သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝေဖန်ခံရတဲ့ Melania Trump မိန့်ခွန်း Republican ခုခံ


Cleveland မြို့မှာ ကျင်းပနေတဲ့ Republican ပါတီ ညီလာခံဖွင့်ပွဲနေ့မှာ ပါတီအတွက် သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့ Donald Trump ရဲ့ ဇနီး Melania Trump ၁၅ မိနစ်ကြာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်က Democratic ပါတီညီလာခံမှာ သမ္မတလောင်း Barack Obama ရဲ့ ဇနီး Michelle Obama ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ သိပ်ကို ဆင်တူနေတယ်လို့ ထောက်ပြနေကြတာပါ။

Trump မဲဆွယ်စည်းရုံးရေးအဖွဲ့ကတော့ Melania Trump သူ့ရင်ထဲကလာတဲ့ စကားတွေကိုသာ ပြောခဲ့တယ်လို့ ခုခံ ပြောကြားနေပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

Republican ပါတီညီလာခံကို Ohio ပြည်နယ် Cleveland မြို့မှာ အင်္ဂါနေ့က ဒုတိယနေ့အဖြစ် ဆက်ပြီး ကျင်းပနေပါတယ်။ ညီလာခံစတင်ကျင်းပတဲ့ တနင်္လာနေ့တုန်းကတော့ ပါတီအတွက် သမ္မတလောင်း Donald Trump က ပါတီညီလာခံမှာ မိန့်ခွန်းပြောမယ့် သူ့ရဲ့ဇနီးကို မိတ်ဆက်ပြီး စင်ပေါ်ခေါ်ခဲ့ပါတယ်။ ဥရောပအလယ်ပိုင်း Slovenia နိုင်ငံကနေ အမေရိကန်မှာ လာရောက် အခြေချနေထိုင်သူ Melania Trump က သူ့ရဲ့ခင်ပွန်း Donald Trump ကို ထူးခြားတဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ် လို့ ပြောကြားခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုကို အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်နိုင်မယ့် တဦးတည်းသော သူလို့ မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

Melania Trump ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေဟာ ၂၀၀၈ ခုနှစ်တုန်းက Democratic ပါတီညီလာခံမှာ အဲဒီတုန်းက သမ္မတလောင်းဖြစ်တဲ့ Barack Obama ရဲ့ဇနီး Michelle Obama က သူ့ခင်ပွန်းကို ချီးကျူးပြောကြားချက်တွေနဲ့ သိပ်ကို တူနေတဲ့အတွက် ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

“နောင်မျိုးဆက်ပေါင်းများစွာ အတုယူနိုင်မယ့် သင်ခန်းစာမျိုး ချန်ထားရစ်ခဲ့ဖို့ လိုပါတယ်။ ကိုယ့်စိတ်ကူး အိမ်မက်တွေက ဘယ်လောက်ခိုင်မာသလဲ၊ အိမ်မက်အတိုင်းဖြစ်အောင် ဘယ်လောက် ကြိုးစားလုပ်ချင်သလဲ ဆိုတာကသာ ကိုယ့်အောင်မြင်မှုအတွက် တခုတည်းသော ကန့်သတ်မှု ဖြစ်တယ်ဆိုတာကို ဒီနိုင်ငံက ကလေးတွေကို ကျမတို့က သိစေချင်လို့ ဖြစ်ပါတယ်။”

အဲဒါက တနင်္လာနေ့ညတုန်းက Melania Trump က Republican ပါတီ မိန့်ခွန်းထဲမှာ ပြောကြားသွားတာပါ။ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက Democratic ပါတီညီလာခံမှာ Michelle Obama က ပြောခဲ့တာတွေကိုလည်း နားဆင်ကြည့်ပါဦး။

“ဒီစံတန်ဖိုးတွေနဲ့အညီ ဘဝကို တည်ဆောက်ထားတဲ့ Barack နဲ့ ကျမတို့ဟာ နောင်မျိုးဆက်တွေ အတွက် ဒီတန်ဖိုးတွေကို လက်ဆင့်ကမ်းသွားမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ ကလေးတွေကိုရော အမေရိကန်ပြည်ထောင်စုက ကလေးအားလုံးကိုပါ သိစေချင်တာက ကိုယ့်ရဲ့အောင်မြင်မှု အတိုင်းအတာကို ကန့်သတ်ထားတာဟာ ကိုယ့်အိပ်မက်တွေ ဖြစ်လာနိုင်အောင် လက်တွေ့ဆောင်ရွက်မှုနဲ့ ဘယ်လောက် ကြိုးစားလုပ်ချင်စိတ် ရှိသလဲဆိုတာပဲ ဖြစ်တယ်ဆိုတာပါပဲ။”

ခုလို မိန့်ခွန်း ၂ ခု တော်တော်ကို ဆင်တူနေလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ Trump မဲဆွယ်စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ Paul Manafort ကတော့ Melania Trump ဘက်ကနေ ခုလို ကာကွယ် ပြောကြားခဲ့ပါတယ်။

“သူအဓိကပြောခဲ့တာတွေက သူ့ခံယူချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေက သူတို့ဖြတ်သန်းခဲ့တဲ့ ဘဝအခြေအနေပေါ် အခြေခံပြီး တခြားသူအများကြီးရဲ့ ခံယူချက်နဲ့လည်း တူနိုင်ပါတယ်။ Michelle Obama က သူ့မိသားစုနဲ့ ပတ်သက်လို့ထားတဲ့ စိတ်ကူး ခံယူချက်တွေက သိပ်ကိုတူနေတာကတော့ ငြင်းလို့မရပါဘူး။ Melania ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ ပြောသမျှဟာ သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောတာလို့ ကျနော်တို့ ယုံကြည်ပါတယ်။ သူ့ခံယူချက်ကို ထင်ဟပ်တဲ့ အသုံးအနှုန်းတွေမို့ ကသိကအောက် မဖြစ်ပါဘူးလို့ Melania က ပြောပါတယ်။ သူပြောတဲ့စကားတွေကို လူတွေ အာရုံစိုက်ကြမယ်ဆိုတာ သူသိပါတယ်။ သူအဓိကပေးချင်တဲ့ သတင်းစကားတွေကို အမေရိကန်တွေဘက်က တကယ်လည်း အာရုံစိုက်ကြပါတယ်။ ခင်ဗျားတို့ကပဲ သူပေးချင်တဲ့ အဓိက အကြောင်းအချက်ကို လိုရာဆွဲပြီး မူရင်း အနှစ်သာရပျောက်အောင် လုပ်ဖို့ ကြိုးစားနေကြတာပါ။”

သုံးသပ်သူတွေဘက်ကတော့ မိန့်ခွန်း ၂ ခု သိပ်ကို ဆင်တူနေတာကို လျစ်လျူရှုဖို့ ခက်တယ်လို့ ပြောနေကြပါတယ်။ Republican ပါတီညီလာခံ ဒုတိယနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာတော့ Donald Trump ရဲ့ သားသမီး ၂ ယောက်ဖြစ်ကြတဲ့ Tiffany နဲ့ Donald Jr. Trump တို့အပြင် Republican ပါတီမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan နဲ့ သမ္မတလောင်းဖြစ်ရေး အစပိုင်းက ဝင်ပြီး ယှဉ်ပြိုင်ခဲ့ကြတဲ့ New Jersey ပြည်နယ် အုပ်ချုပ်ရေးမှူး Chris Christie နဲ့ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ဆရာဝန် Ben Carson တို့က မိန့်ခွန်းတွေ ပြောကြားကြပါတယ်။

တချိန်က Model လုပ်ခဲ့သူ Slovene လူမျိုး အသက် ၄၆ နှစ်အရွယ် Melania Trump ဟာ Donald Trump ရဲ့ တတိယမြောက်ဇနီးဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG