သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆည်တွေကြောင့် မဲခေါင်မြစ် ငါးမျိုးတုံးနိုင်


မဲခေါင်မြစ်ဝှမ်း ဆည်စီမံကိန်း။
မဲခေါင်မြစ်ဝှမ်း ဆည်စီမံကိန်း။

မဲခေါင်မြစ်မှာ ရေအားလျှပ်စစ်ထုတ်ဖို့ ဆည်တွေ တည်ဆောက်မယ်ဆိုရင် ငါးအရင်းအမြစ်တွေကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်လို့ မဲခေါင်မြစ်ကော်မရှင် MRC က အသေးစိတ် လေ့လာပြုစုထားတဲ့ အစီရင်ခံစာတစောင်မှာ သတိပေးထား ပါတယ်။ ဒါပေမဲ့လည်း ကော်မရှင်မှာပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေထဲ ဗီယက်နမ်ကလွဲလို့ ကျန်တဲ့ခေါင်းဆောင်တွေကတော့ ဒီအခြေ အနေကို ထည့်သွင်းစဉ်းစားတယ်ဆိုတဲ့ အရိပ်လက္ခဏာမျိုး မပြကြပါဘူး။ မဲခေါင်မြစ် ဆည်စီမံကိန်းတွေကြောင့် သက်ဆိုင်ရာ နိုင်ငံတွေပေါ် ဘယ်လောက် ထိခိုက်လာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap မြို့ကနေ David Boyle နဲ့ Sun Narin တို့ပေးပို့ ထားတဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

မဲခေါင်မြစ်ကော်မရှင် MRC က ၆ နှစ်ကြာ အချိန်ယူပြီး လေ့လာပြုစုထားတဲ့ အစီရင်ခံစာကို Siem Reap မှာလုပ်တဲ့ တတိယအကြိမ် MRC ထိပ်သီး အစည်းအဝေးအတွင်း အဖွဲ့ဝင်လေးနိုင်ငံက ဝန်ကြီးချုပ်တွေကို တင်ပြခဲ့တာပါ။ လက်ရှိစီစဉ်ထား တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်စီမံကိန်းတွေကို ဆက်လုပ်သွားမယ်ဆိုရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်လာမယ်ဆို တာကို လေ့လာချက်မှာ သတိပေးထားပါတယ်။

ဒီလေ့လာချက်ထဲမှာ စိုးရိမ်စရာအကောင်းဆုံး တွေ့ရှိချက်ကတော့ လက်ရှိဆည် စီမံကိန်းတွေကိုသာ အပြည့်အ၀ ဆက်ပြီး အကောင်အထည်ဖော်မယ်ဆိုရင် ၂၀၄၀ ပြည့်နှစ်ရောက်တဲ့အခါ မဲခေါင်မြစ်ဝှမ်းကိုစီးဝင်တဲ့ နုန်းမြေပမာဏဟာ ၉၇% ထိ ဆုံးရှုံး သွားနိုင်တယ်ဆိုတာပါပဲ။

မဲခေါင်မြစ်ရဲ့ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်ဟာ ဆိုးရွားစွာ ယိုယွင်းနေပြီလို့ဆိုပြီး အထူးအလေးထား တုန့်ပြန်လုပ်ဆောင်ကြ ဖို့ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က ထိပ်သီးအစည်းအဝေးအတွင်း နှိုးဆော်သွားပါတယ်။

“မိုးခေါင်ရေရှားဖြစ်မှု တာရှည်တာ၊ ဆားငံရေစီးဝင်တာ၊ ကမ်းရိုးတန်းတွေ၊ မြစ်ကမ်းပါးတွေနဲ့ မြေတွေ တိုက်စား ဆုံးရှုံးလာတာတွေက လူပေါင်း သန်း ၂၀ ကျော်ရဲ့ အသက်မွေးဝမ်းကျောင်းကို ခြိမ်းခြောက်လာနေပါတယ်။ ဒါကြောင့် မဲခေါင်မြစ်ဝှမ်းမြစ်ဝကျွန်းပေါ်ဒေသ ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းအတွက် စပါးကျီအဖြစ်၊ ငါးဖမ်းလုပ်ငန်းအဓိကနေရာ အဖြစ် နှစ်ပေါင်းရာပေါင်းများစွာ ဖြစ်တည်လာတာနဲ့အမျှ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး အဓိက ဆန်ထုတ်လုပ်ရာဒေသအဖြစ် ဆက်ပြီး တည်ရှိနေရေးအတွက် ခိုင်မာတဲ့လုပ်ဆောင်ချက်တွေ အချိန်မီလုပ်ကြဖို့လိုပါတယ်။”

ထိပ်သီးအစည်းအဝေးအိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံဟာလည်း မြစ်အတွင်း ဆည်တွေတည်ဆောက်တာကြောင့် ဆိုးရွားတဲ့ အကျိုး ဆက်ကို ခံစားရလိမ့်မယ်လို့ စာမျက်နှာ ၃၆၀၀ ပါ လေ့လာချက်မှာ ပြောထားပါတယ်။ အကြောင်းကတော့ ကမ္ဘောဒီးယားလူထု အများအပြားဟာ အဟာရအရင်းအမြစ်အဖြစ် ငါးကို အဓိက စားသုံးနေကြတာကြောင့်ပါ။

ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ရဲ့အဖွင့်မိန့်ခွန်းမှာ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး ဘာမှပြောမသွားဘဲ လူဦးရေတိုးတက်မှု၊ အလျင် အမြန်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရေ၊ စားနပ်ရိက္ခာနဲ့ စွမ်းအင် ပိုပြီလိုအပ်လာတဲ့ အခြေအနေတွေကို အလေးထားပြောသွားပါတယ်။

လာအိုဝန်ကြီးချုပ် Thongloun Sisoulith ကတော့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အခြေခံပြီး တည်ဆောက်မယ်လို့ ကတိပေးပြောဆိုပါတယ်။ လာအိုနိုင်ငံဟာ Xayaburi နဲ့ Don Sahong ဆည်တွေအပါအဝင် အငြင်းပွား ဖွယ်အရှိဆုံး ဆည်တွေကို တည်ဆောက်နေ၊ တည်ဆောက်ဖို့ စီစဉ်နေတာပါ။

၂၀၄၀ ပြည့်နှစ်ရောက်တဲ့အခါ ငါးအရေအတွက် ထက်ဝက်ကျော် ဆုံးရှုံးသွားမယ်လို့ လေ့လာချက်ရဲ့ နမူနာအခြေအနေ အနည်း ဆုံးနှစ်ခုမှာ တွေ့ရှိထားတဲ့ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ် Prayuth Chan-o-cha ကလည်း ဆည်တွေနဲ့ပတ်သက်ပြီး ဘာမှမပြောပါဘူး။

ထိပ်သီးအစည်းအဝေးမတိုင်ခင် သီတင်းပတ်မှာ MRC ကောင်စီရဲ့ လေ့လာမှုမှာ တွေ့ရှိချက်တွေအပေါ် သိပ္ပံပညာရှင်တွေ၊ သုတေ သီတွေ၊ အရပ်ဖက်လူမှုအဖွဲ့တွေ နှစ်ရက်ကြာ ဆန်းစစ်သုံးသပ်ခဲ့ကြပါတယ်။

ကီလိုမီတာရာပေါင်းများစွာ ရွှေ့ပြောင်းသွားလာနေထိုင်တဲ့ ငါးအမျိုးကွဲ အများအပြား ဆိုးရွားတဲ့သက်ရောက်မှု ခံစားရပြီး တခြား အန္တရာယ်ရှိတဲ့ ရေသတ္တဝါမျိုးကွဲတွေ ဝင်ရောက်ကြီးစိုးလာမယ်ဆိုတာ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ MRC အတွင်းရေးမှူးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရာရှိချုပ် So Nam က ထိပ်သီးအစည်းအဝေးပြင်ပမှာ အခုလိုပြောပါတယ်။

“ဆည် ၁၁ ခုအပြင် တရုတ်နိုင်ငံက ဆည်တွေ၊ တခြားနိုင်ငံတွေကဆည်တွေ အားလုံးတည်ဆောက်ပြီးရင်တော့ ၂၀၄၀ ပြည့်နှစ်ရောက်တဲ့အခါ ထိုင်းမှာ၊ လာအိုမှာ ငါးမျိုးကွဲတွေ ပျောက်သွားပါလိမ့်မယ်။”

ဗီယက်နမ်ကလွဲလို့ ကျန်တဲ့ မဲခေါင်မြစ်ကော်မရှင် အဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး GDP ဟာ ၂၀၄၀ ပြည့်နှစ်မှာ ဒေါ်လာဘီလီယံပေါင်းများစွာ ကျဆင်းသွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG