အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်က တီဟွားနားမြို့မှာရောက်ရှိနေတဲ့ ဗဟိုအမေရိကက ရွှေ့ပြောင်း ဝင်ရောက်သူ ၅,၀၀၀ လောက်အတွက် ကုလသမဂ္ဂအနေနဲ့ အကူအညီပေးဖို့ တီဟွားနားမြို့တော် ဝန်က တောင်းဆိုလိုက် ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်ရဖို့ မက္ကဆီကိုဘက်ခြမ်းမှာ ရောက်ရှိနေကြတဲ့ အဲဒီရွှေ့ပြောင်း ဝင်ရောက် သူတွေဟာ အခုအခါမှာ အားကစားရုံအတွင်း နေထိုင်နေကြပြီး ဒေသခံတွေကလည်း သူတို့ကို ဆန့်ကျင် ကန့်ကွက်ကြတာကြောင့် အရေးပေါ် အကြပ်အတည်း အခြေအနေဆိုက်ရောက်နေ ကြောင်းလည်း မြို့တော်ဝန်က သောကြာနေ့မှာ ကြေညာထားတာပါ။
တလကျော်ကြာ ဗဟိုအမေရိကန်နိုင်ငံတွေကို ဖြတ်သန်းခဲ့ပြီးနောက် ရောက်ရှိလာတဲ့ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေပါဝင်တဲ့ အဲဒီရွှေ့ပြောင်းဝင်ရောက်သူ ၄,၉၇၆ ယောက်ကို စေတနာ့ ဝန်ထမ်းတွေ၊ အာဏာ ပိုင်တွေက အကူအညီပေးထားကြောင်း တီဟွားနား မြို့တော်ဝန်က Juan Mauel Gastelum က ပြောပါတယ်။ အမေရိကန်သမ္မတ Donald Trump ကတော့ အဲဒီသူတွေထဲမှာ ရာဇဝတ်မှုကျူးလွန်သူတွေ၊ ဂိုဏ်းအဖွဲ့ဝင် တွေနဲ့ အကြမ်းဖက်သမားတွေပါ ပါဝင်တယ်ဆိုတာမျိုးကို အထောက်အထားမပြနိုင်ဘဲ စွပ်စွဲ ပြောဆိုထား တာပါ။
ဟွန်ဒူးရပ်စ်နိုင်ငံက အများစုပါဝင်တဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေဟာ အောက်တိုဘာလလယ် ကတည်းက အမေရိကန်ပြည်ထောင်စုဆီ စတင်ထွက်ခွါလာကြတာဖြစ်ပြီး လမ်းတလျှောက် မြို့ရွာတွေမှာ ညအိပ် ရပ်နားခဲ့ ကြပါတယ်။ အဲဒီသူတွေအများစုဟာ သူတို့နေရပ်ရင်းနိုင်ငံတွေမှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေ၊ ဆင်းရဲမွဲတေ မှုကနေ ပိုကောင်းမွန်တဲ့ဘဝမှာ နေထိုင်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်ရဖို့အတွက် မက္ကဆီကိုနယ်စပ်မြို့မှာ အခုလို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။