သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်တန်း အမေရိကန်တပ်မှူး မက်ခရစ္စတယ်လ် ရာထူးမှ နှုတ်ထွက်


အာဖဂန်နစ္စတန်က အမေရိကန် ထိပ်တန်း စစ်ဘက် ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်လ် (General Stanley McChrystal) ရဲ့ ရာထူးနှုတ်ထွက်လွှာကို သမ္မတ အိုဘားမားက လက်ခံလိုက်ပါပြီ။

လက်ရှိသမ္မတ အိုဘားမား အစိုးရအဖွဲ့ ခေါင်းဆောင်တွေကို ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်နဲ့ သူ့ရဲ့ လက်ထောက်တွေက လှောင်ပြောင်ပြောဆိုတာ အမေရိကန် မဂ္ဂဇင်းတစောင်မှာ ပါလာပြီးနောက် အခုလို ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်က နှုတ်ထွက်လွှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ် နေရာမှာ ဗိုလ်ချုပ်ကြီး ဒေးဗစ် ပီးထရက်စ် (General David Petraeus) ကို အမည်စာရင်း တင်သွင်းထားတယ်လို့ သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

အာဖဂန်စစ်ပွဲ စစ်ဆင်ရေး အရှိန်အဟုန်တွေကို ဆက်ပြီး ထိန်းထားနိုင်ဖို့ ဗိုလ်ချုပ်ကြီး ပီးထရက်စ်ကို ဒီနေရာမှာ ခန့်အပ်ဖို့အတွက် အမည်တင်သွင်းတာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ခရစ္စတယ်လ် နေရာမှာ ဗိုလ်ချုပ်ကြီး ပီးထရက်စ်ကို ခန့်အပ်ဖို့ အထက်လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ သူ့ကို အမြန် အတည်ပြုပေးဖို့လည်း သမ္မတက လွှတ်တော်ကို ပန်ကြားထားပါတယ်။

ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်ရဲ့ နှုတ်ထွက်လွှာကို လေးလေးနက်နက်နဲ့ ဝမ်းနည်းစွာ လက်ခံခဲ့ရတာပါလို့ မစ္စတာ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု၊ အမေရိကန် စစ်တပ်နဲ့ အာဖဂန်မှာရှိတဲ့ အမေရိကန် စစ်ဆင်ရေးတွေအတွက် ထည့်တွက် စဉ်းစားရတဲ့ကိစ္စ ဖြစ်တယ်လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်း သမ္မတ အိမ်ဖြူတော်မှာ ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်နဲ့ တွေ့ဆုံ စကားပြောပြီးနောက် သမ္မတ အိုဘားမားက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

Rolling Stone မဂ္ဂဇင်း ဆောင်းပါးတခုမှာ ပါလာတဲ့ မှတ်ချက်တွေအတွက် ဖြေရှင်းဖို့ဆိုပြီး ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်ကို ဝါရှင်တန်ကို ဆင့်ခေါ်ခဲ့ပါတယ်။ အဲဒီဆောင်းပါးထဲမှာတော့ ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်နဲ့ သူ့ရဲ့ လက်ထောက်တွေဟာ ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden)၊ အမျိုးသားလုံခြုံရေး အကြံပေး ဂျိမ်းစ်ဂျုန်းစ် (James Jones)၊ အာဖဂန်နစ္စတန်က အမေရိကန် သံအမတ်ကြီး ကားလ် အီကန်ဘယ်ရီ (Karl Eikenberry) နဲ့ အခြားသူတွေကို လှောင်ပြောင် ပြောထားပါတယ်။

ဒီ့နောက် အမေရိကန်မှာရှိတဲ့ အမေရိကန် စစ်ဆင်ရေးတွေ အောင်မြင်စေလိုတဲ့ ဆန္ဒကြောင့် သူဟာ ရာထူးကနေ နှုတ်ထွက်မယ်ဆိုပြီး ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်က နောက်ပိုင်းမှာ ကြေညာပါတယ်။ သူ့အနေနဲ့ သမ္မတရဲ့ အာဖဂန် မဟာဗျူဟာကို အပြည့်အ၀ ထောက်ခံကြောင်းနဲ့ ညွန့်ပေါင်းတပ်ဖွဲ့၊ နောက် အခြား လက်တွဲဖက် နိုင်ငံတွေနဲ့ အာဖဂန်ပြည်သူတွေ အပေါ်မှာလည်း အလေးအနက် ရှိပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG