သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သူဌေးကြီး Michael Bloomberg သမ္မတရွေးကောက်ပွဲ ဝင်မည်


နယူးယောက်မြို့တော်ဝန်ဟောင်း Michael Bloomberg. (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉)
နယူးယောက်မြို့တော်ဝန်ဟောင်း Michael Bloomberg. (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉)

(Zawgyi / Unicode)

နယူးယောက်မြို့တော်ဝန်ဟောင်း၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် Michael Bloomberg က အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်မယ်လို့ တနင်္ဂနွေနေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။

Donald Trump ကို အနိုင်ယူနိုင်ပြီး အမေရိကကို ပြန်လည်တည်ဆောက်ဖို့ သမ္မတရွေးကောက်ပွဲ ဝင်ရောက်တာဖြစ်ကြောင်း၊ စီးပွားရေး၊ အစိုးရနဲ့ လူမှုအကျိုးဆောင်အဖြစ် ရင့်ကျက်တဲ့ အတွေ့အကြုံတွေက ရွေးကောက်ပွဲကို ဦးဆောင် အနိုင်ရမယ်လို့ ယုံကြည်ကြောင်း Bloomberg က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားတာ ဖြစ်ပါတယ်။

ရီပတ်ဗလစ်ကန်ကနေ တသီးပုဂ္ဂလအဖြစ် ပြောင်းလဲခဲ့တဲ့ Bloomberg က ၂၀၁၆ ခုနှစ်တုန်းက ဒီမိုကရက် သမ္မတလောင်း Hillary Clinton ကို ထောက်ခံခဲ့သူပါ။ အခုတော့ ၂၀၂၀ ဒီမိုကရက် သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြတဲ့ ကိုယ်စားလှယ်လောင်း အများအပြားထဲမှာ တဦးအနေနဲ့ ပါဝင်မှာဖြစ်ပါတယ်။

အမေရိကန်စံတော်ချိန် အစောဆုံး တနင်္ဂနွေနေ့ကစလို့ နိုင်ငံတဝန်း ရုပ်သံလိုင်းတွေမှာ ကြော်ငြာဖို့အတွက် သူ့ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့က ဒေါ်လာ သန်း ၃၀ ကျော် အသုံးပြုထားပါတယ်။

၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နယူးယောက် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းခဲ့တဲ့ Michael Bloomberg က နယူးယောက်သားဖြစ်တဲ့ သမ္မတ Donald Trump နဲ့ အကြောင်းသိတွေ ဖြစ်ပါတယ်။ သမ္မတ Trump ဟာ သူ့ရဲ့ စီးပွားရေး အောင်မြင်မှုတွေကို ပုံကြီးချဲ့လွန်းတဲ့ အန္တရာယ်ကြီးတဲ့ ဆွယ်တရားဟောသူတဦးလို့ Bloomberg က ပုံဖော်ထားတာပါ။

Michael Bloomberg မြို့တော်ဝန်တာဝန်ယူစဉ် ကာလက ချမှတ်ဆောင်ရွက်ခဲ့တဲ့ အငြင်းပွားဖွယ် ရပ်တန့်ရှာဖွေရေး မူဝါဒနဲ့ ပတ်သက်ပြီးလည်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြန်ပြီး တရားဝင် တောင်းပန်ခဲ့ပါတယ်။

လူမည်းတွေနဲ့ စပိန်စကားပြော လက်တင်နွယ်ဖွားတွေကို အများစု သက်ရောက်ခဲ့တဲ့ ဒီမူဝါဒဟာဆိုရင် ရဲတွေအနေနဲ့ အရပ်သားတွေကို ရပ်တန့်ခိုင်းပြီး လက်နက်ရှာဖွေခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဘီလျံနာ Bloomberg က လက်ရှိမှာ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးချက်တွေကို အလေးထား ဖော်ပြတဲ့ ရုပ်သံနဲ့ ရေဒီယို၊ မဂ္ဂဇင်းတွေ အပါအဝင် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကြီးကို ထူထောင်ထားသူ ဖြစ်ပါတယ်။

---------------------------------

(Unicode)










တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG