သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာပဋိပက္ခ ထိန်းသိမ်းခံ ၁၂၀ ကို တရားစွဲဆိုပြီ


မိတ္ထီလာမြို့ အကြမ်းဖက်မှုအတွင်း နေအိမ်များ မီးလောင်ပျက်စီးနေစဉ်။ (မတ်လ ၂၁ ရက်၊ ၂၀၁၃)။
မိတ္ထီလာမြို့ အကြမ်းဖက်မှုအတွင်း နေအိမ်များ မီးလောင်ပျက်စီးနေစဉ်။ (မတ်လ ၂၁ ရက်၊ ၂၀၁၃)။
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ပြီးခဲ့တဲမတ်လက အကြမ်းဖက်တဲ့ ပဋိပက္ခတွေဖြစ်အပြီး ဖမ်းဆီးခံရသူတွေထဲက လူ ၁၂၀ ကို ရုံးးတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း ဒီအထဲမှာ ပုဒ်မ ၃၀၂ လူသတ်မှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ ၄၉ ဦးကို တရားစွဲဆို ရုံးတင်စစ်ဆေးနေသလို၊ ဆူပူမှု အပါအဝင် တခြားပုဒ်မ ၁၀ ခုနဲ့လည်း လူ ၇၁ ဦးကို တရားရုံးတင် စစ်ဆေးနေပြီ် မိတ္ထီလာမြို့ခံတွေက ဆိုပါတယ်။ ဒါ့အပြင် ဇွန်လ ၂၉ ရက်နေ့ကလည်း သတ်ဖြတ်ခံရသူ အများဆုံး နေထိုင်ရာရပ်ကွက်ဖြစ်တဲ့ ရန်မျိုးအောင်ရပ်ကွက်၊ မင်္ဂလာဇေ ရုံနယ်မြေမှာ မီးကွင်းပစ်သွားတဲ့အတွက် မြို့ခံတွေ စိုးရိမ် ပူပန်ခဲ့ရပြီး မငြိမ်မသက်မှုတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ပြီးခဲ့တဲ မတ်လ က အကြမ်းဖက်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားအပြီးမှာ လူ ၄၃ ဦး သတ်ဖြတ်ခံရပြီး လူဦးရေ သောင်းနဲ့ချီ ဒုက္ခသည်တွေ ဖြစ်ခဲ့ရပါတယ်။

အကြမ်းဖက်မှု ပဋိပက္ခတွေအတွင်းမှာ လူ ၇၁ ဦးကို မငြိမ်သက်အောင်လုပ်မှု၊ ဆူပူအောင် ဖန်တီးမှု ပုဒ်မတွေအပါအဝင် ပုဒ်မ ၁၀ ခုလောက်နဲ့ တရားစွဲပြီး ရုံးတင်စစ်ဆေးနေသလို၊ လူ ၄၉ ဦးကိုတော့ ပုဒ်မ ၃၀၂ လူသတ်မှု အပါအဝင် အနည်းဆုံး ပုဒ်မ ၄ ခုလောက်နဲ့ တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးမှုတွေကို လုပ်နေတယ်လို့ ဆိုပါတယ်။ မိတ္ထီလာမြို့ခံ သတင်းစာဆရာ စာရေးဆရာ ဦးတင်လှိုင် ပြောပြတာက၊

“လူသတ်မှုနဲ့ပတ်သက်ပြီးတော့ တရားစွဲခံရတဲ့သူတွေ အားလုံးပေါင်း ၄၉ ဦးရှိတယ်။ ၄၉ ဦးထဲကနေ တခါ ဘုန်းကြီးသတ်မှုနဲ့ တရားခံ ၇ ဦးကို ထောင်ဒဏ်ချလိုက်တယ်။ အားလုံး ၄၂ ဦးပဲ ကျန်တယ်။ ၄၂ ဦးကိုလည်း ခရိုင်တရားရုံး၊ ခရိုင်တရားသူကြီးရုံး၊ ခရိုင်တရားရုံး (၁)၊ ခရိုင်တရားရုံး (၂) တွေမှာ အမှု ၃၀၂၊ ၄၃၆ နဲ့ စွဲနေတဲ့အမှုတွေ အားလုံးက လူက ၄၂ ဦးရှိတယ်။ မြို့နယ်အသီးသီး၊ မြို့နယ်တရားရုံးတွေမှာ ပုဒ်မ ၃၈၂၊ ၂၉၄၊ ၃၂၃၊ ၃၂၄၊ ၂၉၅၊ ၄၂၇၊ ၈၁၄၊ ၄၃၁၊ ၄၅၂ အဲဒီလိုနဲ့ စွဲထားတဲ့ အမှုတွေက မြို့နယ်တရားရုံး သုံးရုံးမှာ အားလုံးပေါင်း လူ ၇၁ ဦး ရှိတယ်။ အဲဒါကတော့ အပြစ်မပေးရသေးဘူးပေါ့။ အားလုံး စုစုပေါင်း လူသတ်မှုရော ၇၁ ဦးက အားလုံးပေါင်းလိုက်ရင် တရားခံအားလုံး ၁၂၀ ဦးရှိတယ်။ အားလုံး ရုံးတင်စစ်ဆေးနေပြီ။ တရားရုံးမှာ။”

မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲဖြစ်ပြီး၊ အခြေအနေတွေက တည်ငြိမ်မှုတွေ မရသေးတဲ့အကြောင်း ဇွန်လ ၂၉ ရက်နေ့မှာပဲ၊ မငြိမ်မသက်ဖြစ်မှု ကြုံရတယ်လို့ ဦးတင်လှိုင်က ဆက်ပြောပြပါတယ်။

“မအေးဆေးသေးဘူးဗျ။ မအေးဆေးသေးဘူး ဆိုတာက ဒီနေ့တောင်မှ ရန်မျိုးအောင် က မင်္ဂလာဇေရုံမှာ မီးကွင်းပစ်သွားလို့ နေ့လယ် မှာ၊ နေ့ခင်းကြီးတောင်မှ ပစ်သွားလို့ လိုက်ဖမ်းတာ မမိသေးဘူး။ အဲဒီနေရာမှာ မင်္ဂလာဇေရုံမှာ အရင်တုန်းက လူသတ်မှုမှာ အများဆုံး အသတ်ခံရတဲ့နေရာပေါ့။ ဒီ ပုဒ်မ ၁၄၄ ထုတ်ထားတော့ ညမှာတော့ ည ၉ နာရီနဲ့ မနက် ၄ နာရီအချိန်တော့ နည်းနည်းငြိမ်တာပေါ့လေ။ အားလုံး အေးချမ်းတာပေါ့။ ဒါပေမဲ့လည်း တခါတရံ အဲဒီလိုပဲ ကောလာဟလတွေ ဖြစ်တာရှိတယ်။ လူတွေက ဒီကောလာဟလတွေကိုပဲ နားစွန့်နေကြရတာပေါ့။ ဒီနေ့ကတော့ တကယ်ကို မီးကွင်းပစ်လို့ လိုက်ဖမ်းတာမမိလိုက်ဘူး။”

မိတ္ထီလာမြို့မှာ မတ်လ ၂၀ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်းမှာ လူ ၄၀ ကျော် သေဆုံးခဲ့ရတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ရိုက်နှက်ပြီး မီးရှို့ သတ်ဖြတ်ခံရသူ အများစုကတော့ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြ ပါတယ်။ အဓိကရုဏ်းတွေအတွင်းမှာ ဗလီများနဲ့ အစ္စလာမ်ဘာသာဝင်တွေ ရဲ့ နေအိမ် အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မိတ္ထီလာကနေ စတင်ခဲ့တ့ ဲအကြမ်းဖက်မူတွေဟာ တိုင်းနဲ့ ပြည်နယ်အတော်များများကို ပျံ့နှံ့သွားခဲ့တာပါ။

မိတ္ထီလာမြို့မှာတော့ ပဋိပက္ခတွေကြောင့် လူသောင်းနဲ့ချီ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ဒုက္ခသည်စခန်း ၆ ခုဖွင့်ထားခဲ့ရပါတယ်။ မကြာသေးခင်ကတော့ ဒုက္ခသည်တွေကို နေရာပြန်ချထားရေးတွေကို လုပ်ခဲ့ကြပါတယ်။ မိတ္ထီလာမြို့မှာ မတ်လအတွင်း ဖြစ်ပွားခဲတဲ့အရေးအခင်းမှာ သွေးထိုးမြှောက်ပင့်ပေးမှု၊ လူသတ်မှု၊ မီးရှို့မှု စတာတွေ အပါအဝင် သံသယရှိသူတွေအဖြစ် စွပ်စွဲခံရသူ ဗုဒ္ဓဘာသာဝင်တွေ အပါအဝင် လူပေါင်း ၁၂၀ ကို မိတ္ထီလာထောင်မှာ ဖမ်းဆီး အရေးယူခဲ့တာပါ။ ဖမ်းဆီးထားသူတွေကို အမှုတွေ ဆက်လက်စွဲဆိုနေရာကနေ၊ အခုအခါမှာတော့ တရားရုံး အသီးသီးမှာ ရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်။
XS
SM
MD
LG