သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပီနန်ရေပြင်မှာ မြန်မာရေလုပ်သား (၄) ဦးကို မလေးရှားဖမ်းဆီး


ပီနန်ရေပြင်မှာ မြန်မာရေလုပ်သား (၄) ဦးကို မလေးရှားဖမ်းဆီးထားကြောင်း BERNAMA သတင်းမှာဖော်ပြ
ပီနန်ရေပြင်မှာ မြန်မာရေလုပ်သား (၄) ဦးကို မလေးရှားဖမ်းဆီးထားကြောင်း BERNAMA သတင်းမှာဖော်ပြ

မလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီက မြန်မာနိုင်ငံသား (၄) ဦးလုပ်ကိုင်နေတဲ့ ဒေသခံငါးဖမ်း သင်္ဘောတစင်းကို ပီနန် ပြည်နယ်၊ Pulau Kendi မြို့ရဲ့ အနောက်ဘက် ရေမိုင် ၁၈ မိုင်အကွာမှာသက်သေခံ အထောက်အထားစာရွက်စာတမ်းတွေ မပြနိုင်မှုနဲ့ ဇွန်လ (၅) ရက်နေ့က ဖမ်းဆီးထားကြောင်း မလေးရှား ပြည်တွင်း သတင်းဌာန Bernamaမှာ ဖော် ပြထားပါတယ်။

ပင်လယ်ပြင်မှာပုံမှန်ကင်းလှည့်နေတဲ့ ရေကြောင်းထိန်းသိမ်းရေးအဖွဲ့က မြန်မာတွေလုပ်ကိုင်နေတဲ့ သင်္ဘောကို မွန်းလွဲ ၂ နာရီလောက်မှာ တားဆီးစစ်ဆေးခဲ့ပြီး စစ်ဆေးချက်အရ Class C အမျိုးအစား သင်္ဘောကိုတရားဝင်မှတ်ပုံတင်စာရွက်စာတမ်းနဲ့ အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိတဲ့ မြန်မာနိုင်ငံသား (၄) ဦးက မောင်းနှင်လာကြောင်းတွေ့ရှိရတယ်လို့ ပီနန်က ရေကြောင်းထိန်းသိမ်းရေးဌာန တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားတွေဟာ အသက် ၂၆ နှစ်ကနေ ၃၁ နှစ်ကြားရှိကြပြီး သူတို့ကို ငါးလုပ်ငန်းဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေအရ ဖမ်းဆီးထားကြောင်း၊ သင်္ဘောနဲ့အတူ ငါးဖမ်းကိရိယာတွေနဲ့ ကီလိုဂရမ် ၁၀၀ အလေးချိန်ရှိတဲ့ ငါးတွေကိုလည်း ဖမ်းဆီးထားပြီး ဆက်လက်စုံစမ်းအရေးယူမှုတွေလုပ်ဆောင်မယ်လို့ မလေးရှား အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဇွန်လ (၅) ရက်နေ့မှာပဲ မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် Pulau Daya အနောက်တောင်ဘက် ပင်လယ်ပြင်မှာလည်း ငါးဖမ်းသင်္ဘောတစင်းကိုစစ်ဆေးရာမှာ တရားမဝင် မြန်မာ အလုပ်သမားတဦး ကို တွေ့ရှိရတဲ့ အတွက် သူ့ကိုလည်း မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ စက်လှေကို စစ်ဆေးရာမှာ မာလိန်မှုးအပါအဝင် သင်္ဘောသားနှစ်ဦးက ဒေသခံတွေဖြစ်ပြီး ကျန်တဲ့ တစ်ယောက်က မြန်မာနိုင်ငံသား ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့မှာ အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒုက္ခသည်ကတ်ပြားပဲ ရှိကြောင်းမလေးရှား ရေကြောင်းကြီးကြပ်ရေး တာဝန်ရှိသူတွေကို ကိုးကားပြီး မလေးရှား စတားသတင်းစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG