သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်ဒေသ ၅ နိုင်ငံ စီးပွါးပေါင်းစည်းရေး ခေါင်းဆောင်တွေဆွေးနွေး


ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့မြန်မာ မဲခေါင်ဒေသငါးနိုင်ငံခေါင်းဆောင်များ
ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့မြန်မာ မဲခေါင်ဒေသငါးနိုင်ငံခေါင်းဆောင်များ

စက်တင်ဘာလ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံမြို့တော်ဟနွိုင်းမှာကျင်းပခဲ့တဲ့ အာဆီယံ ဆိုင်ရာ ကမ္ဘာ့စီးပွါးရေးနှီးနှောဖလှယ်ပွဲရဲ့ ဒုတိယနေ့မှာ မဲခေါင်ဒေသငါးနိုင်ငံရဲ့အနာဂတ် မျှော်မှန်းချက်တွေကို ပြောဆိုခဲ့ကြပါတယ်။ နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ မဲခေါင်ငါးနိုင်ငံအတူပူးပေါင်းပြီး တိုးတက်အောင်လုပ်ဆောင်သွားနိုင်ရေးကို ပြောဆိုခဲ့ပါတယ်။ မဲခေါင်ဒေသမျှော်မှန်းချက်စကားဝိုင်းအကြောင်း ကိုကျော်အောင်လွင်က ကောက်နှုတ်တင်ပြထားပါတယ်။

မဲခေါင်ဒေသငါးနိုင်ငံကတော့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့မြန်မာနိုင်ငံပါ။ ဒီနိုင်ငံငါးခု ထဲမှာ ဗီယက်နမ်နဲ့ လာအိုနှစ်နိုင်ငံက ကွန်မြူနစ်နိုင်ငံ၊ ထိုင်းက စစ်အာဏာသိမ်းပြီးအုပ်ချုပ်နေတဲ့ နိုင်ငံ၊ ကမ္ဘောဒီးယား ကတော့ အာဏာကို နှစ်ပေါင်း ၃၀ ကျော်မလွှတ်တမ်းယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆန်အစိုးရက အုပ်ချုပ်နေတဲ့ နိုင်ငံ၊ မြန်မာနိုင်ငံကတော့ စစ်တပ် ၂၅ ရာခိုင်နှုန်းပါဝင်တဲ့ လွှတ်တော်နဲ့ အရပ်သားအစိုးရအုပ်ချုပ်နေတဲ့နိုင်ငံပါ။ နိုင်ငံရေးအရ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတခုမှ မပါဝင်ပေမဲ့လည်း စီးပွါးရေးအရတော့ အလားအလာ တော်တော် ရှိတယ်လို့ စီးပွါးရေးပညာရှင်တွေ က သုံးသပ်ကြပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ မဲခေါင်ဒေသငါးနိုင်ငံရဲ့အနာဂတ်မျှော်မှန်းချက်စကားဝိုင်းမှာ သဘာပတိလုပ်ခဲ့တဲ့ Justin Wood ကတော့ မဲခေါင်ငါးနိုင်ငံပေါင်းလိုက်ရင် စီးပွါးရေးအင်အားက G20 လို့ခေါ်တဲ့ စီးပွါးရေး အင်အားကြီးနိုင်ငံ၂၀ ထဲမှာပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

“မဲခေါင်ဒေသငါးနိုင်ငံက လူဦးရေစုစုပေါင်းဟာ သန်းပေါင်း ၂၄၀ ရှိပါတယ်။ တကယ်လို့ မဲခေါင် ငါးနိုင်ငံဟာ နိုင်ငံတခုထဲဖြစ် သွားမယ်ဆိုရင် ကမ္ဘာ့လူဦးရေအကြီးမားဆုံးနိုင်ငံတွေထဲမှာ နံပါတ် ၆ အဆင့်ကို ရောက်သွား ပါလိမ့်မယ်။ တော်တော်များတဲ့ လူဦးရေပါ။ မဲခေါင်ငါးနိုင်ငံရဲ့ GDP ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဘိုးက အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀၀ ရှိပါလိမ့်မယ်။ တကယ်လို့ မဲခေါင် ငါးနိုင်ငံရဲ့စီးပွါးရေးကို တခုတည်း ဖြစ်အောင် ပေါင်းလိုက်ရင် G20 လို့ခေါ်တဲ့ ကမ္ဘာ့စီးပွါးရေး အင်အားကြီးနိုင်ငံ ၂၀ ထဲမှာပါသွားပါလိမ့်မယ်။ နံပါတ် ၁၉ နေရာကိုရောက်သွားမှာပါ။ ငါးနိုင်ငံပေါင်း ရဲ့ ပြည်ပပို့ကုန်တန်ဘိုးက ဒေါ်လာ ၄၆၆ ဘီလီယံ ဖြစ်ပါတယ်။ ဒီပမာဏက ကမ္ဘာမှာပြည်ပပို့ကုန် အကြီးမားဆုံးပို့တဲ့နိုင်ငံတွေထဲမှာ နံပါတ် ၉ အဆင့်ရှိပါ တယ်။ အဲဒါကြောင့် မဲခေါင်ဒေသဟာ တော်တော် ထူးခြားမှုရှိတဲ့ဒေသဆိုတာ ရှင်းပါတယ်။”

မဲခေါင်ဒေသငါးနိုင်ငံမှာ အခုလိုထူးခြားတဲ့အလားအလာတွေရှိတယ်ဆိုပေမဲ့လည်း ဒီအလား အလာ တွေကို ပြည့် မီအောင် နိုင်ငံတွေက သေချာအကောင်အထည်မဖေါ်ရသေးပါဘူး။ ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc (ငုယင်စွမ်ဖွခ်) ကတော့ ဆန်းသစ်တီထွင်မှုတွေ၊ ပြုပြင်ပြောင်းလဲ မှုတွေ၊ ဖန်တီးမှုတွေနဲ့ ဆက်စပ် ပေါင်းစည်းမှု ပုံစံသစ်တွေနဲ့သာလုပ်ဆောင် သွားရင် မဲခေါင် ငါးနိုင်ငံရဲ့ စီးပွါးရေးဟာ ပိုသွက်လက်ပြီး အားကောင်းလာလိမ့်မယ်၊ နိုင်ငံအလိုက်ကွဲပြားမှုတွေ ရှိတယ်ဆို ပေမဲ့လည်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပေါင်းစည်းရေးဆိုတဲ့အချက်တွေမှာတော့ ရည်မှန်းချက်တွေတူကြပါတယ်လို့ဆို ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ မဲခေါင်ငါးနိုင်ငံကြုံတွေ့နေရတဲ့ အခြေ အနေ တွေက အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေရှိအောင် ဖန်တီးပေးရာရောက်တယ်လို့မြင်ပါတယ်။

“အကြောင်းအရာတွေတော်တော်များများပါဝင်ပတ်သက်နေပါတယ်။ ပြိုင်ဆိုင်မှု၊ ပူးပေါင်း ဆောင် ရွက်မှု၊ အပြန် အလှန် အကျိုးပြုမှု၊ အတူရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေ၊ ရာသီဥတု ပြောင်းလဲလာမှု ဒါတွေဟာ ကျမတို့ အားလုံး ကြုံနေကြရ တဲ့အခြေအနေတွေပါ။ ဒီအခြေအနေတွေကပဲ ကျမတို့ အချင်းချင်း အတူပူးပေါင်း ဆောင်ရွက်ရေးကို ဖန်တီးပေးနေတဲ့ အခွင့်အလမ်းတရပ်လို့ ကျမထင်ပါ တယ်။ အပြန်အလှန်ဆက်စပ် အကျိုးပြုတဲ့ ကိစ္စနဲ့ပတ်သက်လို့ပြောရရင် မြန်မာနိုင်ငံဟာ လျှပ်စစ် ဓါတ်အားကို လာအိုနိုင်ငံကဝယ်ယူဖို့ စဉ်းစားနေသလို တဘက်မှာလည်း မြန်မာရဲ့သဘာ၀ ဓါတ်ငွေ့တွေကို ထိုင်းနိုင်ငံကို ရောင်းနေပါတယ်။ ပြိုင်ဆိုင်မှုကို ကြောက်နေဖို့မလိုဘူးလို့ ကျမ ထင်ပါတယ်။”

ထိုင်းဒုဝန်ကြီးချုပ် Prajin Juntong ကတော့ ရေဟာ ဘဝအတွက်မရှိမဖြစ်အရာ၊ မဲခေါင်မြစ်ဟာ ဒီငါးနိုင်ငံရဲ့ ပင်မသွေး ကြော၊ မဲခေါင်ဟာ လှပတဲ့သဘာဝပတ်ဝန်းကျင်၊ သယံဇာတနဲ့ ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးယုံတင်မက ပိုမိုကောင်းမွန်တဲ့ ရေရှည်ဖြစ်ထွန်းမှုကိုလည်း ဖြစ်စေမယ်လို့ဆိုပါတယ်။

လာအို ဝန်ကြီးချုပ် Thongloun Sisoulith ကလည်း မဲခေါင်မြစ်ဟာ အသက်သွေးကြော ဖြစ်တာ ကြောင့် ရေရှည် တည်တံ့အောင် ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတွေအားလုံးတိုးတက်မှုကို အတူ ဖန်တီးကြဖို့ တိုက်တွန်းပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကတော့ မဲခေါင် ငါးနိုင်ငံ အခိုင်အမာဆက်စပ်မှုဟာ အရေးကြီးပြီး ရုပ်ပိုင်း ဆိုင်ရာရော ဒစ်ဂျစ်တလ်နည်းတွေနဲ့ပါ ဟန်ချက်ညီညီဆက်ဆံ သွားဖို့လိုတယ်၊ အဲဒါမှလည်း အားလုံး ရင်ဆိုင်နေရတဲ့ သဘာဝဘေးအန္တရယ်ပြဿနာတွေကိုဖြေရှင်းနိုင်မယ်လို့ဆိုပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မဲခေါင်ငါးနိုင်ငံအတွင်း ခရီးသွားလုပ်ငန်းတခု အတူပူးပေါင်း လုပ်ဆောင်လို့ရတဲ့ အကြောင်းပြောပါတယ်။

“လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့မြန်မာနိုင်ငံအတွေအကြားမှာ ခရီးသွားလုပ်ငန်းတခုကိုကျမတို့ စီစဉ်နိုင်ပါတယ်။ ဒါက ယဉ်ကျေးမှုဆိုင်ရာခရီးသွားလုပ်ငန်းစဉ်တခုဖြစ်ပါလိမ့်မယ်။ ဗီယက်နမ်က ကျမတို့နဲ့ အနည်းငယ်ကွဲပြားတဲ့ ယဉ်ကျေးမှု ရှိတယ်ဆိုပေမဲ့ သိသိသာသာကွဲပြားမှုတွေ မရှိတာ ကြောင့် ဒီအစီအစဉ်ထဲမှာပါလို့ဖြစ်ပါတယ်။ နောက် တခုက ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်ပြီး လာအိုနိုင်ငံမှာမကြာခင်လပိုင်းတုန်းက ရေကြီးတဲ့ဒဏ်ကို ခံရသလိုပဲ ကျမတို့နိုင်ငံမှာလည်း အကြီး အကျယ် ခံနေရတာပါ။ ဒီအခြေအနေတွေကို ကျမတို့အတူရင်ဆိုင် ဖြေရှင်းပြီး အချင်းချင်း ကူညီကြရပါလိမ့်မယ်။”

မဲခေါင်ဒေသငါးနိုင်ငံရဲ့အနာဂတ်မျှော်မှန်းချက်တွေအပါအဝင် အာစီယံဒေသတွင်းနိုင်ငံက စီးပွါးရေး အခြေအနေ တွေ၊ စက်မှုထွန်းကားမှု၊ နည်းပညာတိုးတက်ထွန်းကားမှုနဲ့ အလုပ်အကိုင်သစ်တွေ ဖန်တီးရေး၊ ရေရှည်ခံမယ့် စီးပွါးရေးစတဲ့ အကြောင်းအရာတွေကိုဗီယက်နမ်က အာစီယံဆိုင်ရာ ကမ္ဘာ့ စီးပွါးရေးနှီးနှော ဖလှယ်ပွဲမှာ ဆွေးနွေး တိုင်ပင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG