သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲဒေသ နှစ်ဖက် ပူးတွဲ စုံစမ်းစစ်ဆေးမည်


ကချင်လွတ်မြောက်ရေးတပ် စစ်စခန်း။
ကချင်လွတ်မြောက်ရေးတပ် စစ်စခန်း။

ဖားကန့်နဲ့ တနိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ အစိုးရစစ်တပ်နဲ့ ကချင်တပ်ဖွဲ့တို့ရဲ့ ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့တွေ မြစ်ကြီးနားမြို့မှာ အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့တဲ့နောက် တိုက်ပွဲဖြစ်ပွားရာဒေသကို အတူပူးတွဲပြီး စုံစမ်းစစ်ဆေးဖို့ သဘောတူခဲ့ပါတယ်။ ပူးတွဲစုံစမ်းစစ်ဆေးတာကိုတော့ မနက်ဖန်မှာ စတင်ဖွယ်ရှိနေပြီး ဒါဟာ ၄နှစ်နီးပါးကြာ စစ်ပွဲကာလအတွင်း ပထမဆုံး ပူးတွဲစုံစမ်းစစ်ဆေးမှာ လည်းဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ဖားကန့်နဲ့ တနိုင်းဒေသတွေ အတွင်းမှာ ဒီလ ၁၈ရက်ကနေ၂၁ထိ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO အကြား ၄ရက်နီးပါး တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ KIAရဲ့ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့တွေဟာ ဒီလ ၂၇ရက်နေ့ မှာ မြစ်ကြီးနားမြို့ မှာ တွေ့ဆုံခဲ့ပါတယ်။

နှစ်ဖက် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ တွေ့ဆုံပွဲမှာ တိုက်ပွဲဖြစ်ပွားရာဒေသတွေ ကို နှစ်ဖက် ကိုယ်စားလှယ်တွေ သွားရောက်ပြီး ပူးတွဲစုံစမ်းစစ်ဆေးဖို့တွက် အကြမ်းအားဖြင့် သဘောတူခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ လုပ်ငန်းညှိနှိုင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက အခုလိုပြောပါတယ်။

" တကယ့်ခိုင်လုံတဲ့ အနေအထားနဲ့ ငြိမ်းချမ်းရေးကို ဦးတည်မယ့် ကွင်းဆင်းလေ့လာမှုမျိုးကို ကျနော်တို့ က ဘာပဲပြောပြော လုပ်သင့်တယ်ဆိုတဲ့ အနေအထားမှာ သဘောတူကြတာပါ။ အပေါ်ယံအားဖြင့်ပေါ့နော်။ ခွင့်ပြုချက်ရဖို့က ကျနော်တို့ KIO ဘက်ကို တင်ပြရသလို အစိုးရ စစ်ဌာနချုပ်တွေကိုလည်း တင်ပြရတယ်။ တင်ပြထားတဲ့အပေါ် ခွင့်ပြုတဲ့ရက်ပေါ့။ ခွင့ပြုချက်ကျတဲ့နေ့ အဲ့ဒီ့နေ့ကို သူတို့စီစဉ်ထားပါတယ်။"

KIOဖက်ကတော့ ခွင့်ပြုချက်ရရှိထားပြီး လုပ်ငန်းညှိနှိုင်းအဖွဲ့ခေါင်းဆောင် ဗိုလ်မှုးကြီးဇော်တောင် က ဦးဆောင် သွားရောက်ဖို့ ရှိနေပါတယ်။ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCGအဖွဲ့ ဦးလမိုင်ဂွမ်ဂျာက မနက်ဖန်မှာ ပူးတွဲစစ်ဆေးတာတွေ စတင် လုပ်ဆောင်နိုင်တယ်လို့လည်း ပြောပါတယ်။

" အဲ့တာ သဘောတူချက်ရပြီ။ မနက်ဖြန်လောက်တော့ သွားဖြစ်မယ်ထင်တယ်။ သွားဖြစ်ဖို့ သေချာသလောက်တော့ ရှိတယ်။ အစိုးရဘက်ကလည်း ဒီနေ့တော့ မနက်ဖြန်သွားဖို့အတွက်ဆိုပြီးတော့ သူတို့ကပြောတယ်ဗျ။ ဘယ်သူတွေပါမယ် ဆိုတာတော့ ကောင်းကောင်းမသိရသေးဘူးခင်ဗျ။"

ဒီလိုပူးတွဲစစ်ဆေးနိုင်မယ်ဆိုရင် ဒါဟာ ၂၀၁၁ခုနှစ် စစ်ပွဲစတင်ပြီး ၄နှစ်နီးပါး ကာလအတွင်းမှာ ပဋိပက္ခဖြစ်ပွား တာတွေကို ပထမဆုံး ပူးတွဲစုံစမ်း စစ်ဆေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလို ပူးတွဲစုံစမ်းစစ်ဆေးနိုင်မယ်ဆိုရင် ပစ်ခတ် တိုက်ခိုက်တာတွေဟာ လျော့ကျလာမယ့်လို့လည်း ဦးလမိုင်ဂွမ်ဂျာက မျှော်လင့်ကြောင်း ပြောပါတယ်။

"အောက်ခြေမှာ လိမ်နေတာ ရှိတယ်ဗျ။ တပ်ကသော်လည်းကောင်း၊ KIA ကသော်လည်းကောင်း၊ အမှန်အကန်သတင်းတွေက မရဘူးလေ။ သူပစ်လို့ကိုယ်ပစ်တယ်။ ကိုယ်ပစ်လို့သူပစ်တယ် ဆိုတာချည်းပဲ အငြင်းအခုံဖြစ်ဖြစ်နေတဲ့ အခါကျတော့ အခုလို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ နှစ်ဖက်က သွားရောက်ပြီးတော့ လေ့လာစုံစမ်းပြီးတော့မှ ဆိုရင် နောက်နောင် ဒါမျိုးလည်း မဖြစ်ရလေအောင်ပေါ့။ ဘယ်သူမှလည်း အငြင်းပွားမှု မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့အတွက်ကို အကျိုးက တော်တော်လေး ရှိနိုင်မယ်လို့ ကျနော်တို့ထင်တယ်လေ။"

KIO ဖက်ကလည်း ဒီပူးတွဲစုံစမ်းစစ်ဆေးနိုင်မယ်ဆိုရင် တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်း ကို သေချာ သိရရင် တိုက်ပွဲတွေ လျော့ချနိုင်မယ်လို့ ယူဆ ထားသလို နှစ်ဖက် တပ်တွေအကြား အကြမ်းဖျင်းအားဖြင့် နယ်နမိတ် ပိုင်းခြား နိုင်မယ် လို့ မျှော်လင့်ထားပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့ NCCT အကြားမှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCAကို လာမယ့်လအတွင်း လက်မှတ်ရေးနိုင်ဖို့ ကြိုးစားနေပါတယ်။

တကယ်လို့ NCA လက်မှတ်ရေးထိုးပြီး အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ Joint Monitoring Comittee ပူးတွဲဖွဲ့စည်းနိုင်မယ်၊ နောက် နှစ်ဖက်တပ်တွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း Code of Conduct တွေကို ရေးဆွဲနိုင်မယ် ဆိုရင်တော့ တိုက်ပွဲတွေ စတင်တဲ့ အဖွဲ့ကို အရေးယူဖို့အတွက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG