သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိတ္ထီလာအခြေအနေ ငြိမ်သက်မှုမရှိသေး


မိထ္ထီလာမြို့တွင်း မြင်ကွင်း။ (မတ် ၂၁၊ ၂၀၁၃)
မိထ္ထီလာမြို့တွင်း မြင်ကွင်း။ (မတ် ၂၁၊ ၂၀၁၃)
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့မှာ ရွှေဆိုင်ကနေ စတင်လိုက်တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် မနေ့ညက ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပေမဲ့ အခြေအနေဟာ အေးဆေးငြိမ်သက် မသွားသေးဘဲ ဒီကနေ့ နေ့ခင်းပိုင်းထိ မီးရှို့တာတွေ၊ ရိုက်နှက်သတ်ဖြတ်တာတွေ ဆက်လက်ဖြစ် ပွားနေပြီး အနည်းဆုံး လူ၁၀ယောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီလို အဓိကရုဏ်း ဆန်ဆန် ဖြစ်ပျက်နေ တာကို ငြိမ်သက် သွားစေဖို့ မန္တလေးတိုင်းဝန်ကြီးချုပ် ကိုယ်တိုင်အပြင် တခြားမြို့က ရဲတပ်ဖွဲ့ဝင်တွေပါ သွားရောက် ထိန်းသိမ်းဖြေရှင်းနေ တာလည်း ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ရွှေအရောင်းအဝယ်ကနေစတင်ခဲ့တဲ့ ဒီအကြမ်းဖက်မှုတွေဟာ မနေ့ ညနေပိုင်းက ငြိမ်သက်သွားခဲ့ရာက ညပိုင်းမှာ သံဃာတော်တပါး ပျံလွန်တဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခြေအနေဟာ ပြန်လည်ဆိုးဝါးလာခဲ့တာကြောင့် အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ပါ ထုတ်ပြန်ကြေညာခဲ့ရတာဖြစ်ပါတယ်။ ဒီကနေ့မနက်ခင်းပိုင်းမှာလည်း အခြေအနေက တင်းမာနေခဲ့ပြီး အကြမ်းဖက်တာတွေဟာ နေ့ခင်းပိုင်းအထိ ဆက်လက်ဖြစ်ပျက်နေဆဲဖြစ်တယ်လို့ မိတ္ထီလာမြို့နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်း ဝင်းထိန်က ပြောပါတယ်။

“ပုဒ်မ ၁၄၄ ထုတ်ပြီးတော့ ဒီနေ့တော့ နည်းနည်းငြိမ်မယ် အောက်မေ့တာလေ။ ဒါပေမဲ့ မနက်မှာ ကျနော်တို့ မထင်တဲ့နေရာက ရပ်ကွက်မှာရှိတဲ့ မူဆလင်တွေကို ရပ်ကွက်ကလူတွေက ဝိုင်းပြီးတော့မှ ရန်ဖြစ်ကြတာပေါ့။ ရဲရှိနေပေမဲ့ အပြင်က လူ၁၀ယောက်လောက် ဆုံးသွား တာရှိတယ်။ အခုတော့ အဲ့ဒီ့ဘက်က ငြိမ်သွားပြီ။ ဒါပေမဲ့ တခြားနေရာတွေမှာ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း ရန်စတာတွေ တွေ့နေရတယ်။ အခုဒီနေ့အခြေအနေကတော့ မတင်မကျဘဲ။ ငြိမ်သွားပြီလို့တော့ ပြောလို့မရသေးဘူး။ အခုဒီမှာကတော့ မန္တလေးတိုင်းက ဝန်ကြီးချုပ် ဦးရဲမြင့်ကိုယ်တိုင် လာပြီးတော့ ကြီးကြပ်နေတာလေ။ နောက် တခြားမြို့က ရဲတွေလည်း ခေါ်ထားတယ်။”

အကြမ်းဖက် တိုက်ခိုက်တာတွေကြောင့် ဒေသခံတချို့ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လည်းပြောပါတယ်။ ရန်ကုန် အခြေစိုက်သတင်းမီဒီယာတွေမှာတော့ သေဆုံးသူက အနည်းဆုံး ၅ယောက်ရှိနေပြီလို့ ဖော်ပြပေမဲ့ သီးခြားအတည်ပြုချက်တော့မရပါဘူး။ မိတ္တီလာမြို့ခံ အမျိုးသမီးတယောက် ကတော့ ဒီဖြစ်ပျက်မှုမှာ အာဏာပိုင်တွေဖက်က လုံခြုံရေးအခြေအနေ ထိန်းသိမ်းနိုင်မှု အားနည်းတယ်လို့ ဝေဖန်ပါတယ်။

“ မနေ့ကတည်းက စ လိုက်တဲ့ အခြေအနေမှာ သူတို့က ဖိဖိစီးစီး ဝင်ထိန်းသိမ်းမယ်ဆိုရင် ဒီလောက် မဖြစ်ဘူး။ အခင်းဖြစ်တာက ရွှေရောင်းတာက ၈နာရီလောက်ပေါ့နော် အဲ့ဒီ့ကစပြီးတော့ အဲ့လောက်ကနေ ကိုးနာရီခွဲလောက် မှာ ပြဿနာတက်တာ။ ၁၀နာရီ၊ ၁၁ နာရီလောက်၊ အဲ့လောက်အထိ နည်းနည်း ဆူညံ၊ ဆူညံဖြစ်နေတုန်း အချိန်မှာ ထိန်းသိမ်းရင် ဘာမှ မဖြစ်ဘူး။ တစ်နာရီလောက်မှာ ဟံဇားက လာတဲ့ ဆရာတော်တပါးကို ဗလီထဲ သွင်းပြီး မီးရှို့ သတ်လိုက် တာကနေ ဟာ ဘုန်းကြီးကိုတော့ မီးရှို့သတ်ပြီဆိုပြီး ပြဿနာက ပိုကြီးထွားတာ။ အဲ့မှာ။ အဲ့တာ ဒီနေ့ရောက်တော့လည်း အဲ့လိုပဲ။ မီးသတ်ကားတွေ၊ ရဲတွေဘာတွေ အကုန်ရှိတယ်။ သူတို့ကလည်း မထိန်းသိမ်းနိုင်ဘူး။”

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် က တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေကလည်း ဒီအကြမ်းဖက်မှုတွေဟာ ဥပဒေစိုးမိုးမှု အားနည်းတာကြောင့်လို့ သုံးသပ်ပါတယ်။

“ကျနော်တို့အနေနဲ့ ပြောချင်တာက ဒီဟာက ဥပဒေစိုးမိုးမှု ကင်းမဲ့တာပဲ။ ဥပဒေစိုးမိုးမှုကင်းမဲ့တာက အခု ဒီမြို့ကြီးပြကြီးတွေမှာတောင်ဖြစ် တက်လာတဲ့သဘောမျိုးလို့ပဲ ကျနော်တို့ ယူဆပါတယ်။ သာမာန်ဖြစ်တဲ့ဖြစ်စဉ်က ဈေးအရောင်းအဝယ်ပေါ်မှာ ဖြစ်တယ်ခင်ဗျ။ အဲ့ဒီ့ဟာကို ဥပဒေနဲ့မညီတာကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လိုက်ရင် ရပါတယ်။ ဒီဟာက အချိန် အတိုင်း အတာတခု အထိ ကြာပြီးတော့ ပဋိပက္ခ အချိန်ပိုကြာလေ၊ ပဋိပက္ခတခါ ပိုကြီးလေဖြစ် လာတဲ့အပေါ်မှာ ပဋိပက္ခငြိမ်းအေးဖို့ဆိုရင် ကျနော်တို့ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကို ကျနော်တို့က လူမျိုး၊ ဘာသာ ခွဲခြားမမြင်ဘဲနဲ့ ဥပဒေဘောင်ထဲမှာ နေတဲ့သူနဲ့ ဥပဒေကို ဆန့်ကျင်တဲ့သူလို့ စဉ်းစားပြီးတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် သွားရင် နိုင်ငံအေးချမ်းမယ် လို့ယူဆပါတယ်။”

ရွှေဝါရောင်သံဃာတော်များ ကွန်ယက်အဖွဲ့ကလည်း ပဋိပက္ခတွေဟာ အများပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ကို ထိပါးလာနိုင်ပါသဖြင့် မည်သည့်အကြမ်းဖက် အဖျက်လုပ်ငန်းတွေမှာ လုံးဝမပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားပါတယ်။

မနေ့က အခင်းဖြစ်ပွားပြီးတဲ့နောက်မှာတော့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့အပြင် ရွှေညဝါဆရာတော်နဲ့ မန္တလေးက ဦးဝီရသူတို့လည်း မိတ္ထီလာမြို့ကို ရောက်ရှိလာပြီး အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက် ဟောပြောခဲ့ကြပါတယ်။

“ကျနော်တို့ မင်းကိုနိုင်ရော၊ ရွှေညဝါဆရာတော်ရော ဆရာတော် ဦးဝီရသူကရော ဒီဟာက မဖြစ်သင့်ဘူးပေါ့နော်။ ဒီဟာ ဒီလိုဖြစ်တဲ့ အတွက် နောက်ကြောင်းပြန်လှည့်နိုင်တဲ့ ထောင်ချောက် မျိုးဖြစ်သွားနိုင်တယ်ပေါ့နော်။ အဲ့ဒီ့အတွက် အားလုံး သတိထားကြဖို့၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ရပ်ရွာကို ကာကွယ် ဖို့အတွက် ရှိသင့်တယ်။ ဒီလိုတဖက်နဲ့တဖက် ပဋိပက္ခမျိုး မဖြစ်သင့်ဘူး ဆိုတဲ့ဟာမျိုး ကျနော်တို့ ပြောဆိုတိုက်တွန်းခဲ့ပါတယ်။"

ဒါကတော့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့က စမ်းချောင်းကိုကိုကြီးပြောပြသွားတာဖြစ်ပါတယ်။ သူတို့တွေဟာ ပြည်သူ ၈၀၀ကျော်လောက်ကိုလည်း ပဋိပက္ခဖြစ်ပွားရာနေရာကနေ ကယ်ဆယ်ပြီး လုံခြုံရာကို ပို့ဆောင်ခဲ့တယ်။ ဆေးရုံမှာ ဒဏ်ရာရသူ ၂၄ယောက်ရှိပြီး သေဆုံးသူက ဆယ်ဂဏန်းလောက် ရှိမယ်လို့လည်း စမ်းချောင်းကိုကိုကြီးက ပြောပါတယ်။

ဒီနေ့ အခင်းဖြစ်ပွားနေတဲ့ အခြေအနေကို သိနိုင်ဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ဆက်သွယ် စုံစမ်းတဲ့အခါ မှာတော့ အလုပ်များနေတာကြောင့်ဆိုပြီး တစုံတရာ ဖြေဆိုတာမရှိခဲ့ပါဘူး။

ကိုမိုးဇော် တင်ပြခဲ့တာပါ။ မိတ္ထီလာမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ အိုးအိမ်ပျက်စီးမှုတွေ နဲ့ပတ်သက်ပြီး ရန်ကုန် အမေရိကန်သံရုံးက စိုးရိမ်ပူပင်မိပြီး တိုက်ခိုက်မှုကြောင့် အိုးအိမ်ပစ္စည်းဥစ္စာ ဆုံးရူံးရတဲ့ မိသားစုတွေအတွက်လည်း ဝမ်းနည်းစာနာပါကြောင်း နဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG