အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေတဲ့ မြန်မာအပါအ၀င် အာဆီယံ လူထုအခြေပြုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ မနေ့က အိမ်ဖြူတော်မှာ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Susan Rice တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေတွေကို အဓိကဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။
တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူတွေ ရဲ့ ခေါင်းဆောင်ကောင်း တဦး အဖြစ် အမေရိကန်ပြည်ထောင်စုက သဘောထားကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှာ မနေ့ကပုံမှန်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသွားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်က ဖိတ်ခေါ်ထားတဲ့ အာဆီယံ (၁၀)နိုင်ငံက လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တွေကို မနေ့က အမေရိကန်အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် သံအမတ်ကြီး Susan Rice တွေ့ဆုံပြီး ဒေသတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေး ပြောခွင့်ရပုဂ္ဂိုလ် Myles Caggins က ဗွီအိုအေကို အခုလိုပြောပါတယ်။
"သံအမတ်ကြီး Rice က ဒီအစည်းအဝေးမှာ အလေးပေး ပြောဆိုသွားတာက အာရှနဲ့ ဆက်ဆံရေးကို အမေရိကန်က ပြန်လည် ထိန်းညှိရာမှာ ဒေသတွင်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်နဲ့ လူ့အခွင့်အရေး အပါအ၀င် လူမှုအဖွဲ့အစည်းတွေကို ပံ့ပိုး ကူညီမှုတွေ ကို အဓိကထား ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ဒါကိုလည်း မကြာခင် Sunnylands မှာကျင်းပတော့မယ့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေး မှာလည်း သမ္မတ အိုဘားမားက ဦးစားပေး ဆွေးနွေး မှာဖြစ်တယ် လို့ ပြောသွား ပါတယ်။
ဆွေးနွေးပွဲမှာ အာဆီယံ လူမှုအခြေပြု အဖွဲ့အစည်းတွေက ပြန်လည်ဆွေးနွေးခဲ့တဲ့ အချက်နဲ့ ပတ်သက်လို့လည်း Myles Caggins ကအခုလိုပြောပါတယ်။
"လူထုအခြေပြုအဖွဲ့အစည်းတွေအတွက် နိုင်ငံတကာက လက်ခံထားတဲ့အခွင့်အရေး၊ လွတ်လပ်ခွင့်ကို လေးစားလိုက်နာဖို့နဲ့ နိုင်ငံရေးအရ ကျယ်ကျယ်ပြန့် ပြန့် လှုပ်ရှားနိုင်တဲ့ အခြေအနေပေးဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်လာသူ အားလုံးက မီးမောင်းထိုးပြောဆိုခဲ့ကြပါတယ်။"
ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဌာနမှာ မနေ့က ကျင်းပတဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့လာမယ့် အမေရိကန် အာဆီယံထိပ်သီး အစည်းအဝေးပွဲ တက်ရောက်ဖို့ အစီအစဉ်ပျက် သွားတာနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ အကြောင်းရင်းကို မသိရပေမဲ့ ဆွေးနွေးပွဲ တက်ရောက်မယ့် အာဆီယံခေါင်းဆောင်တွေရဲ့အမည်စာရင်းတွေကို အိမ်ဖြူတော်ဘက်က အပြီးသတ်ဆောင်ရွက်နေကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner ပြောသွားပါတယ်။
"ဒီထိပ်သီးဆွေးနွေးပွဲကို သမ္မတ အိုဘားမားက အိမ်ရှင်အဖြစ် ကျင်းပ တာပါ။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီလည်း အဲဒီမှာ ရှိနေပါလိမ့်မယ်။ ညီလာခံကို တက်ရောက်မယ့် အစိုးရကိုယ်စားလှယ် အဖွဲ့စာရင်းတွေကို သူတို့အပြီးသတ်နေတုန်း ရှိပါသေးတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ စိန်ခေါ်မှုကို ရင်ဆိုင်နေရပေမဲ့လည်း သူဟာ မြန်မာပြည်သူတွေ ရဲ့ ခေါင်းဆောင်ကောင်းတဦးလို့ မိမိတို့အနေနဲ့ သဘောထားကြောင်း Mark Toner ကပြောပါတယ်။
အရင်က မြန်မာနိုင်ငံကြောင့် အာဆီယံနဲ့ အမေရိကန်ဆက်ဆံရေး အဖုအထစ်ဖြစ်နေ ရာ ကနေ အခု မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဆောင်ရွက် မှုတွေကြောင့် နှစ်ပေါင်းများစွာ ကြာပြီးနောက်မှ အခုလို ပထမဆုံးအကြိမ် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စုမှာ လက်ခံ ကျင်းပတာဖြစ်ပါတယ်။