သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်လက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့် မျှော်မှန်းချက်


(ဓာတ်ပုံ - အမျိုးသားလွှတ်တော် Facebook)
(ဓာတ်ပုံ - အမျိုးသားလွှတ်တော် Facebook)

အတိုက်အခံပါတီ NLD က ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အများစုတက်ရောက်ကြမယ့် လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ ပြန်စတော့မယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ အရင်လွှတ်တော်ထက်စာရင် သတင်းလွတ်လပ်စွာ ရယူနိုင်ခွင့် ပိုမိုရရှိလာမယ်လို့ သတင်းသမားတွေက မျှော်လင့်ပါတယ်။

NLD ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ သက်ဆိုင်ရာ လွှတ်တော်အလိုက် အစိုးရဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေဆီက သတင်း အချက်အလက်တွေကို သတင်းမီဒီယာတွေအတွက် အချိန်နဲ့တပြေးညီ စနစ်တကျ ထုတ်ပြန်ပေးသင့်တယ်လို့ သတင်းသမားတွေက အကြံပြုကြပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် စတဲ့ လွှတ်တော် အသီးသီးမှာ ပြန်လည်ကျင်းပတော့မယ့် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေအတွက် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီ အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်တက်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

ဒီတကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာတော့ ကိုယ်စားလှယ် အရေအတွက် အများဆုံး ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လို ပြည်သူ့အကျိုးပြု ဥပဒေတွေ ပြဋ္ဌာန်းဖို့ ရှိမလဲ။ ဘယ်လိုဆွေးနွေးချက်တွေ ရှိလာမလဲဆိုတာကိုလည်း အများက စိတ်ဝင်စားနေကြတာမို့ သတင်းအချက်အလက် ထုတ်ပြန်မှုတွေမှာရော ဒီတကြိမ် လွှတ်တော် သက်တမ်းမှာ ဘယ်လိုမျိုး ပွင့်လင်းမြင်သာမှု အချိန်နဲ့တပြေးညီ ထုတ်ပြန်မှုတွေရှိမလဲ ဆိုတဲ့အချက်ကလည်း စိတ်ဝင်စားစရာ ဖြစ်နေတယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

“လွှတ်တော်ကို စီမံခန့်ခွဲတယ်ဆိုတာက အဓိက အနိုင်ရပါတီတွေက ဦးဆောင်တာပဲ၊ လွှတ်တော် ဥက္ကဋ္ဌတွေပေါ့နော်။ အခု လာမယ့် အချိန်မှာဆိုရင် လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်စလုံးက NLD က တင်မယ့် လွှတ်တော်ဥက္ကဋ္ဌတွေ ဖြစ်မှာပဲ။ ဖြစ်မှာပဲ ဆိုကာကျတော့ သူတို့ရဲ့ စီမံခန့်ခွဲမှုပေါ်မှာ မူတည်တယ်။ သူတို့ကနေပြီးတော့ ဒီထက်ကို ပိုပြီးတော့မှ သတင်းလွတ်လပ်ခွင့်ကို ဖွင့်ပေးတာတို့ ဘာတို့ဆိုရင် ပိုပြီးတော့ ကောင်းလာမှာပေါ့။ အခုလောလောဆယ်လည်း မြန်မာပြည်မှာ ပြောမယ်ဆိုရင် လွှတ်တော်ဘက်က သတင်းထုတ်ပြန်တာက တခြား Institution တွေထက် သာတယ်။ ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးတဲ့ဟာတွေ နောက် ပြည်သူ့လွှတ်တော်က ဆွေးနွေးတဲ့ဟာတွေဆိုရင် သူတို့ အချိန်နဲ့ တပြေးညီ တိုက်ရိုက်ကို လွှင့်ပေးတယ်။ ဆိုတော့ ဒါမျိုးက တော်တော်တော့ ဒီတိုင်းပြည်မှာ ရှားတယ်လေ၊ အခု လွှတ်တော်ကုန်ကာနီးအချိန်မှာ ဒါက ဖြစ်လာတာ။ ရှေ့ပိုင်းမှာဆိုရင်တော့ Delay ပေါ့၊ သူတို့ ရိုက်လိုက်တယ်။ အချိန်တပိုင်းစောင့်ပြီးတော့မှ သူတို့စစ်ဆေးပြီးမှ ပြန်လွှင့်တာတွေ သူတို့ အဲလို လုပ်တယ်။ အခုကတော့ ပုံမှန်အားဖြင့် တိုက်ရိုက်လွှင့်တယ်။ ပြီးတော့မှာ လွှင့်ပြီးသားတွေကို တခြားဘာမှ စည်းဝေးပွဲတွေ မရှိဘူးဆိုရင် ပြန်ပြန်လွှင့်ပေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ ဆိုတော့ တော်တော်လေးကိုတော့ ခရီးရောက်နေပြီ၊”

အခုတကြိမ်ကျင်းပမယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း သတင်းရယူကြမယ့် သတင်းသမားတွေ ဝင်ခွင့်မှတ်ပုံတင်ကိုတော့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက တိုက်ရိုက်မကိုင်တွယ်တော့ဘဲ တရားဝင် ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ မြန်မာမီဒီယာကောင်စီကနေတဆင့် လွှတ်တော်ရုံးကို တင်သွင်းရမှာဖြစ်တယ်လို့ မြန်မာစာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော် က ပြောပါတယ်။

“ဒီလွှတ်တော်အသစ်မှာ အကူအညီတောင်းတာပေါ့နော်၊ အဲဒါကတော့ ဝင်ခွင့်စာရင်းပြုစုတာရယ်၊ ဆိုတော့ စာရင်းတွေတော့ ပြုစုပြီးတော့ လက်ခံပြီးတော့ ဟိုလွှတ်တော်ဘက်ကို ပေးမယ်ပေါ့နော်။ သို့သော်အရင်က ဒီစာရင်းကောက်ယူတဲ့ဟာတွေ စာရင်းပြုစုတဲ့ဟာတွေကို ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ပြီးတော့ အခုတော့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီဟာကို ကောင်စီဘက်နဲ့ လုပ်ပါဆိုပြီး လွှတ်တော်ဘက်ကို သူတို့က အဆိုပြုတာနဲ့ လွှတ်တော်ဘက်က ကောင်စီနဲ့ ဆက်ပြီးလုပ်တယ်။”

သတင်းသမားတွေနဲ့ လွှတ်တော်ကြား ယခင်က လွှတ်တော်တွင်းနေရာအချို့မှာ လွှတ်တော်တွင်း ဆွေးနွေးနေချိန် သတင်းဓာတ်ပုံရိုက်ယူခွင့် ပိတ်ပင်ခဲ့တာရှိခဲ့တဲ့အတွက် ဒီတကြိမ်သက်တမ်းမှာတော့ လွှတ်တော်တွင်း ပိုပြီးတော့မှ လွတ်လွတ်လပ်လပ် သတင်းရယူခွင့် ရှိသင့်တယ်လို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် လွှတ်တော်ကျင်းပနေတဲ့အချိန်မှာ သတင်းသမားတွေက အပေါ်က Interpreter Poll ကနေ ဓာတ်ပုံရိုက်တာတို့ အဲဒီကနေ သွားကြည့်တာတို့ကို လုပ်ခွင့်မရတော့ဘူး၊ အခုကတော့ အဲဒီအခြေအနေအတိုင်းပဲ ရှိနေတယ်။ ဒီဟာကလည်း တပ်မတော်သားကိုယ်စားလှယ်တွေက ထိုင်ခုံမှာ မရှိတဲ့နှစ်ယောက်ကို ခလုပ်နှိပ်ပေးတယ်ဆိုတဲ့ ဓာတ်ပုံနဲ့ အဲဒီသတင်း ဖော်ပြမှုက ပြည်တွင်းဂျာနယ် တစောင်မှာ တက်ပြီးတော့နောက်မှာ တပ်မတော်ဘက်က ပြည်သူ့လွှတ်တော်ကို အဲလိုမျိုးစာရေးပို့တာကြောင့် ဒီလို တားမြစ်လိုက်တာလို့ ကျနော်တို့ သိတာပေါ့နော်။ ဆိုလိုတာက အဲဒီအခြေအနေ အခုအချိန်အထိ ရှိနေတုန်းပဲ။”

သတင်းသမားတွေအတွက် လွှတ်တော်တွင်း ဝင်ခွင့်မှတ်ပုံတင်ရမှာဖြစ်လို့ သတင်းမီဒီယာကောင်စီက သတင်းစာ၊ ဂျာနယ်သတင်းမီဒီယာတိုက်များ၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ပေးပို့တဲ့ သတင်းသမား စာရင်းတွေကို လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ဖို့ သတင်းဌာနတွေအနေနဲ့ မိမိတို့ တာဝန်ပေးထားသော သတင်းသမားများ စာရင်းကို လာမယ့် ဇန်နဝါရီလ ၂၂ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထားပြီး သတင်းမီဒီယာ ကောင်စီကို ပေးပို့ပေးကြဖို့ကိုလည်း နိုးဆော်ထားပါတယ်။ လွှတ်တော်တွင်း သတင်းရယူခွင့်အတွက် သတင်းသမားအရေအတွက်ကို ကန့်သတ်စိစစ်တာမျိုး လုံးဝ လုပ်မှာမဟုတ်ဘဲ အခုတကြိမ် လွှတ်တော်သက်တမ်းအတွက် အရင်လို ပြန်ကြားရေးဝန်ကြီးဌာနလို အစိုးရဌာနများက တာဝန်မယူတဲ့အတွက် သတင်းမီဒီယာကောင်စီက တာဝန်ယူဆောင်ရွက်ပေးခြင်းသာ ဖြစ်တယ်ဆိုတာကိုလည်း ကောင်စီဘက်က ပြောဆိုထားပါတယ်။

XS
SM
MD
LG