သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေးရဲ့ ပုံနှိပ်ထုတ်ဝေမူကြမ်း မြန်မာ့မီဒီယာကောင်စီလက်မခံ


မြန်မာသတင်းမီဒီယာကောင်စီ (ယာယီ) သတင်းစာရှင်းလင်းပွဲ။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။
မြန်မာသတင်းမီဒီယာကောင်စီ (ယာယီ) သတင်းစာရှင်းလင်းပွဲ။ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၃)။
ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းမီဒီယာကောင်စီ (ယာယီ) နဲ့ သဘောတူညီထားတဲ့အတိုင်း လွှတ်တော်မှာ တင်ပြခြင်းမရှိဘဲ၊ အရင် ကန့်ကွက်မှုတွေရှိနေတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်လုပ်ရေး ဥပဒေကိုပဲ တင်ပြတာဟာ လူကြီးလူကောင်း သဘောတူညီမှုကို ဖောက်ဖျက်ရာကျတယ်လို့ သတင်းမီဒီယာကောင်စီ (ယာယီ) အတွင်းရေးမှူး က ပြောပါတယ်။ သတင်းမီဒီယာကောင်စီ (ယာယီ) အနေနဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အဲဒီဥပဒေကို ဆက်လက်ကန့်ကွက်ဖို့ ရှိပြီး၊ ဘာမှထူးခြားမှု မရှိရင်တော့ သတင်းမီဒီယာကောင်စီ (ယာယီ) အဖွဲ့ဝင်တွေ အားလုံး နှုတ်ထွက်ဖို့ရှိတယ်လို့ ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ သတင်းမီဒီယာကောင်စီ ရုံးခန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက် သတင်းယူထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ၊ သတင်းမီဒီယာကောင်စီ (ယာယီ) ကနေ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပံုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း ကို ကန့်ကွက်ကြောင်း ဇူလိုင်လ ၇ ရက်နေ့ ကြေညာအပြီးမှာပဲ ဒီဥပဒေကို အမျိုးသားလွှတ်တော်မှာ ဆက်ပြီး ကန့်ကွက်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အကြောင်း သတင်းမီဒီယာကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

ပြန်ကြားရေးနဲ့ သတင်းမီဒီယာကောင်စီတို့ဟာ ဒီ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအောင်ကြည်နဲ့ ညှိနှိုင်းမှုအရ ၄ ကြိမ်တိတိ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး ပြင်ဆင်ထားတဲ့ ဥပဒေအတိုင်း ပြန်ကြားရေး က လွှတ်တော်ကို မတင်ခဲ့တာဟာ လူကြီးလူကောင်း သဘောတူညီမှုကို ချိုးဖောက်ရာကျတယ်လို့ ဦးကျော်မင်းဆွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာပဲ ပြောခဲ့တာပါ။

“သက်ဆိုင်ရာ လွှတ်တော်ကော်မတီ အသီးသီးပို့ထားတဲ့၊ ဝန်ကြီးဌာန ပို့ထားတဲ့ကြားမှာ ကျနော်တို့ ပြင်ဆင်ထားတဲ့အချက်တွေ မပါဘဲနဲ့ သူတို့မူလရှိထားတဲ့ အချက်တွေကိုပဲ ထည့်ထားတဲ့အတွက်၊ သူတို့ဒီဥဒေမှာ အဲဒီလို ထည့်တဲ့အပြင်ကို၊ ကျနော်တို့ သဘောတူထားတဲ့ ပြိုင်တူတင်မယ်ဆိုတဲ့ အချက်ကိုလည်း ချိုးဖောက်ထားတာ တွေ့ရတယ်။ အဲဒီတော့ ကျနော်တို့ အချင်းချင်းကြားမှာ ညှိနှိုင်းပြီး မျက်နှာချင်းဆိုင် တွေ့ပြီးတော့ ဆွေးနွေးထားတဲ့ သဘောတူညီချက်၊ gentle agreement ဒါတွေအားလုံးကို ချိုးဖောက်တယ်လို့ ခံစားရတယ်။”

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းဟာ စတင်ကြေညာစဉ်ကာလ ကတည်းက မီဒီယာအဖွဲ့အစည်းတွေက ကန့်ကွက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလ ၄ ရက်နေ့ကတော့ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊ ပယ်ဖျက်ချက် စတဲ့ အချက် ၂၀ ကျော်နဲ့အတူ ဒီဥပဒေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေကို ဥပဒေတရပ်အဖြစ် အတည်မပြုနိုင်သေးတဲ့ အချိန်ထိ သတင်းမီဒီယာကောင်စီ အနေနဲ့ ကန့်ကွက်မှုတွေ ပြုလုပ်သွား မှာဖြစ်ပြီးတော့ အာဏာပိုင်တွေဘက် ကသာ ထူးထူးခြားခြား ပြင်ဆင်ပေး တာတွေ မရှိရင်တော့ သတင်းမီဒီယာကောင်စီ တဖွဲ့လုံး နှုတ်ထွက်ဖို့ အထိ ပြင်ဆင်ထားတယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

“သက်ဆိုင်ရာကော်မတီတွေရော၊ သမ္မတရုံးအထိရော ကျနော်တို့က စာလည်းပို့မယ်။ လူကိုယ်တိုင် သွားပြီးရှင်းဖို့လည်း လုပ်မယ်။ အဲဒီအဆင့်တွေ နောက်ဆုံးမှာ မရဘူးဆိုလို့ရှိရင် ကျနော်တို့ press member အားလုံး နှုတ်ထွက်ပါမယ်။”

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ သတင်းမီဒီယာကောင်စီက တာဝန်ယူ ရေးဆွဲနေတဲ့ သတင်းမီဒီယာ ဥပဒေကိုလည်း အစောပိုင်းကာလက အခြေအတင်ဆွေးနွေးပြီး သဘောတူညီမှုတွေ ရပြီးဖြစ်ပေမဲ့၊ ပြန်ကြားရေးက ဆွဲထားတဲ့ ပုံနှိပ်ဥပဒေကို လွှတ်တော်မှာ ဆွေးနွေးချိန်မှာ ချိန်ကိုက်ဆိုသလို သတင်းမီဒီယာဥပဒေကို ပြင်ဆင်ချက် ၁၇ ချက်နဲ့ ပြန်ကြားရေးက ပြန်ပြင် ခိုင်းလာတာ ဖြစ်ပါတယ်။

အစောပိုင်းက သဘောတူညီမှုတွေ ရပြီးဖြစ်တဲ့အတွက် ဒီအချက် ၁၇ ချက်ကို သတင်းမီဒီယာကောင်စီက ပြင်စရာအကြောင်း မရှိဘူးလို့လည်း သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးသန့်တင် က ပြောပါတယ်။

“သူတို့သဘောတူညီချက်နဲ့ ကျနော်တို့ပြင်ထားတဲ့ဟာတွေကို သူတို့ ပို့လိုက်တော့မှ အခု ၁၇ ချက်ကို ပြင်ဖို့။ အခု ၁၇ ချက်ကလည်း ခုနကပြောသလိုပေါ့၊ ကျနော်တို့ရဲ့ဟာကို လောလောဆယ် မထုတ်ပြန်ချင်သေးလို့ သူတို့က အချိန်ဆွဲတဲ့ နည်းနဲ့ လုပ်တယ်လို့ပဲ ကျနော်တို့ ယူဆလို့ရပါတယ်။”

ဥပဒေ တခုကို ချဉ်းကပ်တဲ့နေရာမှာ လက်ဦးမှု ရယူတာမျိုးထက်၊ အဲဒီ ဥပဒေ အကျိုးသက်ရောက်မယ့် လောကသားတွေရဲ့ အကျိုးကို ကြည့်ပြီး ဆောင်ရွက်ရ မယ်လို့ အလွတ်တန်း သတင်းစာဆရာလည်းဖြစ်၊ မီဒီယာ သင်တန်းဆရာ လည်း ဖြစ်တဲ့ ဦးရဲနိုင်မိုး က ပြောပါတယ်။

“ပြည်တွင်းသတင်းမီဒီယာအများစုရဲ့ သဘောထားတူညီမှုကို ရအောင် မကြိုးစားဘဲနဲ့ပြုလုပ်မယ့် မထင်ဘူး။ တကယ်လုပ်ကိုင်နေတဲ့ သတင်းမီဒီယာအများစုနဲ့ lobby လုပ်တယ်။ တူညီသဘောတူညီမှု ရတယ်ဆိုတာ မရှိဘဲနဲ့လုပ်တဲ့ ဥပဒေက တကယ် အကျိုးသက်ရောက် မယ့် ရေရှည်တည်တံ့မယ့် ဥပဒေ၊ ဒါမှမဟုတ် သမိုင်းမှာ သတင်းမီဒီယာပုံရိပ်ကို အကျိုးကျေးဇူးရှိမယ့်ဥပဒေလို့ ကျနော် သိပ်မမြင်ဘူး။”

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကောင်စီ အနေနဲ့ အခုလို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ထိပ်တိုင်တွေ့နေရတဲ့ ကိစ္စတွေ ကို နိုင်ငံတော်သမ္မတကို တွေ့ဆုံပြီးပြောကြားဖို့လည်း သမ္မတကို အကြောင်းကြားပြီး ဖြစ်တဲ့အကြောင်း ဦးကျော်မင်းဆွေက ပြောခဲ့ပါသေးတယ်။
XS
SM
MD
LG