အန္တရာယ်ကြီးမားလွန်းလှတဲ့ ဟာရီကိန်းမုန်တိုင်း Michael အင်အားအပြည့်နဲ့ ၀င်ရောက်လာမှာ ဖြစ်တာကြောင့် အမေရိကန်တောင်ပိုင်း ဖလော်ရီဒါပြည်နယ်က ဒေသခံတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ မိုးလေ၀သခန့်မှန်းသူတွေ ဒီနေ့ပဲ သတိပေးလိုက်ပါတယ်။
ဒီနေ့အစောပိုင်းမှာ မုန်တိုင်းအဖျား စတင်ရိုက်ခတ်လာတဲ့ ဖလော်ရီဒါပြည်နယ် Panhandle မှာ မိုးအပြင်းအထန်ရွာသွန်းနေပြီး၊ မုန်တိုင်းဗဟိုချက်ကတော့ မွန်းလွဲပိုင်းမှာ ကုန်းတွင်းကို ၀င်ရောက်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ပြင်းအားအဆင့် ၄ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းအဖြစ် တနာရီကို အမြင့်ဆုံး လေတိုက်နှုန်း ကီလိုမီတာ ၂၂၀ အထိ အားကောင်းနိုင်ကြောင်းလည်း အမေရိကန် အမျိုးသား ဟာရီကိန်းမုန်တိုင်းဌာနက ပြောပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို မ၀င်ခင် မက္ကစီကိုပင်လယ်ကွေ့ထဲက နွေးထွေးတဲ့ ပင်လယ်ပြင်မှာ ပိုမိုအားကောင်း လာနိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။
ဟာရီကိန်း Michael ကြောင့် လေပြင်းတွေသာမက တချို့နေရာတွေမှာ ၄ မီတာလောက်အထိ လှိုင်းကြီးနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။ ရှေ့လာမယ့် ရက်တွေအတွင်း Florida, Alabama နဲ့ Georgia ပြည်နယ် နေရာတော်တော်များများမှာ မိုးရေချိန် ၁၀ စင်တီမီတာကနေ ၂၀ စင်တီမီတာလောက်အထိ ရွာသွန်းနိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။ ကမ်းရိုးတန်းဒေသကလူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့နဲ့ မုန်တိုင်းဝင်ရောက်ချိန် လုံလုံခြုံခြုံ နေထိုင်ကြဖို့လည်း ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Rick Scott က မနေ့နှောင်းပိုင်းနဲ့ ဒီနေ့အစောပိုင်းအထိ Twitter လူမှုကွန်ယက်ကနေ တောက်လျှောက် သတိပေး နေပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းဝင်ရောက်လာတော့မှာ ဖြစ်တာကြောင့် ဒီနေ့ညနဲ့ မနက်ဖြန်အထိ သတိရှိရှိ နေထိုင်ကြဖို့ ဖလော်ရီဒါ ဒေသခံတွေကို အုပ်ချုပ်ရေးမှူးက တိုက်တွန်းခဲ့တာပါ။ သမ္မတ Donald Trump ကလည်း ဗဟိုအစိုးရရဲ့ အရေးပေါ် အကူအညီပေးရေး တာဝန်ရှိသူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးဖို့ အသင့်ရှိနေကြောင်း ပြောဆိုထားပါတယ်။