သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိကျောင်းကန် ဆန္ဒပြသူတချို့ ဒဏ်ရာရ


ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့ နယ် မိကျောင်းကန်ရပ်ကွက်က ပြည်သူများ ဆန္ဒပြနေစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့ နယ် မိကျောင်းကန်ရပ်ကွက်က ပြည်သူများ ဆန္ဒပြနေစဉ်။ (ဇူလိုင် ၂၅၊ ၂၀၁၃)
မိကျောင်းကန် ဆန္ဒပြသူတချို့ ဒဏ်ရာရ
ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်ထဲက မိကျောင်းကန်ရပ်ကွက်မှာ ဆန္ဒပြနေသူတွေနဲ့ အာဏာပိုင်တွေကြား ဒီကနေ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ဆန္ဒပြသူတချို့ ဒဏ်ရာရခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ်ကစပြီး စစ်တပ်က သိမ်းယူထားတဲ့ ဘိုးဘွားပိုင်မြေတွေ ပြန်ရဖို့ ဒေသခံတွေက သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၁၀ ရက်ကျော်ကြာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတဲ့ မိကျောင်းကန် ရပ်ကွက်သူ ရပ်ကွက်သားတွေဟာ စစ်တပ်က သိမ်းထားတဲ့ မြေနေရာတွေပေါ်မှာ အိမ်တွေပြန်ဆောက်မယ်လို့ ကြေညာပြောဆိုအပြီး အုတ်တံတိုင်းခတ်သိမ်းထားတဲ့ အပေါက်ဝကို ဆန္ဒပြသူတွေ မဝင်နိုင်အောင် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ (ကြည်း) တပ်မြို့စည်ပင်သာယာရေး ရေးရုံးတံဆိပ်တွေတပ်ဆင်ထားတဲ့ လူတွေက အင်အားနဲ့ဖယ်ရှားခဲ့ရာမှာ ဒဏ်ရာရသူ ၈ ဦး ရှိခဲ့တယ်လို့ ဆန္ဒပြသူတွေကို အကူအညီပေးနေတဲ့ ကိုသိန်းအောင်မြင့်က ပြောပြပါတယ်။
“ထိုင်နေတဲ့သူတွေကို သပိတ်စခန်းရဲ့အနောက်မှာရှိနေတဲ့အပေါက်တွေမှာ မပြုလုပ်ဖို့ဆိုပြီးတော့ ထိုင်သပိတ်မှောက်နေတဲ့သူတွေကြားထဲကို - သူတို့က ဒိုင်းမဟုတ်ဘဲ သွပ်ပြားကို ဆယ်ချပ်လောက်ကာထားတဲ့အပေါ်မှာ နောက်ကနေ သစ်သားတန်းတွေနဲ့ ရိုက်ထားတာပေါ့။ လူအင်အားနဲ့ ဝင်တိုးတာ။ နောက်မှာ ယောက်ကျားတွေပေါ့နော်၊ တပ်-စည်ပင် ဆိုပြီးတော့ ရင်ထိုးတွေ ထိုးထားတယ်။ အဲဒီက လူတွေက သွပ်တွေကို ကိုင်ထားတာပါ။ အယောက် ၃-၄၀ ပေါ့၊ အဲဒါနဲ့ ဝင်တိုးတာပေါ့။ သူတို့ ဘယ်လိုမှ ပြန်ပြီးတော့ ခုခံလို့တောင် မရပါဘူး။ ရပ်ကွက်ပြည်သူတွေကလည်း မခုခံပါဘူး။ သူတို့ ဒဏ်ရာတွေ ရကုန်ကြတယ်။ လက်ကျိုးတဲ့သူလည်း ကျိုးကုန်တယ်။ ဆေးရုံမှာ သတိလစ်နေတဲ့သူလည်း လစ်နေတယ်။ အခုထိ သတိပြန်မရသေးဘူး။ တချို့က ပွန်းပဲ့ဒဏ်ရာတွေပေါ့။ ၈ ဦး ဒဏ်ရာရသွားတာပေါ့။
ဒေါ်လှလှသိန်း၊ အသက် (၄၉) နှစ်ရယ်၊ မခိုင်ခိုင်လွင် အသက် (၄၅) နှစ်ရယ်။ သူတို့ကို အခု အရေးပေါ်မှာ တင်ထားတယ်။ အဲဒီသတင်းက မကျသေးဘူး။

ဒေါ်စောခင် အသက် (၆၃) နှစ်ကတော့ လက်ကျိုးသွားတယ်။

ဒေါ်မြင့်ဌေး အသက် (၅၇) နှစ်၊ ဒေါ်အေးနီ အသက် (၅၈) နှစ်၊ ဒေါ်အေးအေးမာ အသက် (၄၅) နှစ်- သူတို့သုံးဦးကတော့ ပြတ်ရှဒဏ်ရာပေါ့။

မစန်းရီနဲ့ မသူဇာခိုင်က ကျောဒဏ်ရာ ရရှိပါတယ်။”
ဆန္ဒပြသူတွေကို ဖယ်ရှားပြီးတဲ့နောက် အုတ်တံတိုင်းအပေါက်ဝကို ဝင်ပေါက်မရှိအောင် ဘိလပ်မြေ၊ အုတ်တွေသုံးပြီး ပိတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေနဲ့ သတိမေ့နေသူတွေကို ရန်ကုန်နာရေးကူညီမှုအသင်းက ကားတွေနဲ့ သင်္ကန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကို ပို့ပြီး ကုသပေးနေတယ်လို့လည်း ပြောပါတယ်။ သပိတ်စခန်းကတော့ ဆက်လက်ရှိနေဆဲဖြစ်ပြီး အကူအညီတွေပေးကြဖို့ကိုလည်း ဆန္ဒပြနေတဲ့ အဖွားအိုတစ်ဦးက ပြောပါတယ်။
“စစ်တပ်တွေကလေ- လူဝတ်တွေနဲ့လေ အဖွားတို့ကို ဝိုင်းတယ်၊ ဝိုင်းတော့ အဖွားတို့ ဘုရားထဲကိုလည်း ဝင်ခွင့်ပြုဖို့လည်း မပြုတော့ဘူး။ အကုန် အပေါက်တွေ ပိတ်တာပေါ့သမီးရယ်။ အခုလည်း အဖွားတို့ ဆန္ဒပြတဲ့သူတွေလည်း ဒဏ်ရာဒဏ်ချက်တွေရပြီးတော့ ဆေးရုံလည်းတက်ရတယ် သမီးရေ၊ သမ္မတကြီးကို အဖွားကလေ- အကူအညီတောင်းပါတယ်။ အဖွားတို့ကို ကယ်ပါ-လို့၊ အဖွားတို့ကို လက်ပိုက်ပြီး ကြည့်မနေပါနဲ့-လို့၊ အဖွားတို့ ဒုက္ခအကြီးအကျယ်ရောက်နေပါတယ်-လို့…”

မနက်ပိုင်းမှာတော့ ကာ/လုံ ဒုတိယဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက လာရောက်ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို ကိုသိန်းအောင်မြင့်က ဆိုပါတယ်။

“ကာလုံဝန်ကြီးလာပါတယ်။ ကာလုံဝန်ကြီးကိုလည်း သူတို့ ရှင်းပြပါတယ်။ ဆက်လက်ပြီး လုပ်ရမယ်ဆိုတာ၊ ဒီကလည်း မလုပ်ဖို့ တားမြစ်ထားတယ်။ ကာလုံဝန်ကြီးကလည်း ညှိနှိုင်းတာပေါ့နော်။ မိကျောင်းကန်ပြည်သူတွေနဲ့ ညှိနှိုင်းတာ မရဘူး။ သူပြန်သွားပြီး နောက်ထပ် ၁ နာရီလောက်မှာပဲ အခုလို အင်နဲ့အားနဲ့ ဝင်ချလာတာပဲ။”

ကာလုံဒုဝန်ကြီးကိုဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ညနေပိုင်းအထိတော့ ဆန္ဒပြသူတွေ လူစုကွဲမသွားသေးဘဲ ဆက်ပြီးတော့ ထိုင်သပိတ်မှောက်နေကြဆဲဖြစ်ပါတယ်။ မိကျောင်းကန်ရပ်ကွက်ကို ၁၉၉၁ ခုနှစ်ကတည်းက စစ်တပ်က သိမ်းယူထားခဲ့ပြီး ရပ်ကွက်သူ ရပ်ကွက်သားတွေက သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို ပြန်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုတွေကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပြည်သူတွေနဲ့ စစ်တပ်အပါအဝင် အစိုးရဘက်က ညှိနှိုင်းနိုင်ဖို့ လွှတ်တော်မှာ တင်ပြသွားမယ်လို့ ဆိုပါတယ်ရှင်။
XS
SM
MD
LG