သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်ဒေသ ဖွံ့ဖြိုးရေး ဂျပန် ဒေါ်လာသန်းထောင်ချီ ကူညီ


မဲခေါင်ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်ဖို့အတွက် အရှေ့တောင်အာရှ ၅ နိုင်ငံအတွက် ဖွံ့ဖြိုးမှု အထောက်အကူ အမေရိကန်ဒေါ်လာ ၇.၅ ဘီလျံ ပေးမယ်လို့ ဂျပန်နိုင်ငံက ကတိပြုလိုက်ပါတယ်။

အဲဒီကတိကဝတ်ကို ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှိဟိကို နိုဒ က စနေနေ့ တိုကျိုမြို့မှာကျင်းပတဲ့ ဂျပန် မဲခေါင် ထိပ်သီး ညီလာခံမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး ကြေညာလိုက်တာပါ။

မဲခေါင်ဒေသမှာ တည်ငြိမ် ဖွံ့ဖြိုးမှု မရှိရင် အရှေ့အာရှတခွင်မှာ အေးချမ်းတည်ငြိမ်မှု ရှိဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း မစ္စတာ နိုဒ က ပြောဆိုသွားပါတယ်။

တရုတ်နိုင်ငံကလည်း မဲခေါင်ဒေသတွင်းက နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကူညီတွေ ပေးပြီးတော့ ဒေသတွင်းမှာ သူ့ရဲ့ သြဇာရှိအောင် ကြိုးပမ်းနေတာပါ။

စနေနေ့မှာပဲ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပေါ် တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင် ၇ ရာကို လျှော်ပေးမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့အတွက် အကူအညီ အထောက်အပံ့တွေ ပြန်လည် ပေးအပ်သွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ စစ်တပ်ကနေ အုပ်ချုပ်ခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ တနှစ် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့ နောက်ပိုင်း မီဒီယာအပေါ် တင်းကျပ်မှုတွေ လျှော့ပေးတာ၊ နိုင်ငံရေး အကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးတာ အပါအဝင် ဒီမိုကရေစီဆန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်လာခဲ့ပါတယ်။

XS
SM
MD
LG