သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္တီလာအရေးအခင်း ဒုက္ခသည်တွေကို ကုလ အကူအညီပေးမည်


မိတ္ထီလာမြို့က အကြမ်းဖက်အဓိကရုဏ်းကြောင့် ဒုက္ခရောက်ကြရသူတွေကို အကူအညီတွေပေးဝေ
မိတ္ထီလာမြို့က အကြမ်းဖက်အဓိကရုဏ်းကြောင့် ဒုက္ခရောက်ကြရသူတွေကို အကူအညီတွေပေးဝေ
မိတ္ထီလာခရိုင်တွင်း ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက် အဓိကရုဏ်း တွေကြောင့် အိုးအိမ်မဲ့ခဲ့ရသူ ၁ သောင်း ၂ ထောင်ကျော်ရှိနေပြီး ဒီလူတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂက အချက်အလက် ရှာဖွေစုဆောင်းမှုတွေ လုပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေ တခြားမြို့ရွာတွေကို ပျံ့နှံ့မသွားအောင် အစိုးရက ထိန်းသိမ်းဆောင်ရွက်နေပေမဲ့လည်း မြို့နယ်တချို့ ပျံ့နှံ့ခဲ့တာလည်း ရှိပါတယ်။ ရန်ကုန်မြို့မှာလည်း မနေ့ကစလို့ လုံခြုံရေး တိုးမြှင့်ချထားမှုတွေ ရှိတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။


ရွှေဆိုင်တခုမှာ အချင်းများရာကနေ စခဲ့တဲ့ မိတ္ထီလာခရိုင်တွင်း အကြမ်းဖက် ဆူပူမှုတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခရောက်နေသူပေါင်း ၁ သောင်းကျော်ရှိနေပြီး ဒီလူတွေကို လိုအပ်တဲ့ အကူအညီ တွေ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့တွေက ကြိုးပမ်းနေတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မာတင် နားစကီး (Martin Nesirky) က တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောသွား ခဲ့ပါတယ်။


“ပြီးခဲ့တဲ့ သီတင်းပတ်က မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေအတွင်း လူပေါင်း ၁ သောင်း ၂ ထောင်လောက် အိုးအိမ်မဲ့ခဲ့ရတယ် လို့ မြန်မာအစိုးရက ခန့်မှန်းတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာရုံးက ပြောပါတယ်။ ဒုက္ခရောက်နေတဲ့သူတွေကို အာဏာပိုင်တွေက အစားအစာနဲ့ ရေ ဖြန့်ဝေပေးနေပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာရုံး၊ ကုလသမဂ္ဂ ကလေးများအတွက် ရန်ပုံငွေအဖွဲ့ UNICEF နဲ့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ အပါအဝင် အဖွဲ့တွေကလည်း လိုအပ်နိုင်မယ့် အကူအညီတွေနဲ့ ပတ်သက်လို့ အချက်အလက် စုဆောင်းရှာဖွေတာတွေ လုပ်ဆောင်နေပါတယ်။”

မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာလည်း လူပေါင်း ၃၀ ကျော် သေဆုံးတဲ့အထိ အကြမ်းဖက်မှုတွေ ပြင်းထန်ခဲ့တဲ့ မိတ္ထီလာမြို့ကို တနင်္ဂနွေနေ့က သွားရောက်ကြည့်ရှုခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ အိုးအိမ်မဲ့ ဒုက္ခရောက်နေသူတွေကို တွေ့ဆုံခဲ့သလို၊ ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံ ခဲ့တာပါ။

အသက်အိုးအိမ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သလို ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့လည်း မစ္စတာ နမ်ဘီးယားက တိုက်တွန်းပြောကြားခဲ့ပါတယ်။


မိတ္ထီလာမြို့က အကြမ်းဖက်မှုတွေ တခြားမြို့ရွာတွေကို ပျံ့နှံ့မသွားအောင် အစိုးရက ထိန်းသိမ်းဆောင်ရွက်နေပေမဲ့လည်း မြို့နယ်တချို့မှာ အကြမ်းဖက်မှုတွေ ပျံ့နှံ့ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်မှာ တနင်္ဂနွေနေ့ညပိုင်းက အုပ်စုလိုက် အကြမ်းဖက် မီးရှို့မှုကြောင့် ဘာသာရေး အဆောက်အဦး တလုံးနဲ့ လူနေအိမ် ၅၅ လုံး မီးလောင် ပျက်စီးခဲ့တဲ့အကြောင်းနဲ့ ဒီအကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရသူတွေကိုလည်း ဖမ်းဆီးထားတဲ့အကြောင်း မြန်မာအစိုးရသတင်းစာမှာ တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

နေပြည်တော်မြောက်ဘက် တပ်ကုန်းမြို့မှာလည်း တနင်္ဂနွေနှောင်းပိုင်းက အကြမ်းဖက် မီးရှို့တာတွေ ဖြစ်ခဲ့ပြီး လူနေအိမ် ၄ လုံးနဲ့ ဗလီငယ်တခု မီးလောင် ပျက်စီးခဲ့တဲ့အကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ရန်ကုန်မြို့မှာတော့ ဘာသာရေး အဓိကရုဏ်းတွေနဲ့ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်တဲ့ ကောလဟာလ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ဘက်မှာ ကောလဟာလ ပြောဆိုမှုတွေကြောင့် မနေ့ကညပိုင်းက လူတွေ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ဈေးဆိုင်တချို့ စောပိတ်သွားခဲ့တာ ရှိပေမဲ့ အကြမ်းဖက်တဲ့အထိတော့ ဘာအခြေအနေမှ မရှိခဲ့ဘူးလို့ မြို့ခံတွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါ တယ်။ လောလောဆယ် ရန်ကုန်မြို့က စစ်ဆေးရေးဂိတ်တွေ အပါအဝင် နေရာတချို့မှာ လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတဲ့အကြောင်း ဒေသ ခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ဘာသာရေး အဓိကရုဏ်းတွေ အရင်ကလည်း ဖြစ်ခဲ့ဖူးပေမဲ့ ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အဆိုးရွားဆုံး ပြန်ဖြစ်လာခဲ့ တဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ရခိုင်ပြည်နယ်တွင်း ဒေသခံရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေ ကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသလို လူပေါင်း သိန်းနဲ့ချီ အိုးအိမ်မဲ့ ဒုက္ခရောက်နေကြရဆဲလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG