သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်စုနှစ်အတွင်း ကမ္ဘာတဝှမ်း သတင်းလွတ်လပ်ခွင့် ဆုတ်ယုတ်


Freedom of The Press က ထုတ်ပြန်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ မြေပုံ။ (မေ၁၊ ၂၀၁၄)
Freedom of The Press က ထုတ်ပြန်တဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ မြေပုံ။ (မေ၁၊ ၂၀၁၄)
တစ်ကမ္ဘာလုံးကို လွှမ်းခြုံ ကြည့်ရင် သတင်းမီဒီယာလွတ်လပ်မှု အခြေအနေဟာ ပိုမိုဆုတ်ယုတ်လာပြီး နေရာတိုင်းလိုလိုမှာ အခက်အခဲတွေ ရှိနေတယ်လို့ Freedom House လေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောပါတယ်။

"သတင်းအချက်အလက်တွေကို ထိန်းချုပ်ဖို့ လှည့်စားဖို့ ကြိုးစားတာတွေ ဝါဒဖြန့်ချီရေးတွေ သတင်းတည်းဖြတ်မှုမှာ ဝင်ပြီးတော့ကြိုးကိုင်ဖို့ လုပ်ဆောင်နေတာတွေ တွေ့နေရပါတယ်။ အင်တာနက်ကိုသုံးပြီး သတင်းထုတ်ဖို့ ကြိုးစားသူတွေ ဘလော့ခ်ကာတွေကို ဖမ်းဆီး အရေးယူနှောင့်ယှက် တာတွေလည်း တွေ့နေရပါတယ်။"

Freedom House ရဲ့ လုပ်ငန်းဒါရိုက်တာ Karen Karlekar က ပြီးခဲ့တဲ့နှစ် အတွင်းမှာ သတင်းမီဒီယာလွတ်လပ်မှု အခြေအနေဟာ ဆိုးဝါးလွန်းလာတာမို့ ကမ္ဘာပေါ်မှာရှိတဲ့လူ ၆ဦးမှာ ၁ဦး လောက်ပဲ သတင်းတွေ လွတ်လွတ်လပ်လပ် ရယူခွင့်ရှိတဲ့ပုံရှိနေပြီလို့ ဆိုပါတယ်။ ဒါဟာ အစိုးရတွေက ဖိနှိပ်မှုတွေ တစ်ခုတည်းကြောင့် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

"မီဒီယာလုပ်ငန်းကြီးတွေ ပိုင်ဆိုင်တဲ့ သူတွေရဲ့ ချုပ်ကိုင်မှုလည်း ပါပါတယ်။ သတင်းတိုက်ပိုင်ရှင်တွေကြောင့် သတင်းတည်းဖြတ်မှုပုံစံပြောင်းလာ
တာတွေ သတင်းထောက်တွေ အပေါ် ဖိအားပေးလာတာတွေလည်း ရှိပါတယ်။"

ဒီနှစ်အတွက် Freedom House ကထုတ်ပြန်တဲ့ သတင်းမီဒီယာလွတ်လပ်မှု အမှတ်စဉ်ထဲမှာ စုစုပေါင်း ၁၉၇ ဆင့် သက်မှတ်တဲ့အထဲမှာ အဆိုးဝါးဆုံးအဆင့် ၁၉၇ဆင့်မှာရှိနေတဲ့ နိုင်ငံကတော့ မြောက်ကိုရီးယားပါ။ အီရန် နဲ့ ဆီးရီးယား နိုင်ငံတွေမှာလည်း သတင်းထောက်တွေ အသတ်ခံရမှု ပြန်ပေးဆွဲ ခံရမှုတွေ ရှိနေတာမို့ အောက်ဆုံးအဆင့်နီးပါးမှာ ရှိပါတယ်။ စစ်တပ်ကျောထောက်နောက်ခံ အစိုးရ အုပ်ချုပ်နေတဲ့ အီဂျစ်မှာလည်း သတင်းထောက်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ တရားစွဲထောင်ချတာတွေ လုပ်နေတာမို့ အခြေအနေက အဆိုးဖက်ကို ဦးတည်ကျဆင်းခဲ့ပါတယ်။ ရုရှားနိုင်ငံမှာလည်း သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှု နှိပ်စက် ညှင်းပမ်းမှုတွေ ရှိခဲ့ပါတယ်။

အခုပြဿ နာတွေ ဖြစ်နေတဲ့ ယူကရိမ်း အရှေ့ပိုင်းမှာလည်း သတင်းထောက်တွေ ကို ပိတ်ပင်မှု ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။ အာရှ ပီစီဖိတ်ဒေသ အခြေအနေကို ကြည့်ရင်တော့ တရုတ်နိုင်ငံမှာ သတင်းမီဒီယာတွေအနေနဲ့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိနေခဲ့တဲ့အပြင် Social Media အပေါ် ထိန်းချုပ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ Freedom House ကဆိုပါတယ်။

"တရုတ်နိုင်ငံကိုကြည့်ရင် ထိန်းချုပ်မှုတွေလုပ်ဖို့ အမြဲ ကြိုးစားနေ တာကို တွေ့ရပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အင်တာနက် နဲ့ ဘလောက်ခ်ကာ လောကအတွင်း ပွင့်လင်းလာမှု တစ်ချို့ရှိပေမယ့် လူတော်တော်များများက အဲဒီနေရာတွေမှာ လွတ်လပ်မှု ဘောင်ချဲ့ လာတာကို တွေ့တာနဲ့ တစ်ပြိုင်နက် အာဏာပိုင်တွေဖက်က တားဆီးနှိပ်ကွပ်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်"

အင်တာနက် အရေးအသားတွေကို ပိတ်ပင်မှုတွေ ဗီယက်နမ်မှာ ရှိနေပြီး ၂၀၁၂ ကမှ စတင်ပွင့်လင်း လာတဲ့ မြန်မာ့ မီဒီယာလောကမှာ လည်း နှေးကွေးမှု တစ်ချို့ကိုတွေ့လာရပါတယ်။ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ Freedom House အစီရင်ခံစာမှာ အမှတ်စဉ် ၁၆၂ ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ အခု ၂၀၁၄ခုနှစ် အစီရင်ခံစာမှာ အမှတ်စဉ် ၁၅၉ ရှိလာခဲ့ပေမယ့် သတင်းမီဒီယာ လွတ်လပ်တဲ့ နိုင်ငံစာရင်း မဝင်သေးပါဘူး။

လတ်တလောဖြစ်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြောင်းကိုလည်း ဒီသတင်းပါတ်အတွင်း ရန်ကုန်မြို့ကို သွားရောက်ခဲ့တဲ့ ပြည်သူ့သံတမန်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Richard Stengel ကပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ပေးလာမှု နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု သတင်းဆင်ဆာ ဖြတ်တောက်မှုတွေ အဆုံးသတ်မှု စတဲ့ ပြောင်းလဲမှုတွေ ကို အမေရိကန်က ထောက်ခံပါတယ်။ ဒါပေမယ့် တစ်ချိန်ထည်းမှာပဲ အခုလက်တလောဖြစ်နေတဲ့ သတင်းထောက်တွေ ကို ထောင်ချမှု အနှောက် အယှက်ပေးမှု စတာတွေကို စိုးရိမ်မကင်းဖြစ်ရ ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ပေးရေး ရှေ့တိုး လုပ်ဆောင်သွားဖို့ ထိန်းချုပ်တဲ့ ဥပဒေတွေကိုလျှော့ချပေးဖို့ စတာတွေကို မြင်တွေ့ လိုပါတယ်။ ဒီ့အတွက် မြန်မာ သတင်းပြန်ကြားရေးဝန်ကြီးနဲ့ လည်း ကျနော်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။"

အမေရိကန်ပြည်ထောင်စုမှာလည်း မီဒီယာလွတ်လပ်ခွင့် အခြေအနေက ကောင်းလှတယ်လို့ မဆိုနိုင်ပါဘူး။ အထူးသဖြင့် အမျိုးသားလုံခြုံရေးကို အကြောင်းပြပြီး အစိုးရအာဏာပိုင်တွေက သတင်းထောက်တွေကို နှောင့်ယှက်ဟန့်တားမှုတွေ ရှိနေခဲ့တယ်လို့ Freedom House ကဆိုပါတယ်။ New York Times သတင်းစာ သတင်းထောက်တစ်ဦးကို လျှို့ဝှက်သတင်း အချက်အလက်တွေ ဘယ်လိုရခဲ့သလဲဆိုတာကို အမေရိကန် တရားရေးဌာနက လိုက်ပြီး ဖိအားပေးစုံစမ်းခဲ့မှု AP သတင်းဌာန သတင်းထောက်တွေရဲ့ တယ်လီဖုန်းဆက်သွယ်မှု မှတ်တမ်းတွေကို အစိုးရက သိမ်းဆည်းမှု စတာတွေ ရှိခဲ့ပါတယ်။ အားလုံးကို ခြုံကြည့်ရင်တော့ စိုးရိမ်စရာပါပဲလို့ Poynter Institute သတင်းလေ့လာမှု ဌာနကြီးက Kelly McBride က VOA ကိုပြောပါတယ်။

"လှည့်ဖြားမှုတွေ ထင်ယောင်ထင်မှားဖြစ်စေမှုတွေ ပိုပြီးရှိလာစေတာဖို့ အများပြည်သူတွေအနေနဲ့ အမှန်ကိုသိဖို့ ပိုပြီးခက်ခဲ လာနေတာ ကို တွေ့ရကြောင်း အခုဖြစ်နေတဲ့ သတင်းမီဒီယာလောက အခြေအနေကြောင့်ပဲ လူထုမှာ အမှားအမှန်ကို ဆုံးဖြတ်နိုင်ဖို့အတွက် အခက်အခဲ ရှိနေရတာ ဖြစ်တယ်" လို့ Poynter Institute သတင်းလေ့လာမှု ဌာနကြီးရဲ့ အရာရှိ Kelly McBride က သုံးသပ်ပြောကြားသွားတာဖြစ်ပါတယ်။
XS
SM
MD
LG