သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာ သတင်းထောက်နှစ်ဦး ထောင်ဒဏ် ၇ နှစ် စီရင်ခံရမှု သတင်းမီဒီယာအဖွဲ့တွေ ရှုံ့ချ


ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုကျော်စိုးဦးနဲ့ကိုဝလုံး
ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုကျော်စိုးဦးနဲ့ကိုဝလုံး

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို တနင်္လာနေ့က တောင်ဒဏ် (၇) နှစ် ပြစ်ဒဏ် ချမှတ်လိုက်တာဟာ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နောက်ပြန်လှည့်သွားစေတဲ့ ဆုံးဖြတ်ချက်အဖြစ် ယူဆသူတွေ ရှိသလို၊ အစိုးရအနေနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို သူတို့ကိုယ်တိုင် ကန့်သတ်လိုက်တဲ့ လုပ်ရပ်အဖြစ် ရှုမြင် သူတွေလည်း ရှိပါတယ်။ ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ဒဏ် အပြစ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာ သတင်းမီဒီယာ လွတ်လပ်ခွင့်အဖွဲ့ကြီးတွေရဲ့ တုန့်ပြန် ပြောဆိုမှုတွေကို စုစည်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို သူတို့အပေါ် တင်ထားတဲ့ အစိုးရလျှို့ဝှက်ချက် များဥပဒေပုဒ်မ ၃(၁)(ဂ) နဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာလ ၃ ရက်၊ တနင်္လာနေ့မှာ ထောင်ဒဏ် (၇) နှစ်စီ ပြစ်ချ မှတ်လိုက်တာပါ။

ရိုက်တာ သတင်းဌာန အယ်ဒီတာချုပ် Stephen J. Adler

ရိုက်တာ သတင်းဌာနရဲ့ အယ်ဒီတာချုပ် Stephen J. Adler ကတော့ ဒီ ဆုံးဖြတ်ချက်ကို ပြစ်တင် ရှုတ်ချလိုက်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အမြန်ဆုံး ပြန်ပြင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

“တရားသူကြီးရဲ့ စီရင်ချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ နောက်ပြန်ဆုတ်တဲ့ အဓိက ခြေလှမ်းဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ဒါမှမဟုတ် လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ထင်ဟပ်ပေါ်လွင်ခြင်း မရှိပါဘူး။ အစီရင်ခံချက်ကို မြန်မာအစိုးရက အမှန်ဖြစ်အောင် အရေးပေါ် ပြန်ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။”

National Press Club နိုင်ငံခြား သတင်းထောက်များအဖွဲ့

အလားတူဘဲ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ အခြေစိုက် National Press Club နိုင်ငံခြား သတင်းထောက်များအဖွဲ့ကလည်း အခုလို ရိုက်တာ သတင်းထောက် ၂ ဦး ထောင်ဒဏ် ချမှတ်ခံရမှုကို ပြစ်တင် ရှုတ်ချလိုက်ပြီး သူတို့ ၂ ဦးကို ပြန်လွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ National Press Club ပြောခွင့်ရ Kathy Kaley က ပြောပါတယ်။

“ မတရားဖမ်းဆီး ထောင်ချခံရတဲ့ အတွေ့အကြုံဟာ ဘယ်လောက် တရားမျှတမှု မရှိသလဲဆိုတာကို အရပ်ဖက်အစိုးရရဲ့ အဆင့်မြင့်ဆုံး ခေါင်းဆောင်တဦး ကိုယ်တိုင်ကြုံတွေ့ ခံစားရပြီး ဖြစ်တယ်လို့ ကျမတို့ ယုံကြည်တဲ့အတိုင်း ဒီမတရားမှုကို တရားနည်းလမ်းကျအောင်လုပ်ပြီး သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ သူ့အနေနဲ့ အရေးယူ ဆောင်ရွက်သင့်ပါတယ်။ ဒီသတင်းထောက်နှစ်ဦးဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံခဲ့ရတယ်၊ သူတို့ လိုက်နေတဲ့ သတင်းတွေကိုလည်း အာဏာပိုင်တွေက ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ကနေ့ အမေရိကန်ပြည်ထောင်စုမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော အမေရိကန်သတင်းထောက်တွေအနေနဲ့ ဒီရိုက်တာသတင်းထောက်နှစ်ဦးတို့ရဲ့ သတင်းတွေကို တဆင့်ပြီး တဆင့် ဖြန့်ချိပေးနေပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ သတင်းသမဂ္ဂအဖွဲ့ဝင်တွေရဲ့ သတင်းတွေမှာ နိုင်ငံတဝှမ်းရှိ သတင်းထောက်တွေထံကိုလည်း ပေးပို့ပြီး ဖြန့်ချိထားပါတယ်။ သတင်းထောက်တွေကို ထောင်ချနိုင်ပေမယ့် သတင်းလွတ်လပ်ခွင့်ကိုတော့ နုတ်ပိတ်လို့ မရနိုင်ပါဘူး။”

ဒီနှစ်အတွက် National Press Club ရဲ့ နိုင်ငံတကာ John Aubuchon သတင်းလွတ်လပ်ခွင့်ဆုကို ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ကို ချီးမြင့်ခဲ့တာ ဖြစ်ပြီး သူတို့ကို ပြန်လွတ်ပေးခြင်းအားဖြင့် ဒီနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ကျင်းပမယ့် ဆုပေးပွဲ အခမ်းအနားကို တက်ရောက် ဆုလက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ အာရှနဲ့ ပစိဖိတ်ဌာ အကြီးအကဲ Daniel Bastard

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာ မရှိတဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် လမ်းဆုံးကို ရောက်သွားစေတဲ့ လုပ်ရပ်အဖြစ် ယူဆလို့ ရနိုင်ကြောင်း ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ အာရှနဲ့ ပစိဖိတ်ဌာ အကြီးအကဲ Daniel Bastard ကလည်း ပြောပါတယ်။

“တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ စစ်အာဏာရှင်အောက်မှာ ဖြတ်သန်းခဲ့ရတဲ့ ကာလကို ပြန်ပြောင်း အမှတ်ရစေတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီနေရာမှာ ပြဿနာရှိနေတာက တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ချီးမြင့်ခံထားရသူ တဦးဖြစ်တာနဲ့အညီ သူ့အနေနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ သတင်းထောက် ၂ ဦးဘက်က ခုခံ ကာကွယ် ပြောဆိုသင့်ပါလျှက်နဲ့ ဘာမှ မပြောခဲ့ဘူး။ ဒါကြောင့် မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် အင်မတန် စိတ်ပူစရာ ကောင်းပါတယ်။ တရားရုံးရဲ့ ဒီ ဆုံးဖြတ်ချက် ချပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဆုံးခန်း တိုင်သွားပြီလားလို့ ကျနော် စိုးရိမ်မိပါတယ်။”

CPJ ခေါ် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် CPJ ခေါ် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကလည်း မြန်မာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Steve Butler က ဗွီအိုအေကို ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ ရုံးတော်မှာ တင်ပြခဲ့တဲ့ အထောက်အထား တွေကလည်း ရှင်းနေပါတယ်။ တကယ်တော့ သူတို့ကို ကွင်းလုံးကျွတ် လွတ်ပေးလိုက်သင့်တာပါ။ မြန်မာစစ်တပ်က လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကို ဒီ သတင်းထောက် ၂ ယောက်က ရဲဝံ့ ပြောင်မြောက်စွာ ဖော်ထုတ်ခဲ့ကြတာပါ။ ဒါဟာ နိုင်ငံရေးအရ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတာ သိသာပါတယ်။ မြန်မာစစ်တပ်က ဘာတွေ လုပ်နေသလဲဆိုတာကို တခြား သတင်းထောက်တွေ အနေနဲ့ ဖော်ထုတ် ရေးသားခြင်း မပြုကြဖို့ သတိပေးလိုက်တဲ့ လုပ်ရပ်လဲ ဖြစ်ပါတယ်။”

သတင်းထောက် ၂ ဦးအပေါ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေဟာ ပြင်းထန်လွန်းကြောင်လည်း Steve Butler က ပြောပါတယ်။

BMA ခေါ် မြန်မာသတင်းသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်

လက်ရှိ အရပ်သားအစိုးရလက်ထက်က သတင်းလွတ်လပ်ခွင့် အခြေအနေဟာ အရပ်သားတပိုင်း၊ စစ်အစိုးရတပိုင်းလို့ ခေါ်ဆိုခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က အခြေအနေထက် ပိုဆိုးလာနေတာကို တွေ့ရတယ်လို့ BMA ခေါ် မြန်မာသတင်းသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကလည်း ပြောပါတယ်။

“ အခုဆိုရင် အရပ်သားအစိုးရလက်ထက်မှာရှိတဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ရှိခဲ့တဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေလောက်တောင်မှ မရှိတော့တာကို ကျနော်တို့တွေ့ရတယ်။ နောက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ထားခဲ့တဲ့ မျှော်လင့်ချက်ဟာ တဖြေးဖြေးနဲ့ မှေးမှိန်လာတာ တွေ့ရတယ်။ အထူးသဖြင့် ရခိုင်အရေးအခင်း ဖြစ်ပြီးတဲ့နောက် လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို အရပ်သားအစိုးရက ဘာမှမတတ်နိုင်ပဲနဲ့ လက်ပိုက်ကြည့်နေရတဲ့ အနေအထား။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို အရပ်သားအစိုးရ လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ့ သဘောရှိတယ်။”

ဒီမိုကရေစီစံနစ်ရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်ထားတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိန်းချုပ်ခြင်းဟာ လက်ရှိ အရပ်သားအစိုးရ အနေနဲ့ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို သူတို့ကိုယ်တိုင် ကန့်သတ်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဦးမောင်မောင်မြင့်က ပြောပါတယ်။

ရိုက်တာ သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို မြန်မာအစိုးရ တရားရုံးက အခုလို ပြစ်ဒဏ် (၇) နှစ်စီ ချမှတ် လိုက်တဲ့အပေါ် သတင်းထောက်တွေအခွင့်အရေးကို ကာကွယ်ပေးနေတဲ့ RSF နဲ့ CPJ လို အဖွဲ့အစည်းကြီးတွေ အပြင် ၊ World Association for News Papers and News Publishers (Wan-Infra) လို့ခေါ်တဲ့ ကမ္ဘာ့သတင်းစာများအဖွဲ့နဲ့ သတင်းစာ ထုတ်ဝေသူများ အဖွဲ့၊ World Editors’ Forum လို့ခေါ်တဲ့ ကမ္ဘာ့ အယ်ဒီတာများအဖွဲ့၊ Journalists Union ကမ္ဘာ့သတင်းထောက်များသမဂ္ဂတို့အပြင် Al-Jazeera သတင်းဌာနတို့ကလည်း ပြစ်တင် ရှုတ်ချကြောင်း မနေ့က ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG