သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရေးဆရာမောင်သာရ (၈၅) နှစ် ကွယ်လွန်


စာရေးဆရာမောင်သာရ (ဓါတ်ပုံ- မင်းဆွေနှစ် Facebook)
စာရေးဆရာမောင်သာရ (ဓါတ်ပုံ- မင်းဆွေနှစ် Facebook)

အသက် (၈၅)နှစ်အရွယ် နာမည်ကျော်စာရေးဆရာကြီးမောင်သာရဟာ လူကြီးရောဂါနဲ့ ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားပါတယ်။ သူရဲ့ဈာပနာကို မတ်လ (၃)ရက်နေ့ Las Vegas မှာ ကျင်းပဖို့ရှိပါတယ်။ မြန်မာစာပေလောက ဘဝသရုပ်ဖေါ်အရေးကောင်းသူ အဖြစ်ကျော်ကြားတဲ့ စာရေးဆရာကြီးမောင်သာရ ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းမိကြောင်း မြန်မာစာရေးဆရာတွေကဆိုကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း (၁၀)နှစ်ကျော်အခြေချနေထိုင်ခဲ့တဲ့ စာရေးဆရာကြီးမောင်သာရ ကွယ်လွန်ချိန်မှာ သားသမီး (၈)ဦးကျန်ရစ်ခဲ့ပါတယ်။ သူရဲ့ဈာပနာအခမ်းအနားနဲ့ပတ်သက်လို့ သားဖြစ်သူ ကိုကျော့်ခိုင်က အခုလိုပြောပြပါတယ်။

“နဂိုကတည်းက နှလုံးမကောင်းလို့ ဆေးရုံမှာတက်ပြီးကုသနေတာလေ။ အဲဒါနဲနဲသက်သာလာပြီဆိုပြီးတော့ ဆေးရုံကဆင်းဖို့လုပ်နေတော့ ကျနော်တို့က ဝမ်းသာနေကြတာ။ အခုရုတ်တရက်အဖေဆုံးပြီဆိုတော့ ကျနော်တို့အားလုံးဝမ်းနည်းကြတယ်။ မနက်ဖြန်မှာ ဆွမ်းကပ်ဖို့အစီအစဉ်လုပ်နေတယ်။ နောက်စနေနေ့မှာ ရက်လည်ဆွမ်းကပ်ပေးဖို့စီစဉ်ထားတယ်။ ကြာသာပတေးနေ့မှာ ဈာပနာအခမ်းအနားလုပ်ဖို့စီစဉ်ထားတယ်။”

မြန်မာစာပေလောကမှာ ကိုယ်ပိုင်စာရေးဟန်၊ ဘဝနေထိုင်မှုတွေနဲ့ တမူကွဲ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာမောင်သာရဟာ ဆယ်စုနှစ်နဲ့ချီပြီး လုံချင်းဝတ္ထုစာအုပ်ပေါင်း (၅၀)ကျော်ရေးသားခဲ့သူဖြစ်ပါတယ်။ သူ့ခေတ်မှာ မြန်မာစာပေအတွက် လေးစားစရာ၊ စာပေယဉ်ကျေးမှုဆိုင်ရာအလုပ်တွေကို အများကြီးလုပ်ခဲ့တဲ့ စာရေးဆရာကြီးတဦးဖြစ်တယ်လို့ စာရေးဆရာမ မေငြိမ်းကပြောပါတယ်။

“ဆရာမောင်သာရက သရုပ်ဖေါ်အရေးအသားသိပ်ကောင်းပါတယ်။ ဥပမာအချစ်ကိုသရုပ်ဖေါ်ရင်လည်း အင်မတန်အချစ် သရုပ်ဖေါ် ဝတ္ထုအရေးကောင်းတဲ့စာရေးဆရာလို့ပြောလို့ရမယ်။ အဲဒီလိုပဲ လူ့ဘဝတွေကို တကယ်ပီပီပြင်ပြင် သရုပ်ဖေါ်ပြီဆိုရင်လည်း သူက တကယ့်ကို ပေါ်လွင်အောင်ရေးနိုင်တဲ့အတွက်ကြောင့်မို့လို့ ဆရာမောင်သာရဆိုရင် အရေးအသားကြောင့် လူတွေကပိုပြီးစွဲလန်းတယ်လို့ထင်ပါတယ်။”

စာရေးဆရာ မောင်သာရဟာ ၁၉၉၉ခုနှစ်မှာ ပြည်ပကိုထွက်ခွာလာပြီးနောက် အမေရိကန်ပြည်ထောင်စုမှာ သူမကွယ်လွန်ချိန်ထိ စာပေနဲ့ဆောင်းပါးတွေကို ဆက်လက်ရေးသားခဲ့သူဖြစ်ပါတယ်။ နာမည်ကြီးဝတ္ထုတွေထဲမှာဆိုရင် ကျဉ်တုတ်ခံဝံ့ မခံဝံဆိုတဲ့ ကျောင်းသားလှုပ်ရှားမှု အကြောင်းရေးသားထားတဲ့နိုင်ငံရေးဝတ္ထုစာအုပ်မျိုးကအစ ၊ ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း၊ သုမနကျောမှာဒဏ်ရာတွေနဲ့၊ မတ်တပ်ရပ်၍လမ်းမှာငို စတဲ့ဘဝသရုပ်ဖေါ်ဝတ္ထုတွေဟာ လူကြိုက်အများဆုံးဖြစ်ပါတယ်။

XS
SM
MD
LG