သုံးရလွယ်ကူစေသည့် Link များ

မိတ္ထီလာလုံခြုံရေး တဖန်တိုးမြှင့်


၂၀၁၃၊ မေလအတွင်းက မငြိမ်မသက်မှုတွေကြောင့် မိတ္ထီလာ လုံခြုံရေး တိုးမြှင့်ထားပုံ။
မန္တလေးတိုင်း မိတ္ထီလာမြို့ကပြည်သာယာရပ်ကွက်မှာ မငြိမ်မသက်မှု အနည်းငယ် ဖြစ်ခဲ့တဲ့အတွက် အရင်လို လူမှုရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် အာဏာပိုင်တွေက လုံခြုံရေးကို တိုးမြှင့် ချထားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က ပြည်သာယာ ရပ်ကွက်မှာ ဆွေမျိုးအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မငြိမ်မသက်မှု အနည်းငယ် ဖြစ်ခဲ့တာပါ။ ဒီအတွက် လုံခြုံရေး တိုးပြီးချထားလိုက်တဲ့အကြောင်း မြို့ခံသတင်းစာဆရာ ဦးတင်လှိုင်က ပြောပါတယ်။

“မနေ့တုန်းက သူတို့ ၁၁ ရက်နေ့၊ ငါးနာရီခွဲမှာ ပြည်သာယာ (၁) လမ်း မှာပေါ့လေ၊ ဆွေမျိုးသားချင်း စကားများရန်ဖြစ်ကြတာ၊ အစ္စလာမ်အချင်းချင်းပဲ။ သုံးယောက်ကနေ ဖိုးဖြူ (ခေါ်) ဝင်းကိုကို-ကို ဓားနဲ့ထိုးသတ်လိုက်တာပေါ့။ ဝင်းကိုကိုက အရင်က အစ္စလာမ်ပဲ။ အစ္စလာမ်ကနေပြီးတော့ အရေးအခင်း ကာလနောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင်ဖြစ်သွားတယ်။ မနေ့ညက (၅) နာရီ ခွဲလောက် ဖြစ်တယ်ဆိုတော့ (၇) နာရီ၊ (၈) နာရီလောက်ပေါ့- အဲဒီမှာ ပထမ ပြင်ပလူနာဌာနမှာ ထားတယ်။ လူတွေ၊ ဘုန်းကြီးတွေ၊ သံဃာတော်တွေ၊ ကျောင်းသားတွေ၊ အရပ်သားတွေ အားလုံးဝိုင်းပြီးကြည့်ကြတယ်၊ ဗုဒ္ဓဘာသာဆိုတော့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လာကြည့်ကြတာပေါ့။ အဲဒီတော့ လူတွေက ဗုဒ္ဓဘာသာဝင်တစ်ယောက်ကို အစ္စလာမ်တွေက ဓားနဲ့ ထိုးသတ်တယ်ဆိုတော့ ကောဠဟာလဖြစ်တော့ အကုန်လုံး ရုတ်ရုတ် သဲသဲတွေဖြစ်တော့ အဲဒီ ပြည်သာယာကို သွားကြတာပေါ့လေ။ အဲဒီမှာ အုပ်ချုပ်ရေးပိုင်းက ရှင်းပြပြီးတော့ လုံခြုံရေးတိုးချထားတာ။”

မြို့နယ် ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ပြည်သာယာ ရပ်ကွက်ကို အဓိကထားပြီး ရဲတပ်ရင်းတွေ တိုးချဲ့ချထားလိုက်တယ်လို့ တာဝန်ကျသူ တစ်ဦးက အခုလို ပြောပြပါတယ်။

“ဟုတ်တယ်၊ တိုးတာတော့ တိုးချထားတယ်၊ တပ်ရင်းက အဖွဲ့တွေ ချထားတာ။ ပြည်သာယာ (၁) လမ်းမှာလေ။”

မေး။ ။ အဲဒါကျတော့ ရဲတပ်ဖွဲ့မှူးရုံးကပဲ ချတာလားရှင့်။

ဖြေ။ ။ “မဟုတ်ဘူး၊ တပ်ရင်း (၁၄) နဲ့ တပ်ရင်း (၃၅) နဲ့။ စစ်တပ်မဟုတ်ဘူး၊ ရဲတပ်ရင်း။”

မေး။ ။ လူသတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကောဠဟာလတွေ ဖြစ်ပြီးတော့ လူတွေ ရုတ်ရုတ်..ရုတ်ရုတ် ဖြစ်တာမျိုးများ ရှိပါသလား။

ဖြေ။ ။ “ရှိတော့ရှိတယ် အကြာကြီးမဖြစ်ဘူး၊ နဲနဲပါးပါးပဲ ရှိတယ်။”

မိတ္ထီလာမြို့မှာတော့ ပြီးခဲ့တဲ့နှစ်က ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ထားခဲ့တာပါ။ ၂၀၁၃ ခု၊ မတ်လ ၂၀ ရက်နေ့ကစပြီး ဖြစ်ခဲ့တဲ့ အဲဒီ ပဋိပက္ခတွေအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ အဓိကရုဏ်းတွေအတွင်း ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရသူ ၁၂၀ ကျော်ကို စစ်ဆေးမေးမြန်းပြီး တချို့ကိုတော့ ထောင်ဒဏ်တွေ ချမှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က စပြီး စစ်အုပ်ချုပ်ရေးနဲ့အတူ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကိုတော့ လအနည်းငယ်အကြာမှာ ရုပ်သိမ်းလိုက်ပေမယ့် ပုဒ်မ ၁၄၄ ကတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကပဲ ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ လုံခြုံရေးကိုပဲ တိုးမြှင့်ချထားခဲ့တာ ဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG