သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုအလယ်ပိုင်း ရေနံပိုက်လိုင်း ပေါက်ကွဲမှု လူ ၆၆ ယောက် သေဆုံး


မက္ကဆီကိုနိုင်ငံ၊ Hidalgo ပြည်နယ်က ရေနံချက်စက်ရုံတခုအနီး ပိုက်လိုင်းပေါက်ကွဲနေပုံ။ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)
မက္ကဆီကိုနိုင်ငံ၊ Hidalgo ပြည်နယ်က ရေနံချက်စက်ရုံတခုအနီး ပိုက်လိုင်းပေါက်ကွဲနေပုံ။ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)

မက္ကဆီကိုနိုင်ငံအလယ်ပိုင်းမှာ သောကြာနေ့တုန်းက ယိုစိမ့်နေတဲ့ ရေနံပိုက်လိုင်းပေါက်ကွဲ ခဲ့ တာကြောင့် သေဆုံးသူအရေအတွက်ဟာ ၆၆ ယောက်ရှိသွားခဲ့ပြီဖြစ်တယ်လို့ Hidalgo ပြည်နယ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် နောက်ထပ် ၇၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မက္ကဆီကိုစီးတီး မြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Hidalgo ပြည်နယ် အုပ်ချုပ်ရေးမှူး Omar Fayad က ပြောပါတယ်။ အစောပိုင်းတုန်းကတော့ - ဒီပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးပြီး ၆၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

Hidalgo ပြည်နယ်က ရေနံပိုက်လိုင်းကနေ ရေနံတွေကို တရားမဝင် ခိုးယူနေတဲ့ သူတွေကြောင့် ပိုက်လိုင်း ယိုစိမ့်တာနဲ့ ပေါက်ကဲွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှု မဖြစ်ပွားခင်မှာ ရေနံဆီတွေ လေထဲကို ပန်းထွက်သွားပြီးတော့ လူတွေက အဲဒီရေနံဆီတွေကို ရေပုံးတွေ၊ အမှိုက်ပုံးတွေ နဲ့ တခြားပုံးတွေ နဲ့ လိုက်ခံနေကြတယ်လို့ ဗွီဒီယိုတွေမှာ ပြနေပါတယ်။ Hidalgo ပြည်နယ် အုပ်ချုပ်ရေးမှူး Omar Fayad ကတော့ အဲဒီမှာနေထိုင်နေကြတဲ့သူတွေအနေနဲ့ ရေနံခိုး ယူမှုမှာ မပါဝင်ကြဖို့ တိုက်တွန်းလိုက်ပြီး ဒီလိုခိုးယူတာတွေဟာ တရားမဝင်တဲ့ အပြင် ကိုယ်ရဲ့အသက်ကိုရော၊ မိသားစုအတွက်ပါ အန္တရာယ်ဖြစ်စေတယ်လို့ ပြောကြား လိုက်ပါတယ်။

မက္ကဆီကိုသမ္မတ Andres Manuel Lopez Obrador ကတော့ အစိုးရအနေနဲ့ ဒီပေါက်ကွဲမှုဖြစ်တဲ့နေရာက လူတွေကို အကူအညီတွေပေးဖို့ပြောလိုက်ပါတယ်။ လောင်စာဆီခိုးယူမှုတွေကြောင့် မက္ကဆီကိုအစိုးရအနေနဲ့ တနှစ်ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံလောက်ဆုံးရှုံးရတယ်လို့လည်း အစိုးရက ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG