သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်က စိတ်တိုင်းကျ ဖန်တီးနိုင်စွမ်း မရှိတော့ကြောင်းပြသနေတဲ့ ဆူဒန်နိုင်ငံရေးအခြေအနေ


Sudan protesters - burnt tires tyres burned - smoke - fire - barricade Khartoum
Sudan protesters - burnt tires tyres burned - smoke - fire - barricade Khartoum

မြန်မာနိုင်ငံမှာ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှာအာဏာသိမ်းပါတယ်။ ရွေးကောက်ပွဲကနေတဆင့် ပြည်သူတွေရဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရထံကနေ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာပါ။ အဲဒီလိုပါပဲ၊ အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ဆူဒန်နိုင်ငံမှာလည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ (၂၅) ရက်နေ့က အရပ်သားအစိုးရလက်ထဲကနေ နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူခဲ့ပါတယ်။

ဆူဒန်မှာအာဏာသိမ်းတာနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက် CBS သတင်းဌာနက "ဆူဒန်မှာ စစ်တပ်ခေါင်းဆောင်က အရပ်သားခေါင်းဆောင်ကို ဖမ်းဆီးထိန်းသိမ်းကာ သူသာ အာဏာရှိသူဖြစ်ကြောင်း ကြေညာ" လို့ ခေါင်းစဉ်တပ်ပြီး "အာဖရိကတိုက်ရဲ့ အရှေ့မြောက်ဒေသမှာ ရှိတဲ့ ဆူဒန်နိုင်ငံမှာကြားဖြတ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အက်ဒူလာ ဟမ်းဒေါ့ခ်နဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေကို တနင်္လာနေ့(အောက်တိုဘာ၂၅ ရက်နေ့) မှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ဝန်ကြီးချုပ်ဟမ်းဒေါ့ခ်နဲ သူရဲ့အစိုးရအဖွဲ့ဝင်တွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့ကြလို့ဖမ်းဆီးခံရတာ ဖြစ်ကြောင်း သတင်းနဲ့ပြန်ကြားရေးဝန်ကြီးက ပြောဆို ပါတယ်။ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်လက်အောက်လွတ်မြောက်ပြီးနောက် ဟမ်းဒေါ့ခ် ဦးဆောင်တဲ့ နိုင်ငံရေးသမားတွေနဲ့ စစ်တပ်အာဏာခွဲဝေအုပ်ချုပ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဟာ ၂ နှစ်အကြာမှာ အာဏာသိမ်းခြင်း ခံရတာဖြစ်တယ်" လို့ရေးသားခဲ့ပါတယ်။

အယ်ဂျာဇီးယားသတင်းဌာနကလည်း "အယ်ဘာရှားကို ဖယ်ရှားပြီးနောက် ဆူဒန်ရဲ့နိုင်ငံရေးအခြေအနေ"လို့ခေါင်းစဉ်ပေးပြီး ရေးသားပါတယ်။ ဆူဒန်ကို နှစ်ပေါင်းများစွာအုပ်စိုးခဲ့တဲ့ အိုမာ အယ်ဘာရှားကို ဖယ်ရှားခဲ့ပြီးနှစ်နှစ်အကြာမှာ စစ်တပ်နဲ့ထင်ရှားတဲ့အရပ်သားခေါင်းဆောင်တွေကြား သတင်းပတ်များစွာ ဆက်ဆံရေးတင်းမာနေခဲ့ပြီးနောက် အာဏာခွဲဝေအုပ်ချုပ်နေတဲ့ ဝန်ကြီးချုပ်ကို စစ်တပ်ကဖမ်းဆီးခဲ့တာဖြစ်ပြီး၊ စစ်တပ်ခေါင်းဆောင်ဟာ အာဏာခွဲဝေအုပ်ချုပ်နေတဲ့ ကောင်စီကို ဖျက်သိမ်းကာ နိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့တယ် လို့ ရေးသားပါတယ်။

ဆူဒန်နိုင်ငံဟာ အာဖရိကတိုက်ရဲ့ တတိယမြောက် အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီ(၁) ရက်နေ့မှာ ဗြိတိသျှတွေလက်အောက်က လွတ်မြောက်ပြီး လွတ်လပ်တဲ့နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဆူဒန်ဟာ လွတ်လပ်ရေးရခဲ့ပေမဲ့ လွတ်လပ်ရေး ရပြီးကတည်းက တည်ငြိမ်ခဲ့တယ်လို့ကို မရှိခဲ့ပါဘူး။ မတူညီတဲ့ ဘာသာစကား၊ မတူကွဲပြားတဲ့ကိုးကွယ်ယုံကြည်မှုတွေနဲ့ နိုင်ငံရေးအင်အားစုတွေကြား ပြည်တွင်းစစ်ဖြစ်ပွါးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၉ အထိ အုပ်ချုပ်ခဲ့တဲ့စစ်အာဏာ ရှင် အိုမာ အယ် ဘာရှားလက်ထက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ကမ္ဘာမှာရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့တာတွေ၊ ၂၀၀၃ ကာလက ဒါဖောဒေသစစ်ပွဲတွေမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။ အိုမာ အယ်ဘာရှားအုပ်ချုပ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ လူပေါင်းသုံးသိန်းကနေ လေးသိန်းကြားသေဆုံးခဲ့ တယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဆူဒန်ပြည်သူတွေက အိုမာ အယ် ဘာရှားကို နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုရာကနေ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၁ ရက်နေ့မှာတော့ စစ်တပ်က အာဏာဝင်သိမ်းကာ အဆုံးသတ်ခဲ့ရပြန်ပါတယ်။ ၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၁ ရက်နေ့မှာတော့ အသွင်ကူးပြောင်းရေးစစ်ကောင်စီကနေ စစ်တပ်နဲ့ အရပ်သားနိုင်ငံရေးသမားတွေပါဝင်တဲ့(၁၁)ဦးပါအချုပ်အခြာအာဏာပိုင်ကောင်စီကိုတရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီကောင်စီမှာ အရပ်သားတစ်ဦးဖြစ်တဲ့ အက်ဒူလာ ဟမ်းဒေါ့ခ်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

အခုအခါမှာတော့ အရပ်သားတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ် အက်ဒူလာ ဟမ်းဒေါ့ခ် ထံကနေ စစ်တပ်ခေါင်းဆောင် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အက်ဒဲလ်ဖက်တာ အယ်ဘာဟမ်က အာဏာသိမ်းခဲ့ပြန်ပါပြီ။ အဲဒီလိုစစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ မြို့တော်ခါတွန်အပါအဝင် မြို့ကြီးတွေမှာ ထောင်သောင်းချီတဲ့ ဆူဒန်ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။စစ်တပ်က အကြမ်းဖက်နှိနင်းတဲ့အတွက် ၄၃ ဦးသေဆုံးပြီး၊၁၁၃ ဦးအဖမ်းခံခဲ့ရတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။ဒါပေမဲ့အာဏာသိမ်းပြီး တစ်လခန့်အကြာမှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးအက်ဒဲလ်ဖက်တာ အယ်ဘာဟမ်က ဖမ်းဆီးထားတဲ့ ဝန်ကြီးချုပ် အက်ဒူလာ ဟမ်းဒေါ့ခ်ကိုပြန်လွှတ်ပေးပြီး ဝန်ကြီးချုပ်ရာထူး ပြန်ပေးခဲ့ပါတယ်။

ဟမ်းဒေါ့ကလည်း သူရာထူးပြန်လည်လက်ခံခဲ့တာဟာ သွေးထွက်သံယိုမှုတွေ ကိုရှောင် ရှားနိုင်အောင်လို့ဆိုပါတယ်။ဒါပေမဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေကတော့ ဟမ်းဒေါ့ ဝန်ကြီးချုပ်ရာထူး ပြန်လက်ခံတာကို မကျေနပ်ကြပါဘူး။ပြည်သူတွေမကျေနပ်ကြတာ လည်း အဆိုး မဆိုသာပါဘူး။ရာထူးပြန်လည်လက်ခံပြီး တစ်လအကြာ ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ သူ့စိတ်ကြိုက် အစိုးရဖွဲ့ခွင့်မရရင် ရာထူးကနှုတ်ထွက်မယ်လို့ ဟမ်းဒေါ့က ပြောဆိုလာပါတယ်။ဒါကြောင့် ဆူဒန်နိုင်ငံရှေ့ရေးဟာ ဘာမှသေချာ ရေရာမှုမရှိတဲ့ အနေအထားလို့ဆိုရမှာပါ။ဒီအနေအထားနဲ့ ပတ်သက်လို့ နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက အခုလိုပြောပါတယ်။

"ဆူဒန်နိုင်ငံကို နှစ်ပေါင်းများစွာ ချုပ်ကိုင်လာတဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီး အိုမာအယ် ဘာရှားကို ဆူဒန်လူထု လှုပ်ရှားမှုနဲ့ဖြုတ်ချလိုက် တယ်။ လူထုဒီမိုကရေ စီအင်အားစုတွေ နဲ့စစ်တပ်က ပုဂ္ဂိုလ်တွေပါတဲ့ အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်လိုက် တယ်။ဆူဒန်ရဲ့ဒီမိုကရေစီအလားအလာဟာ အားရစရာ အနေအထားမှာရှိ တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတာက တဖြောင့်တည်းသွားတာတော့မဟုတ်ဘူး။ အတက်အကျ၊အကွေ့အကောက်တွေ ရှိတာပဲ။စစ်တပ်က အရေးပေါ်အခြေအနေေ ကြညာပြီး အရပ်ဘက်ဝန်ကြီးချုပ်ကိုဖမ်း တယ်။နိုင်ငံရေးသမားတွေဖမ်းတယ်။ ရာထူးကနေဖယ်ရှားတယ်။ အဲဒီအခါ လူထုတစ်ရပ်လုံး လမ်းပေါ်ထွက်ဆန္ဒပြတယ်။ စစ်တပ်က လူထုကိုဖြိုခွင်းတယ်။နောက်ဆုံး မရတဲ့အခါကြတော့အရပ်သားဝန်ကြီးချုပ်ကို တာဝန်ပြန်ပေးရတယ်။ဆူဒန်ဖြစ်စဉ်မှာ ဒီမိုကရေစီအင်အားစုတွေနဲ့ စစ်တပ်အကြားအပြန် အလှန် ရုန်းကန်လှုပ်ရှားနေတာတွေ့ရတယ်။ဆူဒန်နိုင်ငံရဲ့ နိုင်ငံရေး အလားအလာ ဘာလဲ။ ကျွန်တော်တို့ ကံသေ ကံမ မပြောနိုင်ဘူး။ဒါပေမဲ့ စစ်တပ်က စိတ်တိုင်းကျ ဆူဒန်နိုင်ငံကို ဖန်တီးနိုင်စွမ်း မရှိတော့ဘူးဆိုတာတော့ သေချာပြောနိုင်တယ်။"

ဆူဒန်မှာတော့ ပြည်သူလူထု အုံကြွဆန့်ကျင်နေတာကို ထိန်းနိုင်ဖို့၊သွေးထွက်သံယိုမှုတွေ ကို ရှောင်ရှားနိုင်ဖို့ ဖမ်းဆီးထားတဲ့ဝန်ကြီးချုပ်ကိုလွှတ်ပေးပြီး ညှိနှိုင်းဆောင်ရွက်နေ တာတွေ့ရပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ပြည်သူ့ဆန္ဒမဲနဲ့လွတ်လပ်စွာ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ၁၁ လ ကြာတဲ့အထိ စစ်တပ်က ဖမ်းဆီးထားဆဲဖြစ်တဲ့အပြင် ပုဒ်မတွေအမျိုးမျိုးတပ်ကာတရားစွဲ ထောင်ချနေ တာတွေ့နေရပါတယ်။ဘယ်လိုရှေ့ဆက်ကြမှာလဲ။ ဆူဒန်နဲ့ မြန်မာနိုင်ငံတို့ရဲ့အနာဂတ် နိုင်ငံရေးဟာ ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းရ ခက်လှပါတယ်။ဒါပေမဲ့ ဆူဒန်ရော မြန်မာမှာပါ စစ်တပ်ဟာ သူတို့စိတ်ကြိုက်လုပ်ချင်တိုင်း လုပ်လို့ မရနိုင်တော့ဘူးဆိုတာ ဒီကနေ့ တွေ့ကြုံနေရတဲ့ အခြေအနေတွေက သက်သေပြလို့နေပါပြီ။မြန်မာစစ်တပ် အနေနဲ့တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး မျက်ကန်းတစ္ဆေ မကြောက်ဆက်လျှောက်နေမယ်ဆိုရင်တော့ စစ်တပ်ကိုယ်တိုင် ပျက်စီးကိန်းဆိုက်ေ ရာက်သွားနိုင်တယ်ဆိုတာသတိပြုဖို့ အချိန်တန်နေပြီဖြစ်ကြောင်းပါ။

-------------------------










XS
SM
MD
LG