သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး မလေးရှားလေယာဉ်အစီရင်ခံစာ ထုတ်ပြန်


ပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ် MH 370 ရျှာဖွေနေတဲ့ ဧရိယပြမြေပုံ။
ပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ် MH 370 ရျှာဖွေနေတဲ့ ဧရိယပြမြေပုံ။

မလေးရှားလေကြောင်းပိုင် MH 370 လေယာဉ် ပျောက်ဆုံးသွားမှုနဲ့ ပတ်သတ်တဲ့ အစီရင်ခံစာတစောင်ကို မလေးရှားနိုင်ငံက ဒီကနေ့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ခရီးသည် ၂၃၉ ဦးနဲ့ လေယာဉ်အမှုထမ်းတွေ တင်ဆောင်ထားတဲ့ Boeing 777 လေယာဉ်ဟာ ခြေရာခံလို့မရဘဲ ပျောက်ဆုံးခဲ့ပြီးနောက် တနှစ်တိတိအကြာမှာ ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။

လေယာဉ်ပျောက်ဆုံးမှုနဲ့ ပတ်သတ်ပြီး အစီရင်ခံစာထဲမှာ နောက်ထပ် အချက်အလက်အသစ်တွေ မပါဝင်ပေမယ့် လေယာဉ်မှူးနဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့ အကျင့်စာရိတ္တ၊ အပြုအမူ၊ နောက် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးမှတ်တမ်းတွေမှာ ဘာတခုမှ အမှားအယွင်းမတွေ့ရဘူးလို့ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် လေယာဉ်ပျောက်မသွားခင် တနှစ်လောက်ကတည်းက လေယာဉ်တည်နေရာကိုပြတဲ့ Location Beacon မှာသုံးတဲ့ ဓာတ်ခဲတွေ အားကုန်ခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် Najib Razak က မလေးရှားနိုင်ငံအနေနဲ့ MH 370 လေယာဉ်ကို ဆက်ရှာဖွေသွားမှာဖြစ်ပြီး ပြန်တွေ့မယ်လို့မျှော်လင့်ကြောင်းပြောပါတယ်။ လေယာဉ်ပျောက်ဆုံးမှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုလုပ်နေတဲ့အဖွဲ့က ရရှိထားတဲ့အချက်အလက်တွေပေါ် အခြေခံပြီး ဘာကြောင့် လေယာဉ် ပျောက်ဆုံးခဲ့တယ်ဆိုတာနဲ့ လုံခြုံရေးဆိုင်ရာအချက်အလက်တွေကို လာမယ့်လတွေအတွင်း လေ့လာသုံးသပ်သွားမှဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲ Kok Soo Chon က ပြောပါတယ်။ ဒီအတောအတွင်း တရုတ်နိုင်ငံသား ခရီးသည်တွေရဲ့ ဆွေမျိုးသားချင်းတွေက ဘေဂျင်းမှာရှိတဲ့ ဘုရားကျောင်းတခုမှာ စုဝေးပြီး နှစ်ပတ်လည် အမှတ်တရ ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။

XS
SM
MD
LG