သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCAဆွေးနွေးပွဲရလဒ်ထွက်ပေါ်လာဖို့ NLDနှင့်တိုင်းရင်းသားအဖွဲ့တွေမမျှော်လင့်


NLD နဲ့ NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ NLDဌာနချုပ်မှာ ဆွေးနွေးနေစဉ် (ဇန်နဝါရီလ ၄ရက် ၂၀၁၆)
NLD နဲ့ NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ NLDဌာနချုပ်မှာ ဆွေးနွေးနေစဉ် (ဇန်နဝါရီလ ၄ရက် ၂၀၁၆)

NCA စာချုပ်အရ မကြာခင်ရက်ပိုင်းအတွင်းကျင်းပတော့မယ့် နောက်ဆုံး အဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ အားလုံးသဘောတူညီတဲ့ ဆုံးဖြတ်ချက်၊ အတည်ပြုချက်စတဲ့ရလာဒ်တွေ ထွက်ပေါ်လာအုံးမှာ မဟုတ်သေး ဘူးလို့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော၊ NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာပါ တူညီတဲ့သဘောထားရှိနေပါတယ်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မနေ့က သူရဲ့လွတ်လပ်ရေးနေ့မိန့်ခွန်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရဖွဲ့စည်းပြီးချိန် ပထမဦးဆုံး တာဝန်ဟာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဖြစ်ပြီး တကယ် ထိရောက်တဲ့ ငြိမ်းချမ်းရေး ညီလာခံတစ်ခု ကျင်းပ သွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

မြန်မာအစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလို့ အမည်ပေးထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး NLD ပါတီက တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့ကိုယ်စားလှယ်တွေဟာ မနေ့က NLD ရန်ကုန်ဌာနချုပ်မှာ နှစ်ဖက်တွေ့ဆုံပြီး သဘောထားအမြင်တွေကိုဆွေးနွေးခဲ့ကြတာပါ။ နှစ်ဖက်အဓိကတူညီတဲ့ အမြင်သဘောထားကို ဆွေးနွေးပွဲမှာပါဝင်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ဦးခွန်မြင့်ထွန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဓိကအားဖြင့်တော့ လက်ရှိအစိုးရလက်ထက်မှာ NCA သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ နောက်လွှတ်တော်မှာကန့်ကွက်မဲ့သူ မရှိအတည်ပြုနိုင်ခဲ့တယ်။ နောက်နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် စပြီးအုတ်မြစ်တွေချနိုင်ခဲ့တာကြောင့် နိုင်ငံရေးအရတိုးတက်မှုတရပ် ကိုပဲအဓိကထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုကျင်းပနိုင်တဲ့အဆင့်ပါ။ ဒီညီလာခံမှာတော့ခေါင်းစဉ် တရပ်ဆွေးနွေးပြီးတော့မှ အဖြေထွက်အောင်အထိဆွေးနွေးတဲ့ရလဒ်မျိုးတော့ရနိုင်အုံးမယ်အနေအထားမရှိပါဘူး။နိုင်ငံရေးအရတိုးတက်မှုတရပ်ကိုပဲအဓိကထားရမှာဖြစ်ပါတယ်။”

ဒါပေမယ့် လက်ရှိအစိုးရက ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံမှာ NLDဘက်က နိုင်ငံရေးပါတီကိုယ်စားလှယ်အနေနဲ့ပဲ ပါဝင်မှာဖြစ်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

“NLD ကအခုဟာကအနိုင်ရရှိထားတဲ့ပါတီဆိုတာမှန်တယ်။ သို့သော်အစိုးရအနေနဲ့ အာဏာကိုလွဲှပြောင်းရယူထားတာမရှိသေးတဲ့ အတွက်အခုလက်ရှိဖွဲ့စည်းထားတဲ့အခြေအနေအရပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ နဲ့အစိုးရဆိုတဲ့ခေါင်းစဉ်နဲ့ပါအုံးမှာမဟုတ်သေးပါဘူး။ သို့သော် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အချိုးအစားမှာ ရော၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များအစုအဖွဲ့ကနေ အချိုးကျပါဝင်ခွင့်ရှိပါတယ်။”

အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာပါတဲ့ အချက်တွေကို လက်ရှိမြန်မာအစိုးရဘက်က အဆင့်ဆင့်အကောင်ထည်ဖေါ်ဆောင်ရွက်နေရာမှာ အခုနောက်ဆုံးအဆင့်ဖြစ်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဇန်နဝါရီလ (၁၂)ရက်နေ့မှာကျင်းပဖို့ ပြင်ဆင်နေတာပါ။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီဘက်ကကိုယ်စားလှယ်တွေအားလုံးပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို(၅)ရက်ကြာကျင်းပဖို့လျာထားပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပပြီးစီးပြီးနောက်မှာတော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုရပ်ဆိုင်းထားပြီး နောက်လွှတ်တော်သက်တမ်း အသစ်ခေါ်ယူပြီးနောက် အစိုးရသစ်ဖွဲ့စည်းပြီးချိန်မှာ လွဲှပြောင်းပြီးဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်မှာဖြစ်တယ်လို့ဦးခွန်မြင့်ထွန်းကပြောပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရကဦးဆောင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေအပြင် လေ့လာသူတွေအပါအဝင် စုစုပေါင်း လူဦးရေ (၇၅၀)တက်ရောက်နိုင်ဖို့စီစဉ်ထားပါတယ်။

XS
SM
MD
LG