သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး MH 370 လေယာဉ်တောင်ပံ ပြန်တွေ့ မလေးရှားအတည်ပြု


အိန္ဒိယသမုဒ္ဒယာ Reunion ကျွန်းမှာ တွေ့ရှိရတဲ့ လေယာဉ်တောင်ပံ အပိုင်းအစဟာ လွန်ခဲ့တဲ့ ၁၇ လက ပျောက်ဆုံးသွားပြီး ရှာမတွေ့နိုင်ဖြစ်ခဲ့တဲ့ MH 370 ခရီးစဉ် မလေးရှား လေကြောင်းပိုင် လေယာဉ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Najib Razak က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

လေယာဉ်ပျောက်ဆုံးသွားခဲ့ပြီးတဲ့နောက် ရက်ပေါင်း ၅၀၀ နဲ့ ၁၅ ရက် အကြာမှာ Reunion ကျွန်းမှာ တွေ့ရှိခဲ့တဲ့ လေယာဉ်အပိုင်းစဟာ MH 370 ရဲ့ အစိတ်အပိုင်းတခုဖြစ်ကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ကျွမ်းကျင်သူတွေက အတည်ပြုချက်ပေးလိုက်ပါပြီလို့ Mr. Razak က ရုပ်သံပေါ်ကနေ စိတ်ထိခိုက်စွာနဲ့ ပြောလိုက်ပါတယ်။

မလေးရှားလေကြောင်းလိုင်းကလည်း လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည် ၂၃၉ ယောက်နဲ့ လေယာဉ်အမှုထမ်းတွေရဲ့ မိသားစုတွေ မိတ်ဆွေတွေထံကို ဝမ်းနည်းကြေကွဲမှု ဖြစ်ရပါကြောင်း အသိပေးတဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပြီး အခုတွေ့ရှိချက်ဟာ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေတွေ့ရှိရာမှာ အရေးပါတဲ့ အချက်ဖြစ်ကြောင်း နောက်ထပ် အစိတ်အပိုင်းတွေကိုလည်း တွေ့ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ နောက်ပြီး ဒီအဖြေရှာမရဖြစ်နေတာကို ဖြေရှင်းရာမှာ အထောက်ကူ ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒါပေမဲ့ လေယာဉ်ရဲ့အစိတ်အပိုင်းကို စစ်ဆေးဖို့ ပဲရစ်မြို့မှာရောက်နေတဲ့ ကျွမ်းကျင်သူတွေကတော့ ပြင်သစ်ပိုင်ကျွန်းမှာ တွေ့ရှိထားတဲ့ အစိတ်အပိုင်းဟာ ပျောက်ဆုံးနေတဲ့ လေယာဉ်ရဲ့ အစိတ်အပိုင်း ဟုတ် မဟုတ်ဆိုတာ သေချာ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။ ပြင်သစ်အစိုးရ ရှေ့နေတယောက်ကတော့ ဒီအပိုင်းအစဟာ MH 370 ရဲ့ အစိတ်ပိုင်းဖြစ်ဖို့များကြောင်း ဒါပေမဲ့ တွေ့ရှိချက်တွေကို အတည်ပြုချက်ရဖို့ လိုအပ်သေးတယ်လို့ ပြောပါတယ်။

XS
SM
MD
LG