွားနိုင်တယ်ပေါ့နော်။”

အနိမ့်ဆုံး သတ်မှတ်လုပ်ခလစာ ပေးနိုင်ဖို့အတွက် အလုပ်သမားတွေရဲ့ ကုန်ကျငွေစာရင်းကို စစ်တမ်းကောက်ယူခဲ့သလို၊ အလုပ်ရှင်တွေရဲ့ ကုန်ကျငွေနဲ့ လုပ်ငန်းလည်ပတ်မှု ဝင်ငွေကိုလည်း စစ်တမ်းကောက်ယူစေချင်တယ်လို့ အလုပ်သမားခေါင်းဆောင် ကိုပြည့်ဖြိုးအေင် က အခုလို ပြောပါတယ်။ ဒီလိုကောက်ယူမှသာ အလုပ်ရှင်ဘက်က အမှန်တကယ် ပေးနိုင်တဲ့ နှုန်းထားကို တိကျစွာ ထွက်လာမယ်လို့ သူက အခုလို ပြောပါတယ်။

“ဘာလို့လဲဆိုတော့ ကျနော်တို့ အလုပ်သမားတွေဘက်က တောင်းတဲ့အနေအထားတခုသည် တကယ်လိုအပ်ချက်ရှိလို့ တောင်းတာ။ ဒါပေမဲ့ သူတို့ဘက်က ပေးနိုင်တယ်၊ မပေးနိုင်ဘူးဆိုတဲ့ အနေအထားတခုကျ ကျနော်တို့ သေချာ မသိရသေးဘူး။ သူတို့မှာ ကုန်ကျစရိတ်တွေများလို့၊ ဒါပေမဲ့ ကျနော်တို့က တကယ်စစ်တမ်းကောက်ပေး၊ ကျနော်တို့ အလုပ်သမားတွေကို နိမ့်ဆုံးလုပ်ခလစာအတွက်ကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ဆိုပြီးတော့ ၃ ဦး၊ ၃ ဖလှယ်၊ ၃ ပွင့်ဆိုင် ပါဝင်တဲ့ စစ်တမ်းကောက်တဲ့ဟာမျိုးလုပ်သလို လုပ်ငန်းရှင်တွေရဲ့ ကုန်ကျစရိတ်ကိုလည်း အဲလိုမျိုး စစ်တမ်းကောက်ပေး။ ဒါဆိုလို့ရှိရင် သူတို့တကယ်ကုန်ကျနေတဲ့ဟာနဲ့ ကျနော်တို့ အလုပ်သမားတွေ တောင်းတဲ့ဟာနဲ့ ပေးနိုင်လား၊ မပေးနိုင်ဘူးလားဆိုတာ တကယ် ထိပ်တိုက် အဲဒီအချိန်ကျရင် ချိန်ထိုးပြီးတော့ တောင်းချင်တယ်။ အလုပ်သမားဘက်က တောင်းတာနည်းတယ်၊ သူတို့ဘက်က ပေးနိုင်လျက်သားနဲ့ မပေးဘူးဆိုရင်တော့ ကျနော်တို့က တိုးတောင်းဖို့ အနေအထားပေါ့နော်။ တကယ် မပေးနိုင်ဘူးဆိုတဲ့ အနေအထားမျိုးဆိုရင်လည်း အလုပ်သမားတွေနဲ့ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ငါတို့ ဘယ်လို ဘယ်အနေအထားကို ပြန်တောင်းဆိုမယ်၊ လုပ်ငန်းတွေ ပြေလည်ပြီး၊ အနေအထားတခု ဘယ်အနေအထားလောက်ကို ရောက်လာလို့ရှိရင် ငါတို့အလုပ်သမားတွေရဲ့ ခံစားခွင့် ဘယ်လိုပေးမလဲဆိုတာမျိုးတွေနဲ့ ဒါမျိုးတော့ ကျနော် လုပ်ချင်တယ်ပေါ့နော်။”

CMP လုပ်ငန်းရှင်တဦးကတော့ အနိမ့်ဆုံး သတ်မှတ်လုပ်ခလစာကို ၁၅၀၀ ကျပ် သတ်မှတ်ပေးထားတာက အနိမ့်ဆုံး အခြေခံတခုသာဖြစ်ကြောင်း၊ လုပ်သားတဦးအနေနဲ့ ရှားပါးစရိတ်၊ ထောက်ပံကြေး စတာတွေပါ အလုပ်ရှင်ဘက်က ထပ်ဆောင်းပေးထားတဲ့အတွက် အခြေခံလုပ်သား တဦးအနေနဲ့ အနိမ့်ဆုံး လုပ်ခလစာ ၁ သိန်းနီးပါးရကြောင်း အခုလို ပြောပါတယ်။

“အမတို့က တကယ့် ၁၅၀၀ ဆိုတာ အခြေခံဆိုတဲ့ဟာလေးကို တကွက်အနေနဲ့ ထားထားပြီးတော့ ကျန်တဲ့ဟာက ဒီလစာ payroll မှာ ကျန်တဲ့အကွက်တွေ အများကြီး ရှိတယ်ပေါ့နော်။ အဲဒါမျိုးနဲ့ တကယ်တမ်း ပေါင်းလိုက်လို့ရှိရင် အလုပ်သမားတယောက်က အနည်းဆုံးတော့ ၉ သောင်းနဲ့ ၁ သိန်းဝန်းကျင် ရကြတာချည်းပဲ။ ၁၅၀၀ ဆိုတဲ့ အလုပ်သမားက ဘာမှမသိ နားမလည်သေးတဲ့ လူတွေရဲ့ အခြေခံလောက်ကို ၁၅၀၀ ဖြစ်တာပါ။ အမတို့က production ကို လုပ်တယ်ဆိုပေမဲ့လို့ ထွက်လာတဲ့ product တိုင်းက export ဖြစ်မယ်ဆိုရင် ဝင်ငွေဖြစ်မှာပေါ့နော်။ ကျွမ်းကျင်လုပ်သားတွေနဲ့ တကယ် product ကောင်းကောင်း၊ ကွာလတီကောင်းကောင်းကို အမတို့က ရပြီးတော့ export ပို့နိုင်မှပဲ အမတို့အတွက်က ဝင်ငွေရမှာမို့လို့ အဲလို ဝင်ငွေရမှပဲ အမတို့က ဒီဘက်မှာ လစာပေးတာတွေကအစ ကျန်တဲ့ကုန်ကျစရိတ် အကုန်လုံး အမတို့က ကာဘာဖြစ်မှာ။ အဲလိုမဖြစ်ဘဲနဲ့ product တော့ ထုတ်တယ်။ ဒါပေမဲ့လို့ export မဖြစ်ခဲ့ဘူးဆိုရင် အမတို့က ဒီရဲ့ ကုန်ကျစရိတ် အကုန်လုံးကို စိုက်ရမယ်။”

အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့မှ လှုပ်ရှားသူ မအိရွှေစင်ကတော့ အနိမ့်ဆုံး သတ်မှတ်လုပ်ခလစာ မသတ်မှတ်နိုင်တဲ့အတွက် အလုပ်သမားတွေမှာ နစ်နာမှုတွေရှိနေကြောင်း၊ အနိမ့်ဆုံး သတ်မှတ်လုပ်ခလစာကို တိတိကျကျ အမြန်ဆုံး သတ်မှတ်ပေးစေချင်ကြောင်း၊ လက်ရှိ နှစ်ဘက်တောင်းဆိုနေတဲ့ ပမာဏတွေဟာ သင့်တင့်တဲ့ နှုန်းထား ပမာဏတွေ မဟုတ်သေးကြောင်း အခုလို ပြောဆိုလိုက်ပါတယ်။

“၁၅၀၀ တော့ မဖြစ်နိုင်ဘူး။ ၅၆၀၀ လည်း မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အခု ၃၅၀၀၊ ၄၀၀၀ နှုန်းဆိုတာက မဆိုးဘူး။ ဒီအနေအထားပေးမယ်ဆိုရင် သူက minimum wage ဖြစ်သွားမယ်။ လုပ်ငန်းကျွမ်းကျင်တဲ့ skill workers တွေက သူ့ဟာသူ တက်သွားမယ်။ ဒါကြောင့်မို့လို့ အလုပ်သမားတွေကလည်း မစိုးရိမ်၊ မကြောင့်ကြပါနဲ့။ ကိုယ်လိုချင်တဲ့ အပြည့်အ၀ မရခဲ့ရင်တောင်မှ သင့်တင့်တဲ့ အနေအထားရမယ်ဆိုရင် လက်ခံသင့်တယ်။ ၃၀၀၀ အထက် ၃၅၀၀၊ ၄၀၀၀ အဲလောက် ပေးမယ်ဆိုရင် ကျမတို့ နည်းနည်းစဉ်းစားစေချင်တယ်။ အလုပ်သမားတွေကိုလည်း ကျမတို့ အကြံပေးတာပါ။ အဲလိုဝန်းကျင်မှာ ပေးမယ်ဆိုရင် ဒါဟာ minimum ဖြစ်တယ် အလုပ်ရှင်ရောပေါ့နော်။”

နိုင်ငံတော်သမ္မတကလည်း ဒီကနေ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ အလုပ်သမားများနဲ့ အလုပ်ရှင်များ နှစ်ဦးနှစ်ဘက် သဘောတူညီပြီး လက်တွေ့ လိုက်နာကျင့်သုံးနိုင်မယ့် နှုန်းထားကို အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ၃ ဦး ၃ ဖလှယ် အပြုသဘောဆောင် သတ်မှတ်ပေးဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။ အစိုးရဘက်ကတော့ ဒီမေလကုန်မှာ အနိမ့်ဆုံး သတ်မှတ်လုပ်ခလစာကို သတ်မှတ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်တွေ့မှာတော့ အနိမ့်ဆုံး သတ်မှတ်လုပ်ခလစာ သတ်မှတ်ဖို့က ခဲယဉ်းနေဆဲ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG