သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာအကြမ်းဖက်မှု လူ ၂၀ ရုံးတင်


တရားစွဲဆိုခံရသူတွေကို ရုံးထုတ်လာစဉ်
တရားစွဲဆိုခံရသူတွေကို ရုံးထုတ်လာစဉ်
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း လူသေဆုံးမှုတွေနဲ့ ဆက်နွယ်ပြီး နောက်ထပ် လူအများအပြားကို လူသတ်မှု၊ ဆူပူအောင် လှုံ့ဆော်မှုတွေ အပါအဝင် ပုဒ်မ အများအပြားနဲ့ တရားစွဲဆိုလိုက်ပါတယ်။ မတ်လတုန်းကဖြစ်ခဲ့တဲ့ ဆူပူမှုတွေနဲ့ ဆက်နွယ်ပြီး သံသယရှိသူပေါင်း ဒါဇင်နဲ့ချီပြီး ဖမ်းဆီးထားတဲ့ အထဲက နောက်ထပ် လူ ၁၅ ယောက်ကို ထပ်မံ ရုံးတင် တရားစွဲဆိုလိုက်တာပါ။ အပြည့်အစုံကို ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

မိတ္ထီလာမြို့မှာ မတ်လ ၂၂ ရက်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ သွေးထိုးမြှောက်ပင့်ပေးမှု၊ လူသတ်မှု မီးရှို့မှု စတာတွေ မိတ္ထီလာထောင်မှာ လူ ၇၄ ဦးကို ဖမ်းဆီးအရေးယူခဲ့တာပါ။ ဒီအထဲက လူသတ်မှု ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ လူ ၁၅ ဦးကို မိတ္ထီလာခရိုင် တရားရုံးမှာ စတင်ရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုတွေကို အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ မိတ္ထီလာမြို့ခံ သတင်းစာဆရာ စာရေးဆရာ ဦးတင်လှိုင်ကတော့ လူ ၄၀ ကျော် သတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး အခုနောက်ဆုံး တရားစွဲဆိုလိုက်တာလို့ ပြောပါတယ်။

“မိတ္ထီလာမြို့မှာ အရေးအခင်းကာလ မတ်လ ၂၂ ရက်နေ့မှာ လူသတ်မှု ကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ ရန်မျိုးအောင်ရပ်ကွက်က ကျော်လင်းဦး ၃၃ နှစ်၊ အောင်လင်းဦး ခေါ် ဖိုက်တာ ၁၇ နှစ်၊ ဇော်လင်း ၃၆ နှစ်၊ ကိုနိုင် ခေါ် ကျော်နိုင် ၄၄ နှစ်၊ စောဋ္ဌေးဦး ၃၉ နှစ်၊ ဆံရှည် ခေါ် ကျော်လှ ၄၂ နှစ်၊ မျိုးဇော် ၃၆ နှစ်၊ ပြည်ဖြိုးအောင် ၂၁ နှစ်၊ မောင်မောင်သိန်း ခေါ် မောင်သိန်း ၄၅ နှစ်၊ လှမျိုး ၂၄ နှစ်၊ သီဟ ၃၂ နှစ်၊ ကျော်ဋ္ဌေး ခေါ် ကျော်စိန်ဝင်း ၂၉ နှစ်၊ ပိုက်ထွေး ၂၃ နှစ်၊ ကျော်စွာ ခေါ် မိုဟာမက်အလီ ၃၂ နှစ်၊ အောင်ထွန်း ၂၄ နှစ် တို့ကို အမှတ် ၂ ရဲစခန်းက ရဲအုပ်မြင့်သန်းက ဧပြီလ ၈ ရက်နေ့က ဖမ်းဆီးခဲ့တယ်။ ဖမ်းပြီးတော့ သူတို့ကို ပုဒ်မ ၃၀၂၊ ၄၃၆၊ ၄၂၅၊ ၄၁၄ တွေနဲ့ အမှုဖွင့်ခဲ့တယ်။ ကျန်တရားခံများဖြစ်တဲ့ ချစ်မင်း ၃၀ နှစ်၊ သက်ဦးပိုင် ၂၂ နှစ်၊ ဖိုးသား ၂၁ နှစ်၊ မျိုးကြီးနဲ့ ဝင်းဇော်တို့က ထွက်ပြေးတဲ့ သူတို့ကို တရားခံပြေးအဖြစ် အမှုဖွင့် အရေးယူထားပါတယ်။”

မိတ္ထီလာမြို့မှာ ဆူပူအကြမ်းဖက်မှုအတွင်း လုယက်မှု စွဲချက်နဲ့ ၁၆ ဦး၊ နာကျင်စေမှုနဲ့ ၃ ဦး၊ မီးရှို့မှုနဲ့ ၃ ဦး၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ၆၁ နဲ့ တစ်ဦး၊ ဦးဇင်း ဦးသောဘိတ အမည်ရတဲ့ သံဃာတစ်ပါးကို သတ်မှုနဲ့ ၁၁ ဦး၊ အကျိုးဖျက်ဆီးမှုနဲ့ ၁၀ ဦး၊ အဓိကရုဏ်းအတွင်း လူ ၄၀ ကျော် အသတ်ခံရမှုနဲ့ ၃၄ ဦး အားလုံးပေါင်း ၇၄ ဦးကို ဖမ်းဆီးအရေးယူထားခဲ့ပြီး ဧပြီလ ၅ ရက်နေ့ကစပြီး တရားရုံးတင် စစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။ အခု လူသတ်မှု တရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေကိုတော့ ပုဒ်မ ၃၀၂ အပါအဝင် တခြားပုဒ်မတွေနဲ့ တရားရုံးတင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပုဒ်မ ၃၀၂၊ ၄၃၆၊ ၄၂၇၊ ၁၁၄ မိတ္ထီလာခရိုင်တရားရုံးကို တရားစွဲတင်ဖို့၊ မိတ္ထီလာခရိုင် တရားရုံးကနေပြီးတော့ ပြစ်မှုကြီးအမှတ် ၃၁/၂၀၁၃ နဲ့ လက်ခံကြားနာ စစ်ဆေးပြီး အမှုကို မေလ ၁၆ ရက်နေ့မှာ ဆက်လက် စစ်ဆေးဖို့ ချိန်းဆိုလိုက်တယ်လေ။”

မိတ္ထီလာ အဓိကရုဏ်း စတင်ဖြစ်ပွားခဲ့ရာနေရာက နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင် ၂ ဦးနဲ့ အလုပ်သမားတစ်ဦးကိုတော့ ဧပြီလကပဲ ထောင်ဒဏ် ၁၄ နှစ်စီ ချလိုက်ပြီး၊ ဘုန်းကြီး ဦးသောဘိတ ကို သတ်ဖြတ်မှုနဲ့ လူ ၇ ဦးကိုတော့ လူသတ်မှုပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့ပြီး နှစ်ဘက် တရားလို တရားခံရှေနေ့တွေ လျှောက်လဲှစေခဲ့တာပါ။

မေလ ၆ ရက်နေ့က မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာတော့ ရခိုင်ပြည် အဓိကရုဏ်း အပါအဝင် နောက်ဆက်တွဲ ဖြစ်ရတဲ့ မိတ္ထီလာနဲ့ ဥက္ကံ အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ ပြောကြားရာမှာ တာဝန်ရှိတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေအနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များမှာ အပြည့်အဝ ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများ အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး လုံခြုံရေး အဖွဲ့အစည်းများအနေနဲ့လည်း ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာဆောင်ရွက်စေဖို့ကို လည်း ညွှန်ကြားအမိန့်ပေးထားပြီး ဖြစ်တဲ့အကြောင်း ပြောကြားသွာပါတယ်။

ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုတွေကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ်။
XS
SM
MD
LG