အခုတကြိမ် ကျင်းပနေတဲ့ စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးမှာ ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေ နေရာမှာ အစားထိုးမယ့် ပုံနှိပ်ဥပဒေသစ်ကို တင်ပြ ဆွေးနွေးမှာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ပြောပါတယ်။ ဒါပေမဲ့ ဒီ ပုံနှိပ် ဥပဒေသစ်နဲ့ အဲဒီအထဲမှာပါတဲ့ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ကြိုတင် သိခွင့်မရဘူးလို့ စာနယ်ဇင်း သမားတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။ ဒီအကြောင်းကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုရဲကျော်အောင်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်မှာ ပုံနှိပ်ဥပဒေ (press law) ကို ချပြ ဆွေးနွေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန ကနေ အစိုးရအဖွဲ့ကို မူကြမ်းတင်ပြထားပြီး အစိုးရအဖွဲ့က အတည်ပြု တယ်ဆိုရင် လွှတ်တော်ကိုတင်ပြသွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ ဦးရဲထွဋ် က အခုလို ပြောပါတယ်။
“မှန်ပါတယ်။ အခုဗျာ ကျနော်တို့ အစိုးရအဖွဲ့ကို မူကြမ်း တင်ပြထားပါတယ်။ အစိုးရအဖွဲ့က အတည်ပြုလို့ရှိရင် အဲဒါကို လွှတ်တော်ကို ဆက်ပြီးတော့ တင်ပြမှာဖြစ်ပါတယ်။ ကျနော်တို့ အခု ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျနော်တို့ တင်ပြဖို့အတွက် ပြင်ဆင်နေပါတယ်ခင်ဗျ။”
၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေကို အစားထိုးမယ့် ပုံနှိပ်ဥပဒေ အသစ်မှာ စာနယ်ဇင်း သမားတွေနဲ့ သက်ဆိုင်မယ့် အချက်တွေ၊ စာနယ်ဇင်းကောင်စီ တရပ် ဖွဲ့စည်းဖို့ ကိစ္စတွေ၊ ထုတ်ဝေခွင့်ဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။
စာပေစိစစ်ရေး မရှိတော့ တဲ့အခါမှာ တိုင်ကြားလာမယ့် ကိစ္စရပ်တွေကို ဖြေရှင်းဖို့ စာနယ်ဇင်း ကောင်စီတရပ် အမြန်ဖွဲ့ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ဆိုထားတယ်လို့လည်း သိရပါတယ်။
ဇူလိုင်လထဲမှာ စာပေစိစစ်ရေးဌာန ရဲ့ လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းမယ်လို့ ဆိုထားပေမဲ့ အခုထိ မရပ်ဆိုင်း သေးတာဟာ စာနယ်ဇင်း သမားတွေ အားလုံးပါဝင်တဲ့ အမတေ စာနယ်ဇင်းကောင်စီ တရပ် မပေါ်ပေါ်က်သေးတာကြောင့် ဖြစ်တယ်လို့ ဦးရဲထွဋ်က အခုလိုပြောပါတယ်။
“ဇူလိုင် မတိုင်ခင်မှာ ဖျက်သိမ်းမယ်လို့ ပြောတဲ့ကိစ္စဗျာ၊ ပထမ ကျနော်တို့ ဝန်ကြီးက ရည်မှန်းထားတာတော့ အမတေ စာနယ်ဇင်း ကောင်စီတခု၊ လွတ်လပ်တဲ့ အမတေ စာနယ်ဇင်း ကောင်စီတခု ဖွဲ့မယ်၊ ဖွဲ့ပြီးတော့ အဲဒီ စာနယ်ဇင်းကောင်စီ ပေါ်တာနဲ့ ဆင်ဆာ တင်စရာမလိုတဲ့ ထုတ်ဝေခွင့်ပေးမယ်။ ကျနော်တို့က စာပေစိစစ်ရေး မရှိတော့ဘူးဆိုရင် ဒီရေးသားချက်တွေနဲ့ ပတ်သက်လို့ တိုင်ကြားလာတဲ့ဟာတွေ၊ စောဒကတက်တဲ့ဟာမျိုး ဖြေရှင်းမယ့် အဖွဲ့တခု ရှိဖို့ လိုတယ်ဗျ။ အဲဒီအဖွဲ့တခု ရှိဖို့ဆိုတော့ ကျနော်တို့ အဲဒါလေးကို ဖွဲ့ဖို့ဆိုတော့ ဝန်ကြီးကိုယ်တိုင် ကျနော်တို့ စာနယ်ဇင်းလောကသားတွေနဲ့ တွေ့ပြီးတော့မှ တောင်းမှ။ အမည်စာရင်းတွေတောင်းတော့ တချို့လည်းပေးတယ်။ တချို့လည်း မပေးတော့ ကျနော်တို့ နည်းနည်းလေး ကြန့်ကြာသွားတာပေါ့။ အဲဒီလို အခြေအနေ ဖြစ်နေလို့ပါ။”
ပုံနှိပ် ဥပဒေသစ် ပြဌာန်းပြီးရင် နည်းဥပဒေတွေကိုလည်း အမြန်ဆုံး ထွက်ရှိလာဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။ စာနယ်ဇင်းကောင်စီတရပ် အမြန် ဖွဲ့ဖို့ ကြန့်ကြာနေတာကြောင့် စာပေစိစစ်ရေးကို မရုပ်သိမ်းသေးတာလို့လည်း ဦးရဲထွဋ်က ပြောခဲ့ပါသေးတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူပြီး ရေးဆွဲနေတဲ့ ဒီပုံနှိပ်ဥပဒေသစ်ကို လက်ရှိ စာနယ်ဇင်း လောကသားတွေအနေနဲ့ ကြိုတင် သိရှိခွင့်မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အပတ်စဉ်ထုတ် Open သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်တဦးဖြစ်တဲ့ ဦးသီဟစော က ဗွီအိုအေ ကို အခုလို ပြောပါတယ်။
“မီဒီယာ ဥပဒေသစ်ပေါ့နော်၊ ဒီဟာက နှစ်မျိုး သုံးမျိုး ရှိတာပေါ့။ Online မီဒီယာ၊ Print မီဒီယာ၊ Broadcast မီဒီယာ။ Broadcast မီဒီယာနဲ့ ပုံနှိပ် မီဒီယာ ဥပဒေတော့ အသစ်ပြန်ရေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒါက လောလောဆယ်မှာတော့ သက်ရောက်မှု မရှိသေးဘူးပေါ့နော်။ လက်ရှိ လွှတ်တော် ဥပဒေတွေအရဆိုရင် ဝန်ကြီးဌာနကို ဥပဒေကြမ်းကို ရေးတယ်၊ ရှေ့နေချုပ်ရုံးကို တင်မယ်၊ နောက် ပြန်ကျတယ်။ နောက် second draft လုပ်တယ်။ ပြီးတော့မှ အဲဒါကို လွှတ်တော် တင်တယ်။ လွှတ်တော်ကိုရောက်တော့ လွှတ်တော် ကိုယ်စားလှယ်တွေ လက်ထဲကို ရောက်မှ လွှတ်တော်က အတည်ပြုမယ် မပြုဘူး သိရမယ်ပေါ့နော်။ အဲဒီတော့ ရေးတဲ့သူတွေ လက်ထဲမှာ ဘာတွေ ရေးနေလဲ မသိရဘူးပေါ့။ အဲဒီလို အခြေအနေ ရှိတယ်။ တခုတော့ ရှိတယ်။ ပြီးခဲ့တဲ့ မီဒီယာနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေပေါ့နော်။ ဇန်နဝါရီ တုန်းက လုပ်ခဲ့တာရှိတယ်။ တာဝန်ရှိသူတွေက နည်းနည်းပါးပါး ရှင်းပြတယ်။ ဒါပေမဲ့ သူက ခေါင်းစဉ်လောက်ပဲ ရှင်းပြပြီးတော့ အထဲကဟာတွေ အသေးစိတ်က မသိရဘူး။ အဲဒီတော့ မီဒီယာ လောက ကလူတွေနဲ့ တခြား လွှတ်တော်အမတ်တွေက စိတ်တော့ ဝင်စားတယ်။ ဒါပေမဲ့ မသိရသေးတဲ့အခါမှာ ဒါကို ကြိုက်တယ် မကြိုက်ဘူး ပြောဖို့ တော်တော် ခက်တာပေါ့။ အဲဒါက လွှတ်တော်ကို စတင်တဲ့အခါမှာ လွှတ်တာ်မှာ ရေးရာ ကော်မတီ ဆိုတာ ရှိတယ်။ ပြည်သူ့လွှတ်တော်မှာရော၊ အမျိုးသား လွှတ်တော် မှာရောပေါ့နော်။ ပြည်သူ့လွှတ်တော် ရေးရာကော်မတီက ဒီကိစ္စကို စိတ်ဝင်စားတယ်။ သူတို့ကလည်း သူတို့ ရပြီဆိုတော့ သူတို့လက်ထဲကို ရောက်ပြီဆိုရင်တော့ ပြည်သူလူထုကို ပြလို့ရပြီပေါ့။ အခု ဥပဒေကြမ်း ဆိုတာက အတည်တော့ မပြုရသေးဘူး။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လက်ထဲကို ရောက်ပြီဆိုတဲ့ အဆင့်ပေါ့နော်။ အဲဒီလိုမျိုးကျမှ ဖြစ်ကောင်းဖြစ်နိုင်မယ်။ အခု မီဒီယာ လော ကတော့ ဘာမှလည်း မမြင်ရသေးဘူး။”
၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေ ကို အစားထိုးမယ့် ပုံနှိပ်ဥပဒေ အသစ်ကို ပြည်သူ့လွှတ်တော်ရဲ့ရေးရာကော်မတီတခုက စိတ်ဝင်စားပေမဲ့လည်း အဆိုပါ ပုဂ္ဂိုလ်တွေရဲ့ လက်ထဲတောင် မရောက်သေးတဲ့အတွက် ချပြဆွေးနွေးမှုတွေ မပြုလုပ်နိုင်သေးဘူးလို့ ဦးသီဟစောက ဆိုပါတယ်။
ပုံနှိပ်ဥပဒေ အသစ် ပြဌာန်းပြီးချိန်မှာ စာပေစိစစ်ရေးဌာန အနေနဲ့ စာပေတွေကို စိစစ်တဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်မှာ မဟုတ်တော့ဘဲ မူပိုင်ခွင့် ကိစ္စတွေ၊ ထုတ်ဝေခွင့်ဆိုင်ရာ လုပ်ငန်းစဉ်တွေသာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။