သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို သမ္မတနဲ့ Trump ပွင့်လင်းစွာ ဆွေးနွေး


မက္ကဆီကိုကနေ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင် လာရောက် နေထိုင်နေကြသူတွေအရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေ အပါအဝင် လွန်ခဲ့တဲ့ တနှစ်တာကာလအတွင်း သူ ဝေဖန် ပြောဆိုခဲ့တဲ့ အကြောင်းအရာ အတော်များများကို မက္ကဆီကိုသမ္မတ Enrique Pena Nieto နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆိုခဲ့တယ်လို့ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump က ပြောပါတယ်။

သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ချစ်ကြောင်း၊ ဒါကြောင့်လည်း အမေရိကန်နိုင်ငံအတွင်းမှာ နေထိုင်ကြသူတွေ လုံလောက်တဲ့ အကာကွယ် ရရှိမှုကို လိုလားကြောင်း၊ မက္ကဆီကို သမ္မအနေနဲ့ အလားတူပဲ သူ့တိုင်းပြည်ကို ချစ်တဲ့အကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Trump က Pena Nieto ကို ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ကာလအတွင်း မက္ကဆီကိုနိုင်ငံသားတွေကို ဝေဖန် ပုတ်ခတ် ပြောဆိုမှုတွေနဲ့ Trump က ထောက်ခံမှု အများအပြား ရရှိခဲ့တာ ဖြစ်ပေမဲ့ အဲဒီလို ပြောဆိုမှုတွေဟာ မက္ကဆီကို နိုင်ငံသားတွေကို ထိခိုက် နစ်နာစေတယ်လို့ သမ္မတ Pena Nieto က ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ တောင်ပိုင်းမှာရှိတဲ့ မက္ကဆီကိုနိုင်ငံဟာ အမေရိကန်ရဲ့ အလုပ်အကိုင်တွေကို လုယူနေတယ်၊ နယ်စပ် ဖြတ်ကျော်ပြီး မက္ကဆီကိုနိုင်ငံက မုဒိမ်းသမားတွေ၊ ရာဇဝတ်သမားတွေနဲ့ လူသတ်သမားတွေကို စေလွှတ်နေတာမှာ မက္ကဆီကို အစိုးရအနေနဲ့ အဲဒီလူတွေကို တားဆီးဖို့ တစုံတရာ လုပ်ဆောင်ခြင်း မရှိဘူးဆိုပြီး စွပ်စွဲ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်မှာ တံတိုင်းတည်ဆောက်ဖို့ Trump က အဆိုပြုထားပြီး အဲဒီ တံတိုင်းအတွက် ကုန်ကျငွေကို မက္ကဆီကိုနိုင်ငံက ပေးရမယ်လို့ ပြောပါတယ်။ မက္ကဆီကို သမ္မတ Enrique Pena Nieto ကတော့ Trump ဟာ ဖက်ဆစ်အာဏာရှင်တွေဖြစ်တဲ့ ဟစ်တလာတို့၊ မူဆိုလီနီတို့နဲ့ တူကြောင်း ပြောခဲ့ပါတယ်။

မက္ကဆီကို သမ္မတနဲ့ Trump ပွင့်လင်းစွာ ဆွေးနွေး
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG