သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနဲ့ ကုလအထူးကိုယ်စားလှယ် ခရီးစဉ်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ မြန်မာနိုင်ငံ ရောက်ရှိ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ မြန်မာနိုင်ငံ ရောက်ရှိ။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Hayzer ဟာ သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပြီး၊ နောက်တစ်နေ့မှာတော့ နေပြည်တော်မှာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို စင်္ကာပူအခြေစိုက် CNA သတင်းဌာက မြန်မာနိုင်ငံမှာ ရက်စက်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေချိန်မှာပဲ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိကြီးတစ်ဦးရဲ့ ရှားရှားပါးပါး ခရီးစဉ်တစ်ခု ဖြစ်တယ်လို့မှတ်ချက်ပြုရေးသားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Farhan Haq ကလည်း"Noeleen Heyzar ရဲ့ခရီးစဉ်ဟာ ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေကို သတင်းစကားပါးဖို့နဲ့ ပဋိပက္ခတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးရေးအတွက် ခိုင်မာတဲ့ခြေလှမ်းတွေ လှမ်းနိုင်အောင် အဆိုပြုဖို့ ဖြစ်တယ်။ အခုလို ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုဟာ မြန်မာ စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုဖို့ မဟုတ်ပါဘူး"လို့သြဂုတ်လ ၁၇ ရက်နေ့က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းစွာ ပြောကြားခဲ့တာ တွေ့ရပါတယ်။

ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့နဲ့ သေဒဏ်ပေးခြင်းခံထားရသူတွေကို နောက်ထပ်ကွပ်မျက်တာတွေ မလုပ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ Noeleen Hazer က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းခဲ့သလို သြစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်ကိုလည်း လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Noeleen Heyzar ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး တစ်နှစ်အကြာမှသာ မြန်မာနိုင်ငံကို လာခွင့်ရတဲ့ ပထမဆုံးခရီးစဉ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ နောက်ထပ်သေဒဏ်ပေး ကွပ်မျက်တာတွေ မလုပ်ဖို့ အဓိကထား တောင်းဆိုခဲ့တာ တွေ့ရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဖမ်းဆီးထောင်ချခံရသူတွေဟာ လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်မှုတွေကို မရရှိခဲ့ကြပါဘူး။ စစ်ခုံရုံးတွေနဲ့ စစ်တပ်ကထိန်းချုပ်ထားတဲ့ တရားရုံးတွေက ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်တဲ့အတွက် တရားဥပဒေကြောင်းအရ မေးခွန်းထုတ်စရာ၊ အငြင်းပွားစရာအခြေအနေတွေ ဖြစ်နေတာတွေ့ရမှာပါ။အထူးသဖြင့် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်ခဲ့တာဟာ ဥပဒေကြောင်းအရ အငြင်းပွားဖွယ်ဖြစ်ခဲ့ရသလို တကမ္ဘာလုံးရဲ့ ပြစ်တင်ရှုတ်ချခြင်းကိုလည်း ခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၂၊သြဂုတ်လ ၁၈ ရက်နေ့ ဖော်ပြချက်အရ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးချပ်နှောင်ခံထားရသူပေါင်း ၁၂,၀၅၆ ဦး ရှိပြီး၊ ၎င်းတို့အနက်မှ ၁,၃၉၆ ဦး မှာထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း၊ သေဒဏ်ချမှတ်ခံထားရသူ ၁၂၅ ဦးရှိပြီး ၄ ဦးကို ကွပ်မျက်ပြီးဖြစ်ကြောင်း၊ သေဒဏ်ပေးခြင်းခံထားရသူတွေထဲမှာ အသက်မပြည့်သေးသူ ကလေး ၂ ယောက် ပါဝင်ကြောင်း ဖော်ပြထားပါတယ်။ ပိုဆိုးတာက ထောင်ဒဏ်ချမှတ်ထားခြင်းခံရသူတွေဟာ တစ်နှစ်ကျော်လာပေမဲ့ မိသားစုတွေနဲ့ ထောင်ဝင်စာတွေ့ခွင့် တစ်ကြိမ်တစ်ခါမှ မရကြတာပါပဲ။

ထောင်ဝင်စာတွေ့ခွင့်မရတဲ့အကြောင်းကို VOA သတင်းဌာနက ဇူလိုင် ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့တာတွေ့ရပါတယ်။ အဲဒီလို ထုတ်လွှင့်ရာမှာ ထောင်ဒဏ်ကျခံနေရတဲ့ သတင်းထောက်တဦးရဲ့ဖခင်တစ်ဦးက "ခု ဇူလိုင် ၂၄ ဆို သုံးလပြည့်ပြီပေါ့။ ဒါပေမယ့် အပြင်လူနဲ့ လုံးဝတွေ့ခွင့်မရှိဘူး။ သူတို့က ကိုဗစ်အကြောင်းပြထားတယ်ပေါ့လေ။ သူတို့လုပ်ချင်တာ လုပ်လို့ရနေတဲ့အချိန်ပဲဗျာ။ ကိုယ်တွေက ဘာပြောလို့ရမှာလဲ။ ခံစားရတာတခုပဲ ရှိတာပေါ့"လို့ ပြောကြားခဲ့ပါတယ်။

အကျဉ်းဦးစီးဌာနကတော့ ကိုဗစ်ကပ်ရောဂါအခြေအနေအရ ထောင်ဝင်စာတွေ့ခွင့် မပြုတာလို့ အကြောင်းပြပါတယ်။ အကျဉ်းဦးစီးဌာနအနေနဲ့ ကိုဗစ်ကပ်ရောဂါကို အကြောင်းပြပေမဲ့၊ ပြီးခဲ့တဲ့ ဧပြီလမှာ လူအများပါဝင်လေ့ရှိတဲ့ သကြန်ပွဲတော်ကို စစ်ကောင်စီက ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် သကြန်အပြီးမှာ ရုပ်ရှင်ရုံတွေကိုလည်း ပြန်လည်ဖွင့်လှစ်ခဲ့တာ တွေ့ကြရမှာ ဖြစ်ပါတယ်။

အမှန်ဆိုရင် ထောင်ဒဏ်ချမှတ်ခံရပြီးသူတွေဟာ တစ်လကို အနည်းဆုံး နှစ်ကြိမ်၊ ဒါမှမဟုတ် တစ်ကြီမ် မိသားစုနဲ့ တွေ့ခွင့်ပေးရမှာ ဖြစ်ပါတယ်။ အကျဉ်းထောင်က်စွဲအပိုဒ် ၇၈၀ မှာ အခုလို ဖော်ပြထားပါတယ်။ "ပြစ်ဒဏ်ကျခံရသည့် အကျဉ်းသားသစ်အား ၎င်း၏မိတ်ဆွေများ (သို့) ဆွေမျိုးများတို့နှင့် တွေ့ဆုံခြင်း (သို့) ဆက်သွယ်ခြင်း ပြုလုပ်ပြီး အယူခံတင်သွင်းရန်အတွက် စီရင်ရန် (သို့) အာမခံရရှိစေရန်အတွက် စီရင်ရန် သင့်တော်သော ခွင့်ပြုမှုပေးရမည်။ ၎င်းအား မိတ်ဆွေများနှင့် တွေ့ဆုံခြင်း (သို့) စာရေးခြင်းကို တစ်လလျှင် တစ်ကြိမ် (သို့) နှစ်ကြိမ် ခွင့်ပြုမည်။ ၎င်း၏ ပစ္စည်းပစ္စယများအား ကြီးကြပ်ကွပ်ကဲရန်အတွက် စီစဉ်ဆောင်ရွက်ရန် လိုအပ်သည်ဟု အကျဉ်းထောင်တာဝန်ခံမှ ထင်မြင်ယူဆလျှင် မကြာခဏ တွေ့ဆုံဆက်သွယ်ခွင့်ပြုမည်။

အကျဉ်းထောင်လက်စွဲအရဆိုရင် ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့် ရကို၊ရကြရမှာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်လို့ဖမ်းဆီးထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခြင်းခံရတာ တရားမျှတပါရဲ့လား မေးခွန်ထုတ်စရာ ဖြစ်သလို၊ ထောင်ဒဏ်ချမှတ်ခံရပြီးနောက်မှာလည်း အကျဉ်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ဆုံးရှူံးနေတာဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပါ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzar ရဲ့ရည်ရွယ်ချက် တစ်ခုဖြစ်တဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ရေး တောင်းဆိုချက်ဟာ လက်တွေ့အောင်မြင်အောင် ဆောင်ရွက်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်

=== Unicode ===










XS
SM
MD
LG