သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့်ရှိရေး ပြည်မှာ ဆန္ဒပြတဲ့ သတင်းသမား တရားစွဲခံရ


ပြည်တွင်းသတင်းဂျာနယ်များ။
ပြည်တွင်းသတင်းဂျာနယ်များ။
ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို လွှတ်ပေးဖို့ ပဲခူးတိုင်း ပြည်မြို့ မှာ ခွင့်ပြုမိန့်မရဘဲ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၂၃ ခုနှစ် လုံခြုံရေး အက်ဥပဒေအရ သတင်းထောက်တွေကို ဌာနဆိုင်ရာတွေမှာ သတင်းရယူခွင့်မပြုဆိုတဲ့ အချက်ကို ပြင်ပြီးတော့ အစိုးရဌာနဆိုင်ရာရုံးတွေမှာ လွတ်လပ်စွာသတင်းရယူခွင့်ပြုဖို့ အတွက် ဒီနေ့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအတွက် ဆန္ဒပြမှုမှာ ခွင့်ပြုမိန့်တင်ခဲ့တဲ့ မဇ္ဈိမ သတင်းဌာနက သတင်းထောက် တယောက်ကိုလည်း အာဏာပိုင်တွေက ပုဒ်မ ၁၈နဲ့ အရေးယူခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်းအတွင်းက ရွှေတောင် အောင်လံ ပြည်က သတင်းထောက် ၁၀ဦးကျော်နဲ့ အတူ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဖမ်းဆီးခံ
သ တင်းထောက်များ ပြန်လွတ်ပေးရေးနဲ့ လွတ်လပ်စွာ သတင်းယူခွင့်ပေးဖို့အတွက် ပြည်မြိုမှာ ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြခဲ့ကြတာပါ။

အစိုးရရုံးတွေရှေ့မှာ ဆန္ဒပြခဲ့တာကိုတော့ ဧရာဝတီ သတင်းဌာနရဲ့သတင်းထောက် ကိုကောင်းမြတ်မင်း က အခုလိုပြောပါတယ်။

"စီတန်းလှည့်လည်ပြီး လမ်းလျှောက်တယ်ပေါ့နော်။ အဓိက ကျနော် တို့ပြတဲ့ နေရာတွေက ခရိုင်ရယ် မြို့ နယ်တရားရုံး ၂ခုရယ် ပြီးရင် ခရိုင် အုပ်ချုပ်ရေးမှုးရုံးရယ် မြို့ နယ်အုပ်ချုပ်ရေးမှုးရုံး ၂ခုကို ကျနော်တို့အဓိက ဆန္ဒပြတာပေါ့။ ဒီရုံးတွေမှာ သတင်းသွားယူတဲ့အခါမှာ ဒီလိုမျိုး မတရားတဲ့ ပုဒ်မတွေ တပ်ပြီးတော့ ပိုင်နက်ကျူ းလွန်မှု ပြီးလို့ရှိရင် နောက် ဝတ္တရားနှောက်ယှက်မှုနဲ့ တရားစွဲတာ ကျနော်တို့သတင်းထောက်တွေက ဒီပုဒ်မတွေနဲ့ အမြဲတမ်း အစွဲခံရမှာဖြစ်တယ်။

၁၉၂၃ခုနှစ် ဥပဒေ သူတို့ပြောတယ် ဒီ လတ်တလော သမ္မတ နဲ့ ပြန်ကြားရေးတို့ ထုတ်ပြန်ထားတဲ့ မီဒီယာတွေ ရုံးတွေမှာ လွတ်လပ်စွာ သတင်းရယူခွင့်ရှိတယ် ဆိုပြီးတော့ ဒီဥပဒေထဲမှာ ပါနေတယ်။ သူတို့ပြောနေတဲ့ အကြောင်းပြချက်တွေက ကျနော်တို့ အတွက်မခိုင်လုံတဲ့အတွက် ကျနော်တို့က ဒါကို အယူခံမဝင်ဘဲနဲ့ပေါ့နော် အယူခံဝင်ခွင့်တော့ပေးတယ်။

ဒါပေမယ့် ကျနော်တို့ အယူခံမဝင်တော့ဘူး။ သူတို့ပြောတဲ့ဟာကို လက်ခံပြီး ဆန္ဒမပြဘဲနေလိုက်မယ် ဆိုရင် ဘယ်တော့မှ ပြည်မြို့နယ်မှာ တရားရုံးတွေ မြို့နယ်ရုံးတွေမှာ ကျနော်တို့ သတင်းယူခွင့်က နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ နဲ့ ကျနော်တို့ သတင်းယူခွင့် ရမှာမဟုတ်ဘူး။ အဲဒီဟာကိုလည်း လက်မခံတဲ့အတွက် ကျနော်တို့ ပြတ်ပြတ်သားသား စာမတင်ဘဲ ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ကြတာ"

မဇ္ဈိမသတင်းဌာနက သတင်းထောက် ကိုရေခဲကိုတော့ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အာဏာပိုင်တွေက တရားစွဲဆိုထားတယ်ဆိုပြီး ကိုရေခဲ ကပြောပြပါတယ်။

"အခု ကျနော် ခရိုင်ကြေးနန်းမှာလည်း သွားယူထားတာက ပုဒ်မ ၁၈ နဲ့ တရားစွဲဖို့ စီစဉ်ဆောင်ရွက်နေပြီဆိုတာ ခရိုင်ကြေးနန်းကနေ ရထားတယ်ပေါ့နော်။ တရားရုံးမှာ လျှောက်လွှဲချက်ပေးရင်လည်း ကျနော်တို့လုပ်တဲ့ ဆန္ဒအရ ဖမ်းဆီးထားသော သတင်းထောက်များကို ပြန်လွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ သတင်းရယူခွင့်ရှိရေးအတွက်ပဲ ကျနော် တရားရုံးမှာ လျှောက်လွှဲချက်ပေးသွားမှာဖြစ်ပါတယ်"

ခွင်ပြုမိန့်တင်ခဲ့ပေမဲ့ အာဏာပိုင်တွေက သူတို့ရဲ့တောင်းဆိုချက် ၂ချက်ကြောင့် ငြင်းပယ်ခဲ့တယ်လို့လည်း ကိုကောင်းမြတ်မင်းက ဆက်ပြောပြပါတယ်။

"DVB သတင်းထောက် နဲ့ ယူနတီ က သတင်းထောက်တွေ လွတ်မြောက်ဖို့အတွက် တောင်းဆိုတဲ့အကြောင်းပေါ့နော်။ နံပါတ်တစ် စာတင်တယ်။ နံပါတ်နှစ်က ဘာလည်းဆိုရင် ကျနော်တို့ ဒီ ဌာနဆိုင်ရာရုံးတွေမှာ အများပြည်သူပိုင်တဲ့ရုံးတွေမှာ ကျနော်တို့ သတင်းသွားယူတဲ့အခါမှာ လွတ်လပ်စွာ သတင်းရယူခွင့် ရရှိဖို့အတွက် ကျနော်တို့တင်တယ်။

အဲဒီတင်တဲ့ဟာကို မြို့ နယ်ရဲတပ်ဖွဲ့မှူးက အကြောင်းပြန်တဲ့အခါမှာ သူက DVB သတင်းထောက် နဲ့ အခြားသတင်းထောက်တွေ ဖမ်းဆီးထားတာ တည်ဆဲဥပဒေအရပေါ့နော် ပြစ်မှုကျူ း လွန်တာ ထင်ရှားတဲ့အတွက် ဖမ်းထားတာဖြစ်တယ်။ ဌာနဆိုင်ရာတွေမှာ ရုံးတွေမှာ သတင်းယူခွင့်ကဘာလို့ မပေးတာလည်း ဆိုလို့ ရှိရင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လုံခြုံရေး ဥပဒေအရပေါ့နော် ဒီလိုမျိုး သတင်းယူခွင့်ကို တားမြစ်ခြင်းဖြစ်တယ်။ အဲဒီအတွက် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်မှာဆိုးလို့ ဆန္ဒပြမှုကို ဒီအကြောင်းပြချက်နဲ့ ငြင်းပယ်တယ်ဆိုပြီးတော့ ၂၂ရက်နေ့ညကနေ ငြင်းပယ်တဲ့အမိန့်စာလာပေးတယ်ပေါ့"

ပြည်မြိုနယ် ရဲတပ်ဖွဲမူးရုံးက ဒုရဲအုပ်ဇော်မင်းနိုင်ကို ဆက်သွယ်မေးကြည့်တဲ့အခါမှာတော့ ပုဒ်မ၁၈နဲ့ တရားစွဲဆိုထားကြောင်း ပြောပြပါတယ်။

"သူတို့ ကျနော်တို့ဆီမှာ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးမှာ သူတို့ စီတန်းလှည့်လည်ဖို့ ခွင့်ပြုချက် တင်တယ်လေ။ ခွင့်ပြုချက်တင်တော့ ကိုရေခဲ ဦးဆောင်ပြီးတင်တာပေါ့နော်။ သူ့ကိုတော့ ကျနော်တို့ ဒီက ရဲစခန်းကနေပြီးတော့ စီတမ်း၁၈နဲ့ဖွင့်ထားတယ်ခင်ဗျ"

Freedom House အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေတွေဟာ အရင်နှစ်တွေကထက်စာရင် သိသိသာသာ တိုးတက်လာခဲ့တယ်လို့ ဆိုထားပေမယ့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံ ရဝကျော် စာရင်းထဲမှာတော့ ပါဝင်နေသေးတာပါ။

ဒီနှစ်ထဲမှာတော့ အစိုးရ ဌာနဆိုင်ရာတွေနဲ့ပတ်သက်ပြိးသတင်းရယူခဲ့တဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေရှိနေတာမို့ သတင်းလွတ်လပ်ခွင့်တွေ အတွက် လုပ်ဆောင်နေတဲ့ CPJ အပါအဝင် RSF လိုခေါ်တဲ့ နယ်စီးမခြား သတင်းထောက်များအဖွဲကလည်း ကန့်ကွက်မူတွေရှိနေတာပါ။

ကမ္ဘာ့နိုင်ငံတွေရဲ့သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့်နေတဲ့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကတော့ ၂၀၁၄ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းကို ထုတ်ပြန်ခဲ့ရာမှာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ကို အသွင်ကူးပြောင်း လာတဲ့ မြန်မာနိုင်ငံဟာ အဆင့် ၁၄၅ မှာရှိတယ်လို့ သတ်မှတ်ထားပါတယ်။
XS
SM
MD
LG