သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာမြို့ခံတွေလုံခြုံရေးအတွက် စိုးရိမ်နေဆဲ


မိတ္ထီလာမြို့ အကြမ်းဖက်အဓိကရုဏ်းကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ မြင်ကွင်း
မိတ္ထီလာမြို့ အကြမ်းဖက်အဓိကရုဏ်းကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ မြင်ကွင်း
မန္တလေးတိုင်း မိတ္တီလာမြို့မှာ သွေးထွက်သံယို ဆူပူမှုတွေ ဖြစ်ပွား ခဲ့ပြီးနောက် အခြေအနေတွေ တည်ငြိမ်စ ပြုလာပေမဲ့ ဒုက္ခသည်တွေနဲ့ မြို့ခံတွေကတော့ လုံခြုံရေးအတွက် စိတ်မအေးနိုင်သေး ဘဲ ဖြစ်နေကြပါတယ်။ အခုအခါ ထောင်ဂဏန်း ချီရှိတဲ့ မူဆလင် ဒုက္ခသည်တွေကိုတော့ မြို့ခံတွေသာမက တခြားလူမှုရေး အဖွဲ့အစည်းတွေကပါ ဝိုင်းဝန်းကူညီစောင့် ရှောက်နေကြရတာပါ။ မိတ္ထီလာနဲ့ အနီးအနားမြို့တွေက နောက်ဆုံးအခြေအနေတွေကိုတော့ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မိတ္ထီလာမြို့ ရွှေဆိုင်တဆိုင်ကနေ စတင်ဖြစ်ပွားခဲ့ရတဲ့ အကြမ်းဖက်မှုတွေအတွင်း အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ အရေအတွက်ထက် ပိုပြီးတော့ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်ဆိုပြီး မြို့ခံတွေက တွက်ဆထားပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည်တွေကြား အစ္စလာမ်ဘာသာဝင်တွေ အများဆုံးရှိနေ တယ်ဆိုပြီး မြို့ခံတွေက ဆိုပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ မြို့ခံတဦးကတော့

“ဒုက္ခသည်တွေကို ခရိုင်အားကစားကွင်းရယ်၊ နောက်တခုက တီတီစီကျောင်းဝင်းရယ် အဲ့ဒီနေရာမှာတော့ သူတို့ ထားထားတယ်။ ခရိုင်အားကစားကွင်းမှာက အစိုးရအဖွဲ့ အစည်းတွေ ပြောတာကတော့ ထောင်ပိုင်းလောက်ရှိတယ်။ ဒါပေမဲ့ ကျနော် သွားကြည့်တဲ့အချိန်မှာတော့ တော်တော်များပါတယ်။ ၆ ထောင် ၇ ထောင်လောက်ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ အစ္စလာမ်ဘာသာဝင်တွေ များပါတယ်။ အိမ်တွေ မီးထဲပါသွားတဲ့ မီးဘေးသင့် မြန်မာဗုဒ္ဓဘာသာဝင် ဒုက္ခသည်တွေလည်း အဲ့ဒီမှာရှိပါတယ်။ ဒုက္ခသည်တွေဆီကို သွားရောက်ပြီးတော့မှ ကိုယ့်ဘက်က တတ်နိုင်သလောက်လေး လှူဒါန်းမယ်ဆိုရင်တော့ လှူဒါန်းလို့ရပါတယ်။ အဲ့ဒီမှာ လောလောဆယ် ရဲတွေကနေပဲ လုံခြုံရေးအနေနဲ့ ချထားပေးတာရှိပါတယ်။”

မိတ္ထီလာပြည်သူ့ အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေးကတော့ မိတ္ထီလာမြို့မှာ အကြမ်းဖက်မှုတွေကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေဆဲပဲလို့ ဆိုပါတယ်။

“ဒီကနေ့ နောက်ဆုံးအနေအထားက စစ်အုပ်ချုပ်ရေးဝင်တယ်လို့ ပြောပေမဲ့ ဗမာတွေလည်းပဲ အခုအချိန်မှာ စိတ်မအေးရသေးဘူး။ ကိုယ့်လမ်းကိုယ်ကို ပြန်ပြီးတော့ လုံခြုံရေးတွေ ယူနေရတုန်းပဲ။ ညဘက်ကို မီးစုန်းပစ်မလားဆိုပြီး စိုးရိမ်ရတာတွေ ရှိသေးတယ်။ မူဆလင်တွေကလည်း ကိုယ့်အိမ်ကိုယ် ပြန်မလာရဲသေးဘူး။ ပြန်လာဖို့ ကျတော့လည်း သူတို့မှာလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်။ ကျမလေ့လာလိုက်ကြည့် တဲ့အခါမှာ မူဆလင်တွေ ပိုင်တဲ့အိမ်တွေက တော်တော်လေး မရှိသလောက်ကို ပျက်စီးသွားတယ်။ လမ်းမတန်းတွေမှာရှိတဲ့ တိုက်ကြီးတွေ၊ တိုက်ကြီးတွေဆိုရင် အထဲမှာလည်း ဘာပစ္စည်းမှကို မရှိတော့ဘူး။ မီးရှို့ပြီးတော့ နောက်ပိုင်း လုတာတွေရောပေါ့နော်။ မီးတွေလောင်နေတဲ့ ချမ်းအေးဆိုတဲ့ ရပ်ကွက်ဆိုလို့ရှိရင် မူဆလင်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃၊ ၄ ဆိုပြီး အပိုင်း ၄ ပိုင်းပိုင်းထားတယ်။ အဲ့ဒါဆိုရင် ပြားပြားဝပ်တွေ မီးတွေ အကုန်လောင်ထားတာ”

အကြမ်းဖက်မှုတွေကို ကိုယ်တိုင်မြင်တွေခဲ့ရတဲ့ မြို့ခံကတော့ သူရှေ့မှာတင် သတ်ဖြတ်မှု
တွေနဲ့ အလောင်းတွေကို မီးရှို့ဖျက်စီးမှုတွေကို မြင်ခဲ့ရကြောင်း ဒီ့အတွက် သေဆုံးမှုဟာ အစိုးရခန့်မှန်းချက်ထက် ပိုနိုင်တယ်လို့ဆိုပါတယ်။ ဒေသခံတွေ သဘောကတော့ ဒုက္ခသည်တွေကို မောင်းထုတ်ဖို့အထိ မုန်းတီးတဲ့အခြေအနေ မရှိတဲ့အကြောင်း ပြောပြ ပါတယ်။

“သူတို့ရေးထားတာကတော့ ၃၀ ကျော်ပေ့ါ။ ကျနော်တို့ အထင်ကတော့ အဲ့ဒီထက် ပိုမှာပါ။ တချို့နေရာတွေမှာကျတော့ မီးကလည်း အရမ်းလောင်၊ မီးလောင်မှုကလည်း ဖြစ်ပွားနေ
တော့ ရိုက်သတ်ပြီး မီးလောင်နေတဲ့ အိမ်တွေထဲ ပစ်ထည့်တဲ့ဟာမျိုးတွေ၊ စာရင်းမပေါ် တဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိတယ်။ လူသတ်မှုပေါ့။ အများကြီးရှိပါတယ်။ အဲ့ဒီတော့ ၃၀ ကျော် မကပါဘူးခင်ဗျ။ သတ်ဖြတ်တဲ့နေရာမှာလည်း လက်က အတော်လေး ယဉ်ပါးတဲ့ပုံစံမျိုးတွေပေါ့။ အဲ့ဒါမျိုးတွေတော့ တော်တော်များများ ကျနော်တို့ ကြုံတွေ့ခဲ့ရတယ်ပေါ့။ ဒုတ်နဲ့ ရိုက်တဲ့နေရာမှာရော၊ ဓားနဲ့ထိုးတဲ့နေရာမှာတွေရောက ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲနဲ့ ဒီဥစ္စာကြီးကို လုံး၀ မုန်းတီနာကြီးပြီး လုပ်နေတဲ့ ပုံစံမျိုးတွေ ပေါ်လွင်နေတယ်။ အငြိုးအတေးတွေနဲ့ လုပ်နေတဲ့ ပုံကြီးတွေ ပေါ်လွင်နေ တာပေါ့။ ပဋိပက္ခဖြစ်လာပြီးဆိုမှ လုံးဝကြီး မောင်းထုတ်မယ်ဆိုတာတော့ လုံး၀ မဖြစ်နိုင် ဘူးလို့ ကျနော်တို့ကတော့ ထင်ပါတယ်။ လူတွေလည်း အသက်ဆုံးရှုံးခဲ့ရတယ်။ အိုးအိမ်တွေလည်း ပစ်ပြီးတော့မှ ဒုက္ခတွေ အများကြီးရောက်နေတဲ့အချိန်မှာ ကျနော်တို့ ထပ်ပြီးတော့မှ မြို့ခံလူထုကလည်း လုံး၀ လက်မခံဘူးဆိုရင် ဒီပြဿနာကြီးက လုံး၀ ဖြေရှင်းလို့ရမှာမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ မြင်တယ်ဗျ။ အကုန်လုံးကတော့
လောလောဆယ် စိုးရိမ်နေတဲ့ အခြေအနေမှာပဲ တွေ့နေရတယ်။ စစ်တပ်က ရောက်လာ တာတော့ ရောက်လာတာပေါ့နော်။ ကျနော်တို့ အခုချိန်မှာ မြို့ခံတွေကတော့ ကိုယ့်ရပ်ကွက်တွေ ရပ်ကွက်တွေမှာ လမ်းတွေမှာ ကင်းစောင့်နေရတာမျိုးတွေ ရှိပါတယ်။ အရေးပေါ်အခြေအနေ ချထားတယ်ဆိုပေမဲ့ စစ်တပ်ကလည်း မြို့ထဲက တချို့နေရာလေးတွေမှာတော့ အစောင့်ချထားတာလေးတွေရှိပါတယ်။ ညဘက်ဆိုရင်တော့ စစ်ကားပတ်တယ်။ ဒါပေမဲ့ မြို့ခံတွေကတော့ ကိုယ့်ရပ်ကွက် ကိုယ့်နေရာကိုယ် လုံခြုံဖို့ကတော့ လမ်းတွေမှာ စောင့်နေရတယ်။ ကျနော်တို့ကိုယ်တိုင်လည်း လုပ်နေရတယ်ပေါ့ အဲ့ဒါမျိုး။”

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး ရုန်းရင်းဆန်ခတ် အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ခဲ့ပြီးတော့ လူတွေ သေဆုံး ဒဏ်ရာရခဲ့တဲ့ မိတ္ထီလာမြို့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ
နိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါတယ်။

သူဟာဒုက္ခသည်တွေကို တွေ့ဆုံပြီး အားပေးခဲ့ပါတယ်။ လက်ရှိမှာတော့ မြန်မာအစိုးရ အနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရတဲ့ မိတ္ထီလာလိုပဲ ဝမ်းတွင်း၊ မလှိုင်၊ သာစည် စတဲ့နေရာတွေမှာလည်း အရေးပေါ်အခြေအနေတွေ ထုတ်ပြန်ထားရပါတယ်။

အလားတူပဲ တမြို့နဲ့တမြို့ကူးစက်မှုတွေ ဖြစ်လာတာမျိုး ရေရှည် မလုံမခြုံ ဖြစ်နေရမယ့် အခြေအနေမျိုး ဖြစ်လာမှာကို မလိုလားဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မိတ္ထီလာမြို့မှာ လူသေဆုံး ထိခိုက်မှုတွေအတွက် ကန့်ကွက်တဲ့အနေနဲ့ တက်ကြွလှုပ်ရှားသူ အစ္စလာမ်ဘာသာဝင်တွေက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး လူနည်းစုတွေကို အကာအကွယ်ပေးဖို့လည်း တောင်းဆိုတိုက်တွန်းသွားကြ ပါတယ်။
XS
SM
MD
LG