သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအကြို သတင်းလွတ်လပ်ခွင့် AI စိုးရိမ်


ကျင်းပမယ်လို့ ပြောဆိုထားတဲ့ မြန်မာ့ရွေးကောက်ပွဲ နီးကပ်လာချိန်မှာပဲ သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို အစိုးရက တရားစွဲဆိုမှုတွေ၊ ထောင်ချတာတွေလိုမျိုး ခြိမ်းခြောက်မှုတွေ ပိုပြီး တိုးလာနေတယ်လို့ နိုင်ငံတကာ အခွင့်အရေးအဖွဲ့ကြီး Amnesty International က သတိပေး ပြောဆိုလိုက်ပါတယ်။

ဒီလို ဆောင်ရွက်ချက်တွေကြောင့် ပြည်တွင်းမီဒီယာတွေ စိုးရိမ်စိတ်ဖြစ်စေပြီး၊ လွတ်လပ်စွာ သတင်းရေးသား ဖော်ထုတ်မှုကို အတားအဆီး ဖြစ်စေတယ်လို့လည်း AI အဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။ ပွင့်လင်းလွတ်လပ်ခါစ မြန်မာ့မီဒီယာ အသိုင်းအဝိုင်းအတွင်း ဖမ်းဆီး ထောင်ချခံရမှုတွေကြောင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကို ဘယ်လောက် ရိုက်ခတ်မှု ရှိနေပါသလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။

မြန်မာအစိုးရဟာ နိုင်ငံရဲ့အရေးပါတဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာ သတင်းထောက်တွေနဲ့ သတင်းဌာန တွေကို ခြိမ်းခြောက်၊ အနှောင့်အယှက်ပေး၊ ထောင်ချ တာတွေ လုပ်ပြီး မီဒီယာကို တိုးပြီး ကန့်သတ် ကိုင်တွယ်လာခဲ့တယ်လို့ ဒီလ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံတကာ အခွင့်အရေး အဖွဲ့ကြီး Amnesty International က ပြောဆိုလိုက်ပါတယ်။ AI အဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှဆိုင်ရာ သုတေသန ဌာနမှူး Rupert Abbott က အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲမှာ သတင်းထောက်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ပြည်သူတွေ ရွေးကောက်တင်မြှောက်ရမယ့် အခြေအနေကို ပိုပြီး သိရှိနားလည်စေဖို့ သတင်းအချက်အလက်တွေ ပိုပြီး ရစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်းမှာ သတင်းထောက်တွေရဲ့ အခန်းကဏ္ဍနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က သိပ်ကို အရေးကြီးပါတယ်။”

ရွေးကောက်ပွဲ နီးကပ်လာချိန်မှာဘဲ ပြည်တွင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကတော့ တိုးလာနေတယ်လို့ ပြည်တွင်း မီဒီယာအသိုင်းအဝိုင်းကလည်း ပြောပါတယ်။ သတင်းရေးသား ဖော်ပြမှုကြောင့် ထောင်ချခံခဲ့ရတဲ့ မြန်မာပိုစ့်နဲ့ မြန်မာပိုစ့် ဂလိုဘယ်လ်ရဲ့ အယ်ဒီတာချုပ် ကိုသန်းထိုက်သူ ကတော့ လက်ရှိ ပြည်တွင်း မီဒီယာ လောက အခြေအနေကို အခုလို ပြောပါတယ်။

“မြန်မာသံတော်ဆင့် တုန်းကလည်း၊ အယ်ဒီတာချုပ် CEO ကစလို့ ဖြန့်ချိရေးဝန်ထမ်းအဆုံး ၁၁ ယောက်တိတိ တရားစွဲထားတယ်။ ပြီးတော့ Eleven ကိုလည်း စွဲထားတယ်။ စွဲထားတဲ့အပြင်ကိုမှ Eleven ကို စွဲထားတဲ့ အမှုအကြောင်းတွေ ရေးလို့ဆိုပြီးတော့မှ ထပ်စွဲတယ်လို့လည်း ကြားရတယ်။ အဲတော့ မီဒီယာကို တင်းတင်းကျပ်ကျပ်နဲ့ ရွေးကောက်ပွဲနီးတဲ့အချိန်မှာ လုပ်နေပြီလို့ပဲ ပြောရတော့မှာပေါ့။ ကျနော်တို့ကို ဖမ်းဆီးထောင်ချတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကျနော်တို့ကို ဖမ်းဆီးထောင်ချတာကတော့ ဒီတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်နဲ့ ဖြစ်ကြတယ်ဆိုပေမဲ့ အဲဒီမတိုင်ခင်ကတည်းကိုက ကျနော်တို့မှာ ဖိအားအမျိုးမျိုးနဲ့ ကြုံခဲ့ရပြီးလည်းဖြစ်တယ်။ ဥပမာ၊ ကျနော်တို့ ငှားရမ်းနေထိုင်လုပ်ကိုင်တဲ့ ရဲဝန်ထမ်း အဆောက်အအုံတွေကို အတင်းအကျပ် ဖျက်သိမ်းပြီးတော့မှ ချက်ခြင်း ဒီတပတ်အတွင်း ပြောင်းပေးဆိုတာမျိုးတွေ ဖိအားပေးတယ်။ ရဲချုပ် ကျော်ကျော်ထွန်းကိုယ်တိုင် အဲဒီအချိန်တုန်းက လာစစ်ပြီးတော့မှ ကျနော်တို့ကို အဆောက်အအုံဌာနကို ပြောင်းရွှေ့အောင်လို့ ဖိအား အတင်းအကျပ် ပေးတဲ့ဟာတွေ အများကြီးရှိတယ်ပေါ့နော်။ အဲဒါကတော့ အလံဇောက်ထိုးကိစ္စ ရေးတဲ့အကြောင်းအရာတွေ အဲဒါနဲ့ပတ်သက်ပြီးတော့မှ ဒီမှာတာဝန်ရှိတဲ့သူတွေ ဒါ တိုင်းပြည်ရာထူးကနေ နှုတ်ထွက်ဖို့တောင် သင့်တယ်ဆိုတဲ့ပုံစံမျိုး ရေးတဲ့အပေါ်မှာ အဲ့ဒါရဲ့နောက်ဆက်တွဲပေါ့ ကျနော်တို့အပေါ်မှာ အဲဒါမျိုး လုပ်ခဲ့ပါတယ်။”

ပြည်တွင်းမီဒီယာလောကဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး “စာပေကင်ပေတိုင်” လို့တောင် နာမည်ကြီးခဲ့တဲ့ အစိုးရရဲ့ စာပေစိစစ်ရေးအောက်မှာ ရုန်းကန်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရပ်သားအစိုးရ အပြောင်းမှာတော့ နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေခွင့်တွေ ပြန်ရပြီး၊ တစိတ်တပိုင်း လွတ်လပ်မှု ရှိလာခဲ့တာပါ။ ဒါပေမဲ့လည်း အစိုးရကို ဝေဖန်ထောက်ပြတဲ့ သတင်းတွေ ဖော်ပြမယ်ဆိုရင်တော့ အစိုးရဘက်က တရားစွဲဆိုမယ့် ထောင်ချမယ့် အရေးကို စိုးရိမ်နေကြရဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တို့နဲ့ တရားရင်ဆိုင်ရမယ့်အရေး စိုးရိမ်ချက်ကြောင့် Self-Censorship လို့ခေါ်တဲ့ ကိုယ့်ဘာသာ ဆင်ဆာတည်းဖြတ် ရေးသားလာကြရတယ်လို့လည်း AI အဖွဲ့ကြီးက Rupert Abbott က ပြောပါတယ်။

“သတင်းထောက်တွေဟာ ကိုယ့်ဘာသာ ဆင်ဆာဖြတ်လာကြပါတယ်။ တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းထောက်တချို့ ပြောတဲ့စကားကို တိုက်ရိုက်ပြန်ပြောရမယ်ဆိုရင်တော့ ပြဿနာ မတက်အောင် ကြည့်ရေးနေရတယ်ဆိုတာပါပဲ။ အချိန်မရွေး တရားစွဲခံရမယ့် အန္တရာယ်ကလည်း ရှိနေပါတယ်။ ဒါ့အပြင် တကယ်လို့များ နိုင်ငံရေးအခြေအနေ ပြောင်းသွားခဲ့ရင်လည်း သူတို့ အရင်က ရေးခဲ့သားခဲ့တာတွေကို ပြန်ပြောင်း ကောက်ယူပြီး အရေးယူခံရမယ့် အရေးကိုလည်း စိုးရိမ်နေကြတာပါ။”

မြန်မာနိုင်ငံက သတင်းထောက်တွေဟာ စစ်တပ်အကြောင်း၊ ဘာသာရေး အစွန်းရောက်မှုနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဘင်္ဂါလီတို့အရေး အပါအဝင် ရေးသား ဖော်ပြရင် ပြဿနာ တက်နိုင်တဲ့ အကြောင်းအရာတွေကို သိရှိနားလည်ထားကြတယ်လို့လည်း AI အဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှဆိုင်ရာ သုတေသနမှူးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက စစ်တပ်လက်ချက်နဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံခဲ့ရတာကိုလည်း AI အဖွဲ့ကြီးက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနီးလာချိန် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သတိရှိကြဖို့ တိုက်တွန်းနေပါတယ်။ ဒီအချိန်ကာလဟာ မြန်မာအစိုးရအနေနဲ့ ပေးထားတဲ့ကတိတွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်းရမယ့် အချိန်အခါကောင်းလည်း ဖြစ်တယ်လို့ AI အဖွဲ့ကြီးက ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲကိုတော့ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပပါမယ်လု့ိ အစိုးရက ကတိပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး။ ပါတီမှတ်ပုံတင်ရေး လုပ်ငန်းတွေ မပြီးသေးသလို၊ မဲစာရင်းပြုစုမှုမှာလည်း အမှားအယွင်း မစင်သေးတဲ့ အနေအထား ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG