သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများပြည်သူလမ်း MEC သံဆူးကြိုးကာမှု မြို့ခံတွေဆန္ဒပြ


ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်အပိုင် အလုံမြို့နယ်ရဲ့ တဘက်ကမ်း သစ်တောဝင်း မေဒေးကမ်းနားမှာရှိတဲ့ သမ္ဗာန်ဆိပ်ကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက စီမံကိန်းတွေ လုပ်နေတဲ့အတွက် အဲဒီသမ္ဗာန်ဆိပ် သွားတဲ့လမ်းကို ပိတ်ဆို့လိုက်တာပါတယ်။

ဒီလိုပိတ်ဆို့ သံဆူးကြိုး ခတ်လိုက်တဲ့အတွက် ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်နဲ့ ရွာ ၈ ရွာခန့်က ဒေသခံတွေ၊ ကျောင်းသားကျောင်းသူတွေ ဆန္ဒပြနေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်အပိုင် အလုံမြို့နယ်ရဲ့တဘက်ကမ်းမှာရှိတဲ့ အများပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေ သွားလတာနေတဲ့ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်နဲ့နီးတဲ့ သမ္ဗာန်ဆိပ် သွားရာလမ်းကို မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) ကနေ စီမံကိန်းလုပ်နေတဲ့အတွက် ပိတ်ဆို့လိုက်တာပါ။ ဒါဟာ ပြည်သူအများ သွားလာနေတဲ့ လမ်းဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ မေတ္တာရပ်ခံ တောင်းဆိုတာကြောင့် အဲဒီလမ်းကနေ ပြည်သူတွေ ကျောင်းသားတွေ သွားလာခွင့်ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က သမ္ဗာန်ဆိပ်လမ်းအဖြစ် သတ်မှတ်ပေးဖို့အတွက် မြန်မာဆိပ်ကမ်း အာဏာပိုင်တွေကို မေလကတည်းက အကြောင်းကြားစာ ပို့ထားပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၃ ရက်ကစပြီး အဲဒီလမ်းကို ပိတ်ဆို့ပြီး သံဆူးကြိုးတွေ ကာလိုက်တဲ့အတွက် အလုံမြို့နယ်ထဲကို ကျောင်းသွားတက်မယ့် ကျောင်းသားတွေနဲ့ တဘက်ကမ်းမှာ အလုပ်လုပ်ကိုင် စားသောက်နေကြသူတွေအတွက် အခက်အခဲတွေ ဖြစ်သွားရပါတယ်။ ဒီအတွက် ဆန္ဒပြတာ ၃ ရက်ရှိပြီဖြစ်ကြောင်း ပြည်သူတဦးက ပြောပြပါတယ်။

“အခု MEC ကနေပြီးတော့ အဲ့ဒီလမ်းကို သံဆူးကြိုးကြီး ကာပစ်လိုက်တော့ ကျောင်းသား မိဘ ပြည်သူလူထုတွေ၊ အလုပ်သွားတဲ့သူတွေ၊ ကျောင်းသွားတဲ့သူတွေက အကုန်လုံး ဘယ်လမ်းကမှ သွားလို့မရတော့ဘူး။ လူသွားလမ်း ချထားပေးပြီးသား လမ်းကို သူတို့က ပိတ်ထားတယ်။ သူတို့က စီမံကိန်းလုပ်တယ်ဆိုပြီးတော့ မနက်ဖြန်ကျရင် သူတို့က ဒီနေရာကို လုံး၀ ပိတ်ပစ်လိုက်တော့မှာ။ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်ရယ်၊ ရပ်ဝိုင်းကြီး ရပ်ဝိုင်းလေး အဲ့ဒီရွာတွေ ၈ ရွာလောက်ရှိတယ် အားလုံးပေါင်း။ ကျနော်တို့က ကျောင်းသားအနေနဲ့ ဆန္ဒထိုင်ပြတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိသွားပြီ။ ကျောင်းသား ၁၀၀ ကျော်လောက်ရယ်၊ မိဘပြည်သူလူထုရယ်၊ ယဉ်ယဉ်လုပ်သားပြည်သူရယ်ဆိုရင် အားလုံးပေါင်း ၃၀၀ လောက်တော့ရှိတယ်။ အဓိကက ဝန်ကြီးချုပ် ချပေးတဲ့လမ်းကိုပဲ ကျနော်တို့က ပြန်ယူချင်တာ။”

အလုံမြို့နယ် အထက ၇ ကျောင်းမှာ တက်နေတဲ့ ၁၀ တန်း ကျောင်သားတဦးကတော့ သူတို့ ကျောင်းမတက်ရတာ ၃ ရက်ရှိသွားပြီဖြစ်ကြောင်းနဲ့ ဒီလမ်းက ပိတ်လိုက်တဲ့အတွက် အခက်အခဲ ရှိတာတွေကို ပြောပြပါတယ်။

“ကျနော်တို့ ဒီဘက်ကဆိုတော့ ကျောင်းကိုလာရတာလည်း နီးတော့ အန္တရာယ်လည်း မရှိဘူးခင်ဗျ။ ဒီ့ပြင်ဘက်ကနေ သွားမယ်ဆိုရင် လမ်းခရီးက တော်တော်လေးကို ဝေးတာခင်ဗျ။ လမ်းစရိတ်အနေနဲ့ကလည်း ကျနော်တို့ရဲ့မိဘတွေက မတတ်နိုင်ဘူးခင်ဗျ။”

ပြီးခဲ့တဲ့မေလတုန်းကတော့ အဲဒီနေရာက ဒေသခံပြည်သူတွေ၊ ကျောင်းသားတွေက တင်ပြလာတဲ့အတွက် သမ္ဗာန်ဆိပ်လမ်းမြေကို ပြင်ဆင်သတ်မှတ်ပေးဖို့ ဆိပ်ကမ်းအာဏာပိုင်တွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က အကြောင်းကြားခဲ့တာပါ။ အဲဒီနေရာမှာ မြန်မာစီးပွာရေးကော်ပိုရေးရှင်း (MEC) က တည်ဆောက်နေတဲ့ နောင်တုံစီမံကိန်းနဲ့ အာရုဏ်ဦးကုမ္ပဏီက တည်ဆောက်နေတဲ့ ဆိပ်ခံတံတားကြားမှာ တည်ရှိနေတဲ့အကြောင်းကို လေ့လာတွေ့ရှိတဲ့အတွက် အာရုံဦးကုမ္ပဏီက တည်ဆောက်နေတဲ့ ကွန်ကရစ်လမ်းနဲ့နီးကြောင်း ရေးသားထားပါတယ်။

ဒီအတွက် သမ္ဗာန်ဆိပ်ကို အဲဒီ လူသွားလမ်းတွေနဲ့ နီးကပ်နေရာကို ရွှေ့ပြောင်းဆိုက်ကပ်ဖို့ ခွင့်ပြုကြောင်း ဝန်ကြီးချုပ်ကိုယ်စား ညွှန်ကြားရေးမှူးက လက်မှတ်ရေးထိုး အကြောင်းကြားစာ ပို့ခဲ့ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ အရင်တုန်းကတော့ ခွင့်ပြုခဲ့တာမှန်ပေမဲ့ အခုတော့ ခွင့်ပြုလို့ မရတော့ဘူးလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော် က ဆိုပါတယ်။

“ဟိုးအရင်တုန်းကတော့ ခွင့်ပြုခဲ့တာမှန်တယ်။ အခုဟာက ကမ်းနားတလျှောက် ဖွံ့ဖြိုးရေးစီမံကိန်းတွေ ရှိတယ်။ ရှိတဲ့အခါကျတော့ ပိုပြီးကောင်းမယ့်နေရာကို လုပ်ပေးလိုက်တာ။ ဦးမြငါးစင်ဘက်က လာတဲ့သူတွေအတွက်ကတော့ နည်းနည်း ဝေးတော့ ဝေးသွားတာပေါ့လေ။ ဝေးပေမဲ့လည်း ဒီလိုပဲ အဆင်ပြေအောင်လို့ ဆိုပြီးတော့မှ ရေဆိပ်လှေကားတွေ၊ သွားတဲ့နေရာမှာ ကွန်ဂရစ်လမ်းလေးတွေ ခင်းပေးတာတို့၊ နောက် ရေဆိပ်ကတက်လို့ရှိရင် နားနေဖို့အတွက် အဆောင်လေးတွေ သပ်သပ်ရပ်ရပ် ဆောက်ပေးတာတို့၊ အဲ့ဒါလေးတွေလည်း စီစဉ်ပေးထားတယ်။”

ဒေသခံလူထုတွေကတော့ သူတို့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားတာကြောင့် ဖြေရှင်းပေးနိုင်မယ့် အခြေအနေကို မျှော်လင့်နေကြပါတယ်။ အဲဒီနေရာမှာ သမ္ဗာန်မောင်းပြီး အသက်မွေးဝမ်းကျောင်းနေတဲ့လူတွေ တဘက်ကမ်းကိုသွားပြီး အလုပ်လုပ်နေရသူတွေ ရွာ ၈ ရွာလောက်က ကျောင်းသွားတက်နေကြတဲ့ မူလတန်းကနေ အထက်တန်းအဆင့်ထိရှိတဲ့ ကျောင်းသူကျောင်းသားလေးတွေအနေနဲ့ ကျောင်းမတက်နိုင်တာ အလုပ်မလုပ်နိုင်တွေ ကြုံနေရပါတယ်။

လက်ရှိမှာတော့ သူတို့ကို အာဏာပိုင်တွေဘက်က ဆွေးနွေးတာတွေ မရှိသေးတဲ့အတွက် မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ အဲဒီသံဆူးကြိုး ခတ်ထားတဲ့ သမ္ဗာန်ဆိပ်နားမှာ လာရောက်ပြီး ၃ ရက်မြောက်နေ့အဖြစ် စုဝေးဆန္ဒပြနေကြပါတယ်။

XS
SM
MD
LG