သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ဆီကိုသမ္မတ အိမ်ဖြူတော်ခရီးစဉ် ဖျက်သိမ်း


အမေရိကန် နဲ့ မက္ကဆီကိုနိုင်ငံကြား နယ်စပ်တံတိုင်း ကာရံဖို့ကိစ္စနဲ့ ပတ်သက်ပြီး အခုသီတင်းပတ်အတွင်း တဘက်နဲ့တဘက်အပြန်အလှန် ပြောဆိုတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် မက္ကဆီကိုသမ္မတ Enrique Pena Nieto က အမေရိကန်သမ္မတအိမ်ဖြူတော်ကိုသွားရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ စနေနေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ဝါရှင်တန်ပို့စ်နဲ့ ပြောတဲ့ သတင်းအရင်းအမြစ်အရတော့ မက္ကဆီကိုသမ္မတ Pena Nieto နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ဟာ အင်္ဂါနေ့တုန်း ၁ နာရီ နီးပါးလောက် တယ်လီဖုန်းနဲ့ စကားပြောခဲ့ပြီး၊ အဲဒီလိုပြောတဲ့အထဲမှာလည်း နယ်စပ်တံတိုင်းကိစ္စကို အတော်လေးဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း ၊ သမ္မတထရမ့်က သူသာသမ္မတဖြစ်လာခဲ့ရင် အမေရိကန်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတာတွေကို လျှော့ချဖို့အတွက် အမေရိကန်မက္ကဆီကို နယ်စပ်တလျှောက်မှာ တံတိုင်းတည်ဆောက်ပြီး၊ အဲဒီတံတိုင်းကို မက္ကဆီကိုနိုင်ငံကို ကုန်ကျစရိတ်ကျခံစေမှာဖြစ်တယ်လို့ ထောက်ခံသူတွေကို ကတိပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း သမ္မတ ၂ ဦး အင်္ဂါနေ့က တယ်လီဖုန်းနဲ့ပြောစဉ်မှာတော့ - ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုံ စကားများခဲ့ကြပါတယ်။ မက္ကဆီကိုသမ္မတက သမ္မတထရမ့်ကို ဒီတံတိုင်းတည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး မက္ကဆီကိုနိုင်ငံအနေနဲ့ ပေးစရာမလိုဘူးဆိုတာကို တရားဝင် ထုတ်ဖော်ပြောကြားစေချင်ပေမယ့်၊ သမ္မတထရမ့်က ဒါကို ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။

ဖုန်းပြောနေစဉ်အတွင်း သမ္မတထရမ့်ဟာ အကြီးအကျယ်ဒေါသထွက်ခဲ့တယ်လို့ မက္ကဆီကိုတာဝန်ရှိသူတဦးက ပြောကြားခဲ့ပြီး၊ ဒါနဲ့ ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတွေဘက် ကတော့ သမ္မတထရမ့်ဟာ စိတ်ပျက်လက်ပျက်ဖြစ်မိတာသာဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်က ဖော်ပြပါတယ်။ မက္ကဆီကိုသမ္မတဟာ လာမယ့်သီတင်းပတ်တွေအတွင်း အိမ်ဖြူတော်ကို တရားဝင်လာရောက်ဖို့အတွက် အစီအစဉ်ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း သမ္မတ ၂ ဦးဟာ နယ်စပ်တံတိုင်းဆောက်ဖို့ကိစ္စနဲ့ မြောက်အမေရိကတိုက် အခွန်လွတ်ကုန်သွယ်မှု သဘောတူစာချုပ်တွေနဲ့ ပတ်သက်ပြီး သဘောမတူမှုတွေဖြစ်ခဲ့ကြတာကြောင့် မက္ကဆီကိုသမ္မတရဲ့ အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG