စာနယ်ဇင်းကောင်စီ (ယာယီ) ကို မကြာမီပြောင်းလဲဖွဲ့စည်းဖို့စီစဉ်နေတဲ့ သတင်းမီဒီယာကောင်စီရွေးချယ်ရေးနဲ့ပတ်သက်ပြီး မြန်မာသတင်းသမားတွေအကြား အငြင်းပွားမှုတွေဖြစ်ပေါ်နေပါတယ်။ သတင်းမီဒီယာကောင်စီဝင်တွေ ရွေးချယ်မှုအတွက် နည်းဥပဒေမှာ ဖော်ပြထားတဲ့အချက်တွေနဲ့ ရွေးချယ်ရေးဆိုင်ရာ ကျင့်သုံးမယ့် လုပ်ထုံးလုပ်နည်းတွေအပေါ်မှာ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ရာမှာ Pen Myanmar အဖွဲ့က မနေ့က ကန့်ကွက်လိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းက မေခက သတင်းပေးပို့ထားပါတယ်။
သတင်းမီဒီယာ ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရွေးချယ်တင်မြှောက်ရေးအပေါ်လုပ်ဆောင်မှုတွေကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနရဲ့ သြဇာလွမ်းမိုးမှုတွေရှိနေတယ်လို့ Pen Myanmar အဖွဲ့က ဒီကနေ့ ကန့်ကွက်လိုက်ပါတယ်။Pen Myanmar အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာမ မသီတာ(စမ်းချောင်း) က ကန့်ကွက်ရတဲ့အကြောင်းရင်းကို ခုလိုပြောပါတယ်။
“သတင်းမီဒီယာဥပဒေထဲမှာကိုက သတင်းမီဒီယာကောင်စီနဲ့ပတ်သက်တဲ့အချက်အလက်တချို့ဟာ ဘယ်နည်းနဲ့မှလွတ်လပ်နိုင်တဲ့ အနေအထားမရှိတာကို စပြီး သတိထားမိတာပေါ့နော်။ အဲဒီအချိန်တုန်းကတည်းကလည်း သတင်းမီဒီယာဥပဒေနဲ့ပတ်သက်ပြီးတော့လည်း ကျမတို့ ပြောခဲ့တာရှိတယ်။ အခုကျတော့လည်း ဒီကောင်စီကို ပြန်ဖွဲ့စည်းတဲ့အချိန်မှာ အဲဒီ ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့အညီလုပ်တာလည်း အင်မတန်အားနည်းတာကို သွားတွေ့ရတယ်ပေါ့နော်။ အခုအချိန်အထိ အကြောင်းရင်းကတော့ အခု လတ်တလောရှိနေတဲ့ စာနယ်ဇင်း ကောင်စီယာယီကနေ နောင်တကယ်ဆက်ပြီး လုပ်တော့မယ့် စာနယ်ဇင်းကောင်စီ ပေါ်ထွက်လာသည့်တိုင်အောင် အဲဒီကောင်စီရဲ့ အမှီအခိုကင်းကင်း၊ လွတ်လပ်မှုရှိရှိ အလုပ်လုပ်နိုင်တဲ့အရိပ်အခြေကို မမြင်တဲ့အတွက်ကြောင့် ကန့်ကွက်တာပဲဖြစ်ပါတယ်။”
သတင်းမီဒီယာကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတခုဖြစ်တဲ့ Eleven Media ကလည်း ရွေးချယ်မှုအပေါ် ကန့်ကွက် ကြောင်း ကြေညာချက် တစောင်ထုတ်ပြန်ထားတယ်လို့ Eleven မီဒီယာ အယ်ဒီတာချုပ် ကိုဝေဖြိုးကပြောပါတယ်။ ကြေညာချက်မှာ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုမဖြစ်တဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) က သတင်း မီဒီယာဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ကြောင်း၊ ဒီအပြင် သတင်း မီဒီယာကောင်စီဥပဒေကို ရေးဆွဲပြဌာန်းပြီး ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနနဲ့အတူ ရွေးချယ်တင်မြှောက် ရေးအဖွဲ့ကို ခန့်ထားခဲ့ကြောင်း၊ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ခန့်ထားပြီး စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲတဲ့အခါမှာလည်း နည်းဥပဒေ၊ ဥပဒေတွေကိုကျော်လွန်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလို ဝေဖန်မှုတွေ ဖြစ်နေပေမယ့် စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာဂျာနယ်လစ်ကွန်ယက်ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးမြင့်ကျော်ကတော့ သူ့အမြင်ကို အခုလိုပြောပါတယ်။
“ဒါက ဘယ်လောက်ထိ မျှတလဲ၊ ဘယ်လောက်ထိလွတ်လပ်လဲဆိုတဲ့ဟာတော့ လက်ရှိအခြေအနေမှာတော့ လက်ရှိရောက်နေတဲ့ အနေအထားအရတော့ ဒီဟာ ဒီလောက် လုပ်နိုင်တာကတော့ ဒါ အကောင်းဆုံးလုပ်နိုင်တဲ့ဟာလို့ပဲ ကျနော်ထင်ပါတယ်။ တကယ်တန်း ဝေဖန်ပြောဆိုကြတဲ့လူတွေ တကယ်တန်းကျတော့ ဝင်အရွေးခံနိုင်…လည်းရှိတယ်။ တကယ်တန်းကျတော့ ကောင်စီကို အာဏာရှိတဲ့အဖွဲ့အစည်းလို့ယူဆပြီးတော့ လုပ်ပိုင်ခွင့်ရှိတဲ့အဖွဲ့အစည်းလို့ ယူဆပြီးတော့ ပြောနေတာ။ တကယ်တန်းကျတော့ ကိုယ်တိုင်ပါဝင်ပြီးလုပ်ဖို့ကလည်း ပိုအရေးကြီးတာပေါ့နော်။ အဲလို ဝင်လုပ်ကြည့်တဲ့အခါမှာ လက်ရှိ ရင်ဆိုင်နေရတဲ့အခက်အခဲတွေ၊ အခြေအနေတွေ နားလည်လာမယ်။ ဘာလဲဆိုတော့ ကျနော်တို့ သွားနေတဲ့ဟာက ဒီမိုကရေစီစံနှုန်းနဲ့ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံရေးကလည်း အဲဒီအဆင့်ကို မရောက်သေးဘူး။ အဲလိုပဲ မီဒီယာမှာလည်း အဲဒီအခြေအနေ မရောက်သေးဘူး။ တခါ တလေမှာ တခြားသော ဥရောပက ပေတံတို့၊ ဘာတို့နဲ့ လာတိုင်းရင်းတော့ ကွဲလွဲနေတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် အဲဒါ တွေက မီဒီယာတခုတည်းလည်းမဟုတ်ဘူး၊ စာနယ်ဇင်းကောင်စီတခုလည်းမဟုတ်ဘူး။ ကျနော်တို့နိုင်ငံကြီး ဖြစ်စဉ်တခုလုံးရောက်နေတဲ့အနေအထားပဲ။”
မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း သတင်းထောက်များအနေနဲ့ သတင်းမီဒီယာကောင်စီရွေးချယ်ရေးဆိုင်ရာ စည်းမျဉ်းအရ ဝင်ရောက်ရွေးချယ်ခံခွင့်မရှိတဲ့အပေါ်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီအပေါ်မှာ နိုင်ငံခြားသတင်းထောက်များ အသင်းဥက္ကဋ္ဌ ဦးအောင်လှထွန်းကတော့ ခုလိုပြောပါတယ်။
“….. သတင်းဌာနအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျနော်သိသလောက် တခြား အိမ်နီးချင်းနိုင်ငံတွေက စာနယ်ဇင်းကောင်စီတွေမှာလည်း နိုင်ငံခြားသတင်းဌာန- တစ်ဦးချင်း တစ်ယောက်ချင်းအနေနဲ့တော့ ပါဝင်တယ်။ နိုင်ငံခြားသတင်းဌာနမှာလုပ်နေတဲ့ နိုင်ငံသားတွေက တစ်ဦးချင်း တစ်ယောက်ချင်းအနေနဲ့ ပါဝင်ကြတာ တွေ့ရပါတယ်။ နိုင်ငံခြားသတင်းဌာနမှာလုပ်နေတဲ့ နိုင်ငံသားတွေဟာ ဝင်တာ တွေ့ရပါတယ်။ ပါပါတယ်။ အခု ကျနော်ကိုယ်တိုင်လည်း ….. press council မှာပါပါတယ်။ ကျနော်တို့ရေးဆွဲခဲ့တဲ့ ဥပဒေပေါ့။ ဒီ မီဒီယာလော ဟာ။ မပါလို့မရတာ မဟုတ်ပါဘူးခင်ဗျာ။ တစ်ဦးချင်း၊ တစ်ယောက်ချင်းအနေနဲ့ ဝင်ပြိုင်လို့ရပါတယ်ခင်ဗျ။ ဂျာနယ်လစ်တစ်ယောက် အနေနဲ့ပေါ့။”
သတင်းမီဒီယာကောင်စီဝင် ရွေးချယ်ရေးအဖွဲ့ကို သြဂုတ်လ ၃၁ ရက်နေ့က ဥက္ကဋ္ဌ ဦးမော်သန်း တာဝန်ယူပြီး အဖွဲ့ဝင် (၉) ဦးနဲ့ ဖွဲ့စည်းထား ပါတယ်။ သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင် ၂၉ ဦးနဲ့ဖွဲ့ မှာဖြစ်ပြီး ရွေးချယ်မယ့်ကောင်စီဝင် ၂၉ ဦးမှာ သတင်းမီဒီယာသမားများ ခေါင်းစဉ်နဲ့ ၁၄ ဦး၊ သတင်းအေဂျင်စီများမှ တစ်ဦး၊ စုစုပေါင်း သတင်းမီဒီယာနဲ့ ပတ်သက်ပြီး ၁၅ ဦးနေရာ သက်မှတ်ထားကြောင်း၊ ကျန် ၁၄ ဦးက နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးက အဆိုပြုမယ့်သုံးဦးအပါအဝင် အခြားနယ်ပယ်မှလည်း ပါဝင်ရွေးချယ်မှာဖြစ်ပါတယ်။
စာနယ်ဇင်းကောင်စီ ယာယီဟာ ၃ နှစ်တာကာလအတွင်းသတင်းမီဒီယာဥပဒေကို ရေးဆွဲနိုင်ခဲ့သလို သတင်းမီဒီယာ ကျင့်ဝတ် ၂၇ ချက် ကိုလည်း ရေးဆွဲခဲ့ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ၊ သတင်းရေးသားချင်းဆိုင်ရာကျင့်ဝတ်တွေကို အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ညှိနှိုင်းပြီး ပြီးခဲ့တဲ့လကပဲထုတ်ပြန်နိုင်ခဲ့ပါတယ်။ အစိုးရနဲ့မီဒီယာကြား၊ မီဒီယာအချင်းချင်းကြား ဖြစ်ပွားခဲ့တဲပဋိပက္ခတွေကို တရားရုံး မရောက်အောင် အမှုပေါင်း ၇၉ မှုကို စေ့စပ်ညှိနှိုင်းပေးနိုင်ခဲ့တယ်လို့ တာဝန်ခံတွေက ဆိုပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ကာလအတွင်းမှာစာနယ်ဇင်းကောင်စီ (ယာယီ) ဟာ သတင်းသမာတွေ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ သတင်းသမားတွေ ကို ဖမ်းဆီးအရေးယူတာ၊ တရားစွဲဆိုတာ၊ ထောင်ချခံနေရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရနဲ့သတင်းမီဒီယာကြားမှာ ဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေကို ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်ခြင်းမရှိဘူးလို့ သတင်းမီယာလောကမှာ ဝေဖန်ခံရမူတွေလည်း ရှိခဲ့ပါတယ်။
မကြာမီပြောင်းလဲဖွဲ့စည်းဖို့စီစဉ်နေတဲ့ သတင်းမီဒီယာကောင်စီမှာ ပါဝင်လိုတဲ့သတင်းသမားတွေအတွက် စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်းမှာ စာရင်းပေးသွင်းနိုင်မှာဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) က အသိပေးပြောဆိုခဲ့ပါတယ်။