သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိချောင်းကန် ဒေသခံတွေ တပ်သိမ်းမြေ ပြန်ပေးဖို့ အရှိန်မြင့် တောင်းဆို


ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့ နယ် မီးချောင်းကန် ရပ်ကွက်က ပြည်သူများ ဆန္ဒပြနေစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့ နယ် မီးချောင်းကန် ရပ်ကွက်က ပြည်သူများ ဆန္ဒပြနေစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် မီးချောင်းကန်ရပ်ကွက်က ပြည်သူ ၃၅၀ ကျော်ဟာ ၁၉၉၁ ခုနှစ်ထဲက တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံ ထားတဲ့မြေယာတွေပြန်ရရေး အတွက် သပိတ်စခန်းဖွင့် ဆန္ဒပြမူတွေ လုပ်နေရာမှာ အရှိန်မြင့်လာပြီး ဒီဇင်ဘာလ ၅ရက်နေ့ကတော့ အုတ် တံတိုင်းခတ်ထားတဲ့နေရာထိ ဝင်ရောက် ဆန္ဒပြမူတွေလုပ်ခဲ့ပါတယ်။ အာဏာပိုင်တွေက ညှိနှိုင်းပေးခြင်းမရှိပါက သိမ်းဆည်း ထားတဲ့ မြေယာတွေပေါ်မှာ ပြန်ပြီး အိမ်ဆောက်တော့မှာဖြစ်ကြောင်း ဆန္ဒပြသူတွေဘက်က ကြေညာခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာ၅ရက်နေ့ထိ ၁၀ရက်ကြာတဲ့အထိ ဆန္ဒပြမူတွေ လုပ်နေတဲ့ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် သပိတ်စခန်း အစိုးရမှ လာရောက် ညှိနှုင်း ဖြေရှင်းမပေးပဲ အုတ်တံတိုင်းခတ် အပေါက်ပိတ်ဖို့ ကြိုးစားလာသည့် အတွက် မိကျောင်းကန် အိုးအိမ် ဖျက်ဆီးခံရသူများက အုတ်တံတိုင်း ပိတ်ဆို့ခတ်ပိတ်မည့်နေရာမှာ စုပေါင်းဆန္ဒပြမူတွေလုပ်လာခဲ့ပါတယ်။ ဒီဇင်ဘာ၅ရက်နေ့မှာတော့သူတို့မြေတွေကို ပြန်မပေးဘူးဆိုရင် အဲဒီမြေတွေမှာ အိမ်ယာတွေ ပြန်ဆောက်လုပ်တော့မှာဖြစ်ကြောင်း ဆန္ဒပြနေသူတဦးက အခုလိုပြောပါတယ်။

"တစ်ယောက်ချင်းစီရဲ့ လက်မှတ်တွေ ထိုးထားတယ်။ တောင်းဆိုနေတဲ့သူတွေ အခုဆိုရင် အယောက် တစ်ထောင်ကျော် မြေယာမဲ့တွေရှိတယ်။ ကျမတို့ မိချောင်းကန်အပိုင် ၁၊ ၂၊ ၃ မှာ ရှိတယ်။ အခုလောလောဆယ် တောင်းဆိုနေ တဲ့သူက ၃၅၀ကျော် ရှိတယ်ရှင့်။ အဲ့ဒီ့ ၃၅၀ကျော်လုံးက လက်မှတ်ထိုးပြီးတော့ သက်ဆိုင်ရာတွေကို ပို့တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ပို့မယ်။ နိုင်ငံတော်သမ္မတရုံးကိုပို့မယ်။ အတိုင်းအတာ ရက်အကန့်အသတ် တခုပေါ့နော်။ အဲ့ဒီ့အကန့်အသတ်ကိုမှ လာရောက်ညှိနှိုင်းဖြေရှင်းမှု ၊ ပြေလည်အောင် ညှိနှိုင်းမှုမရှိဘူးဆိုရင် ညီမတို့ပြည်သူတွေကနေပြီးတော့ ကိုယ့်မြေနေရာမှာပဲ အိမ်ဆောက်ပြီးတော့ နေတော့မယ်ရှင့်။ အဲ့တာကို ကြေညာလိုက်တာ။ အခုပဲ ညီမတို့ပြည်သူတွေကနေပြီးတော့ သဘောမတူပါဘူးလို့ ပြောနေတဲ့ကြားထဲကိုက သူတို့အိမ်ယာတွေ ဆောက်တာတွေ၊ အတင်း လက်သမားတွေ အတင်း ဝင်လာတာတွေ လုပ်နေတယ်ရှင့်။ ပြည်သူတွေနဲ့ ညှိနှိုင်းလို့မရဘူး။ ရုန်းရင်းဆန်ခတ် အချေအတင်ဖြစ်နေတဲ့အပိုင်းတွေရှိတယ်။ အခုထိပဲရှင့်။"

၁၉၉၁ ခုနှစ်ကစပြီး မိချောင်းကန်ရပ်ကွက် ကို သိမ်းဆည်းပြီးနောက် ပိုင်း မြေယာတချို့ကိုလျော်ကြေးပေးခဲ့ပေမဲ့ အခု ဆန္ဒပြသူတွေ ကတော့ မြေယာလျော်ကြေးမယူခဲ့သူများဖြစ်တယ်လို့ဆိုပါတယ်။ သိမ်းဆည်းပြီးနောက်ပိုင်း တပ်ပိုင်မြေအဖြစ် သတ်မှတ်ထားကာ စီးပွားရေး လုပ်ငန်းရှင်တွေကို အဌားချထားမူတွေ ရှိတယ်လို့ ဆန္ဒပြသူတွေကဆိုပါတယ်။

"မြေနေရာတွေကို အခုဆို ကွက်လပ်ကြီး ရှိတယ်ရှင့်။ အကုန်လုံး ကွက်လပ်ကြီးပါ။ အရင်တုန်းကတော့ စိုက်ပျိုးစားသောက်တယ်။ အဌားတွေချထားတယ်။ ငါးမွေးမြူရေးခြံတွေ ချထားတယ်။ အပိုင်း ၃ကိုတော့ ခရိုနီတွေကို တိုက်တွေ ဆောက်နေတာကို တွေ့တယ်။ ဒါပေမဲ့ အပိုင်း ၁ရယ် ၂ရယ် အကုန်လုံးကတော့ ကွက်လပ်တွေချည်းပဲရှင့်။"

မိချောင်းကန် ရပ်ကွက် ဆန္ဒပြမူတွေထဲမှာ အသက်အရွယ်ကြီးတဲ့သူ အများအပြား ပါဝင်ပြီး မြေယာတွေ ပြန်ရရေးအတွက် ဆန္ဒပြမူတွေ လုပ်ခဲ့ကြတာပါ။ သူတို့ထဲက ၃ဦးကို ပုဒ်မ ခွင့်ပြုမိန့်မရပဲ စီတန်းလှည့်လည်မူနဲ့ ဖမ်းဆီးထားပြီး ဆန္ဒပြနေသူတွေထဲက ဦးဆောင်သူလို့ စွတ်စွဲခံထားရသူ ၄ဦးကလည်း တရားစွဲဆိုခံထားရကြောင်း ပြောပြကြပါတယ်။ ဆန္ဒပြတဲ့နေရာက အသက် ၇၀ ကျော်အရွယ် အဖွားအိုတဦးကတော့ အခုလို ပြောပါတယ်။

"အခုက စစ်တပ်တွေရောက်နေတယ်။ ရှေ့မှာလည်း ရဲတွေ သမီးရေ။ အဖွားတို့က ကြောက်လည်း ကြောက်ပါတယ်၊ အဖွားတို့ အသက်ကြီးပါပြီ။ ခေါင်းချရမယ့် နေရာမရှိဘူး သမီးရေ။ သေခါလည်း နီးနေပါပြီသမီးရယ်။ အဖွားတို့ မြေလေး ပြန်လိုချင်ပါတယ်။ သမီးရယ် ဟိုကပ်နေရ၊ ဒီကပ်နေရ ပေါ့ သမီးရယ်။ ဟိုလူက နည်းနည်းကြည်သာရင် ဟိုလူ့နဲ့နေလိုက်၊ ဟိုလူက မျက်နှာမကြည်သာဘူးဆိုရင် ဟိုရောက်၊ ဒီရောက်ပေါ့။ သမီးရယ်၊ ကိုယ့်မြေလေး လိုချင်တယ်ဆိုတာ အဖွားတို့က သေခါလည်း နီးနေပြီလေ။ အဲ့တာလေး လိုချင်ပါတယ် သမီးရယ်။ ဒါပါပဲ။ နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူးနော်။ အဖွားတို့မြေပြန်ရဖို့ သမ္မတကြီး ဦးသိန်းစိန်ကို တိုက်နေတာလည်း မဟုတ်ဘူးနော်။ သူ့ကို တောင်းဆိုနေတာ။ အသနားခံနေတာ။ ဘာမှ အဖြေမရဘူး သမီးရဲ့။ ဒီမှာပဲ အသေခံမယ် သမီးရေ။ အဖွားတို့ကို ကူညီမယ့်သူ မြန်မာပြည်မှာ မရှိဘူးသမီးရေ၊"

မြန်မာနိုင်ငံမှာဒေသခံတွေ သဘောတူညီမူ မရှိပဲ ကာလပေါက်ဈေး မပေးပဲ မြေယာသိမ်းယူမူတွေကြောင့် တိုင်းနဲ့ပြည်နယ် တဝှမ်းမှာ ဆန္ဒပြမူတွေ ဖြစ်နေပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းတခုမှာတော့ တပ်နဲ့ဌာနဆိုင်ရာတွေအနေနဲ့ မြေယာတွေကို လိုအပ်တာထက် ပိုပြီး သိမ်းယူခြင်းမလုပ်ဖို့အတွက် ပြောကြားဘူးပါတယ်။

လယ်ယာမြေသိမ်းယူခံရတဲ့သူတွေကတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မူတွေ လုပ်တဲ့အခါမှာခွင့်ပြုမိန့် မရကြဘူးလို့ဆိုပါတယ်။ ဒီ့အတွက် ခွင်ြ့ပုမိန့်မရပဲ ဆန္ဒထုတ်ဖော်မူတွေကြောင့် လယ်သမားတွေနဲ့ လယ်သမားရေး လုပ်ဆောင်နေတဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ ပုဒ်မ ၁၈နဲ့ တရားစွဲဆိုထောင်ချ ခံနေရသလို ပုဒ်မ ၅၀၅(ခ)ဆူပူအောင် လှုံ့ဆော်မူတွေလည်း အပြစ်ပေးခြင်း ခံနေရပါတယ်။ မိချောင်းကန် ရပ်ကွက်မှာတော့ ရပ်ကွက်သား ၂ ဦးနဲ့ သူတို့ကို အကူအညီပေးသူ တဦးတို့ဟာ ဖမ်းဆီးထောင်ချခံထားရပါတယ်။
XS
SM
MD
LG