သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးညှင်းတရားရုံးမှာ အဖမ်းဆီးခံ ABSDF အဖွဲ့ဝင် ၃ ဦးအမှု ရုံးတင်စစ်ဆေး


မိုးညှင်းတရားရုံးရှေ့မှာ ABSDF အဖွဲ့ဝင်များအား ရုံးထုတ်ချိန် စောင့်ဆိုင်းနေကြသူများ။ (ဓာတ်ပုံ-ကိုသံခဲ၊ ABSDF ဥက္ကဋ္ဌ၊ ၁၂၊ ၁၄၊ ၁၈)
မိုးညှင်းတရားရုံးရှေ့မှာ ABSDF အဖွဲ့ဝင်များအား ရုံးထုတ်ချိန် စောင့်ဆိုင်းနေကြသူများ။ (ဓာတ်ပုံ-ကိုသံခဲ၊ ABSDF ဥက္ကဋ္ဌ၊ ၁၂၊ ၁၄၊ ၁၈)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း) က ဒုတိယဥက္ကဋ္ဌ အပါအဝင် ဖမ်းဆီးထားသူ ၃ ယောက်ကို မတရားသင်းဥပဒေ ပုဒ်မ ၁၇/၁ နဲ့ မိုးညှင်းတရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးပါတယ်။ ဒီလို တရားစွဲဆိုတာဟာ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအတွက် ယုံကြည်မှုကျဆင်းစေတာကြောင့် ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ABSDF (ဗဟို) က တောင်းဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ ABSDF အဖွဲ့က မြောက်ပိုင်းဒေသ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ဗိုလ်အဆင့်ရှိသူ ဦးမောင်ဦးနဲ့ အရပ်သား ဦးကိန်းမြင့်တို့ဟာ မိုးညှင်းမြို့မှာ ကွယ်လွန်သွားတဲ့ တပ်ဖွဲ့ဝင်တဦးရဲ့ ဈာပနကို သွားရောက်စဉ် ပြီးခဲ့တဲ့လ ၃၀ ရက်နေ့က ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မိုးညှင်းတရားရုံးမှာ သူတို့ကို ပထမဆုံး ရုံးတင်စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးသံခဲက ပြောပါတယ်။

“ အခုဟာကတော့ မိုးညှင်းတရားရုံးကနေပြီးတော့မှ ၁၇/၁ ဆိုတဲ့ အမှုတင်တဲ့အဆင့်ဖြစ်ပါတယ်။ ရမန်ယူတယ်။ နောက်ထပ် ၁၄ ရက်အကြာမှာ ရုံးပြန်ထုတ်ပြီးတော့မှ ဥပဒေလမ်းကြောင်းအတိုင်း ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တရားရုံးလုပ်ထုံးလုပ်နည်းနဲ့ဆို အခုဟာက အမှုတင်ပြီးသွားပြီ။ ရမန်ကလည်း တစ်ခါယူပြီးသွားပြီ။ ရမန်ကြီးတခါယူတဲ့အတွက်ကြောင့်မို့ မိုးညှင်းအကျဉ်းထောင် သွားနေရမှာဖြစ်ပါတယ်။ အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။”

မတရားသင်းဥပဒေ ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုတာကို ABSDF က ကန့်ကွက်လိုက်ပြီး သူတို့အဖွဲ့အစည်းဟာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသလို အစိုးရက မတရားသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်က ပယ်ဖျက်ထားတဲ့ အဖွဲ့ဖြစ်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အခုလို ဖမ်းဆီးလိုက်တာကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ယုံကြည်မှု ကျဆင်းစေနိုင်ကြောင်းနဲ့ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ဦးသံခဲက ဆက်ပြောပါတယ်။

“ချုပ်ဆိုထားတဲ့စာချုပ်တွေ၊ ကတိကဝတ်တွေ၊ ပြဋ္ဌာန်းချက်တွေကကျနော်တို့ တည်မြဲဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ ဒီထဲမှာရှိတဲ့ ပြဋ္ဌာန်းချက်တွေကို ကျနော်တို့ တဘက်က ဖောက်ဖျက်မယ်ဆိုရင် ကျနော်တို့ ရှေ့ ဆက်ရမယ့် ခရီးအတွက် ငြိမ်းချမ်းရေးခရီးပဲဖြစ်ဖြစ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ပဲဖြစ်ဖြစ်၊ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ အဖွဲ့အစည်းများအားလုံးအတွက် စိုးရိမ်သံသယဖြစ်စရာရှိပါတယ်။ ဒါကြောင့် ဒီကိစ္စက မဖြစ်သင့်ဘူး။ ဒီအတွက်လည်း သက်ဆိုင်ရာ အစိုးရတွေ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ဆက်လက်ပြီးတော့မှ အမြန်ဆုံးညှိနှိုင်းဆွေးနွေးပြီး ကျနော်တို့ ရဲဘော်တွေကို အမြန်ဆုံးလွှတ်မြောက်ပေးဖို့ တောင်းဆိုထားပါတယ်။”

ဒီဖမ်းဆီးတာနဲ့ပတ်သက်ပြီး ABSDF ဗဟိုက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ ငြိမ်းချမ်းရေးကော်မရှင်တို့ကို အကြောင်းကြားထားသလို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U ကိုလည်း စာပေးပို့ထားပါတယ်။

JMC-U ရဲ့ အတွင်းရေးမှုး၂ ဗိုလ်မှူးကြီးဝဏ္ဏအောင်က JMC အစည်းအဝေး ရှိချိန်မှာ ဆွေးနွေးဖို့ရှိကြောင်း ပြောပါတယ်။

“အခုအချိန်ထိတော့ JMC အစည်းအဝေးလေး မခေါ်ဖြစ်သေးဘူးပေါ့နော်။ JMC အစည်းအဝေးလေး မခေါ်ဖြစ် တဲ့အခါကျတော့ JMC မှာလည်း ဆွေးနွေးညှိနှိုင်းမှု မရှိသေးဘူးပေါ့။ JMC အစည်းအဝေးရှိလို့ ကျနော်တို့ JMC ကို သူတို့ လိပ်မူပြီးတော့ စာပို့ထားတယ်ဆိုရင် ကျနော်တို့ JMC မှာတော့ ဒါလေးကို ဆွေးနွေးရမှာပေါ့နော်။ ”

၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ပုဒ်မ ၁၇/၁ နဲ့ဖမ်းဆီးပြီး ၈ လ ကျော်ကြာ ရုံးတင်စစ်ဆေးပြီးတဲ့နောက်မှာမှ တရားသေ လွှတ်ပေးတာရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG