သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သတင်းလွတ်လပ်ခွင့်အပေါ် မတူကွဲပြားအမြင်များ


မြန်မာသတင်းစာနဲ့ ဂျာနယ်အရောင်းဆိုင်တခု။
မြန်မာသတင်းစာနဲ့ ဂျာနယ်အရောင်းဆိုင်တခု။
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ ပိုပြီးတိုးတက်လာတယ်ဆိုတဲ့အပေါ် ပြည်တွင်း သတင်းမီဒီယာ လောကသားတွေထဲ သဘောတူသူရှိသလို မတူသူတွေလည်း ရှိနေပါတယ်။ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်အခြေအနေဟာ ပိုပြီးတိုးတက်လာတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကထုတ်ပြန်တဲ့ သတင်း လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာအပေါ် ပြည်တွင်း သတင်း မီဒီယာလောကက ဘယ်လိုတုံ့ပြန်ကြသလည်းဆိုတာကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ မလွတ်လပ်ဘူးလို့ ဆက်ပြီး ပြောထားသေးပေမဲ့ အခြေအနေတွေ သိသိသာသာ တိုးတက်လာတယ်ဆိုပြီး ၁၉၇ နိုင်ငံထဲ အဆင့် ၁၆၂ အထိ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ သတင်းမီဒီယာ လောကမှာ ဖြစ်ထွန်းတိုးတက်ခဲ့တဲ့ အခြေအနေတွေကိုထောက်ပြပြီး အခုလို အဆင့်တိုးမြှင့် သတ်မှတ်လိုက်တာလည်းဖြစ်ပါ တယ်။
စာနယ်ဇင်းတွေ ပွင့်လင်းသင့်သလောက် ပွင့်လင်းလာတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံပေမဲ့ သတင်းလွတ်လပ်ခွင့် တိုးတက်လာတယ်ဆိုတာကို သဘောမတူသူတစ်ဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ် ရဲ့ အကြံပေးပုဂ္ဂိုလ် ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

“ဒီနေ့ တိုင်းပြည်မှာဖြစ်နေတဲ့ဟာက သတင်းစာ ဆရာတွေကြားထဲမှာလည်း ထိန်းနေရတဲ့ self-censorship က ရှိတုန်းပဲလို့ ကျနော် ပြောချင်တယ်။ self-censorship ဆိုတာ သူတို့ကိုယ်သူတို့ ငါ ဒီဟာရေးလို့သင့်ပါ့မလား၊ ရေးလို့ဖြစ်ပါ့မလား၊ ရေးလို့ကောင်းပါ့မလား။ ရေးလို့တော်ပါ့မလား။ ရေးရင် ငါ့ကိုများ အပြစ်ကျနေမလား။ သို့မဟုတ် ငါ့ဂျာနယ်ကို ထိခိုက်မလား ဆိုတဲ့ ကိုယ့်ကိုယ်ကို ဆင်ဆာလုပ်မှုတွေ အောက်မှာ အများကြီးပဲ ငြိုးမှိန်နေတုန်းပဲ။ ဖူးပွင့်နိုင်တဲ့အနေအထားမှာ မရှိဘူးလို့ပဲ ကျနော်က အဲဒီလိုပဲ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ တစ်ချိန်က စာပေကင်ပေတိုင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စာပေစိစစ်ရေးဆိုတာ မရှိတော့သလို စာနယ်ဇင်း တွေဟာလည်း ထုတ်ဝေဖို့အတွက် ကြိုတင်ခွင့်ပြုချက်တောင်းစရာ မလိုတော့ပါဘူး။

Freedom House ရဲ့ အစီရင်ခံစာပါ သတင်းလွတ်လပ်ခွင့် သိသိသာသာ တိုးတက်လာတယ်ဆိုတာကို သဘောတူသူကတော့ The Voice သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေပါ။

“အခုချိန်မှာဆိုလို့ရှိရင် ကျနော်တို့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ရေးလို့ရတယ်။ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် ကျနော်တို့ ရေးလို့ရတယ်။ အရင်ကဆိုလို့ရှိရင် စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းတွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ကျနော်တို့ လုံး၀ ထိလို့တို့လို့ မရဘူး။ အခု ရေးလို့သားလို့ရပြီ။ ဒါက very sensitive issue ပေါ့ဗျာ။ မြင်သာထင်သာရှိတဲ့ ကိစ္စမျိုးပေါ့။ ကျန်တဲ့ စာပေစိစစ်ရေးကိစ္စက ဘာမှခေါင်းထဲမှာ ထည့်စရာမလိုတော့ဘူး။ ဒါတွေက တော်တော်လေး ထင်သာမြင်သာရှိရှိ သတင်းလွတ်လပ်ခွင့်ရလာတာပါ။”

စာနယ်ဇင်းတွေဟာ လက်ရှိအချိန်ထိ ဖြစ်ရပ်တွေကို ဖော်ပြတာကများနေပြီး သဘောထားအမြင်အယူအဆတွေကို ဖော်ပြတာ အားနည်းနေသေးတယ်လို့ ဟံသာဝတီဦးဝင်းတင်က ယူဆပါတယ်။ ဒီအချက်ကြောင့်ပဲ သတင်းလွတ်လပ်ခွင့် တိုးတက်လာတယ် ဆိုတာကို ဦးဝင်းတင်က မေးခွန်းထုတ်တာဖြစ်ပါတယ်။

“ဖြစ်ရပ်တွေ ဖြစ်ရပ်တွေပေါ့ဗျာ။ ဖြစ်ရပ်တွေကိုပဲ ဖော်ပြတဲ့ဟာနဲ့ ပြီးတယ်။ opinion တွေကို ဖော်ပြတဲ့နေရာမှာ အားနည်းတယ်လို့ ကျနော် ယူဆတယ်။ opinion တွေ အားနည်းနေတယ်လို့ ယူဆတာဟာ သတင်းစာလွတ်လပ်ခွင့် ဒီနေ့အထိ ဘာနဲ့တူလဲဆိုတော့ အဖူး ဖူးတယ်လို့ ဖြစ်ရင်တော့ဖြစ်မယ်။ ငုံနေတယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့လို့ အပွင့် ပွင့်တဲ့အနေအထားတွေ မရောက်ဘူးဆိုတာကို ပြနေတာပဲလို့ ကျနော် ယူဆတယ်။ ကျနော်ကတော့ သတင်းစာလွတ်လပ်ခွင့်တို့ လွတ်လပ်စွာရေးသားခွင့်တို့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တို့ ဆိုတာတွေဟာ opinion တွေကို ဖော်ပြမှသာ အယူအဆတွေကို ဖော်ပြမှသာလျှင် ဒါဟာ လွတ်လပ်ခွင့်ရှိတယ်လို့ ကျနော် ယူဆတယ်။”

Freedom House ရဲ့ အစီရင်ခံစာအတိုင်း သတင်းလွတ်လပ်ခွင့် တိုးတက်တယ်ဆိုတာကို လက်ခံတဲ့ ဦးကျော်မင်းဆွေက မြန်မာ နိုင်ငံကို တခြား ဒေသတွင်း နိုင်ငံတချို့ရဲ့အောက်မှာ အဆင့်သတ်မှတ်ထားတာကို ဘဝင်မကျပါဘူး။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အဆင့်ဟာ အဲဒီနိုင်ငံတွေထက်တောင်မှ သာလွန်နေတယ်လို့ သူက ယူဆပါတယ်။

“Freedom House အစီရင်ခံစာမှာ နဂိုရှိထားတဲ့အတိုင်းဆိုရင် ကျနော်တို့က စင်ကာပူအောက်မှာရှိတယ်။ စင်ကာပူရဲ့ သတင်းလွတ်လပ်ခွင့်ကဘာလဲလို့ ကျနော် မေးချင်တယ်။ အခုချိန်ထိ စင်ကာပူက အာဏာရှင်တပိုင်း နိုင်ငံ။ သတင်းလွတ်လပ်ခွင့် ဆိုတာ ပုဂ္ဂလိက သီးသန့်ပိုင်တဲ့ သတင်းမီဒီယာလုံး၀ မရှိဘူး။ အစိုးရပိုင်တဲ့ ကုမ္ပဏီကနေ လုပ်နေတဲ့ သတင်းမီဒီယာတွေ။ ပုဂ္ဂလိကပိုင် သီးခြားလွတ်လပ်တဲ့ သတင်းစာတစောင်မှ မရှိဘူး။ အစိုးရကို ဝေဖန်တိုက်ခိုက်ရင် တရားစွဲခံရတယ်။ ဒါကတော့ လွတ်လပ်ခွင့်ပေးသလို လုပ်ထားပြီးတော့ ရေးခွင့်သားခွင့်ကို တနည်းတဖုံ ပိတ်ဆို့ကာဆီး ထားတာပေါ့ဗျာ။ ဥပမာအားဖြင့် ထိုင်းမှာဆိုရင် ဘုရင်ကိုလုံး၀ ထိလို့မရဘူး။ အဲဒီတော့ ကျနော်တို့ အခုအနေအထားက ရှင်းရှင်းပြောရလို့ရှိရင် ကျနော့်စိတ်ထဲမှာ ခံစားရတာက ထိုင်းထက်လည်း သာတယ်။ စင်ကာပူထက်လည်း သာတယ်။ ကျနော် ခံစားရတာကိုပြောတာ။ အဲဒီ Freedom House ဆိုတဲ့အဖွဲ့က ဘယ်လို criteria နဲ့ စင်ကာပူက ကျနော်တို့အထက်မှာထားတယ်ဆိုတာ ကျနော် လုံး၀ နားမလည်ဘူး။”

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အမှတ်က ၇၂ ဖြစ်ပြီး အာဆီယံဒေသတွင်းမှာဆိုရင် ထိုင်းနဲ့မလေးရှားနိုင်ငံတွေက ၆၄၊ ကမ္ဘောဒီးယားနိုင်ငံက ၆၆ နဲ့ စင်္ကာပူနိုင်ငံကိုတော့ ၆၇ မှတ် ပေးထားပါတယ်။
XS
SM
MD
LG