ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ် မြို့မှာရှိတဲ့ ဂျူရီခုံရုံးက ပေါ့အဆိုကျော် မိုက်ကယ်ဂျက်ဆင် ၂၀၀၉ ခုနှစ် ဂျွန်လက သေဆုံးခဲ့မှုအတွက် ဆရာဝန် ကွန်ရက်မာရေး (Conrad Murray) ကို လူသေမှုနဲ့ ပြစ်မှုထင်ရှား တွေ့ရှိခဲ့ပါတယ်။ အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ အဲဒီဂျူရီခုံရုံးက နှစ်ရက်တာတောင်မကြာခဲ့တဲ့ စဉ်းစားသုံးသပ်မှုတွေကိုပြုလုပ်ခဲ့ပြီး တနင်္လာနေ့က အခုလို ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့တာပါ။
အမှုစစ်ဆေးရာမှာတော့ သီတင်းပတ်ပေါင်း အတော်ကြာခဲ့ပြီး သက်သေပေါင်း ၅၀ နီးပါးကို စစ်ဆေးခဲ့တာပါ။ အဲဒီစီရင်ချက်ကို ချမှတ်စဉ်မှာ မိုက်ကယ်ဂျက်ဆင်ရဲ့ မိဘတွေဖြစ်တဲ့ ကက်သရင်း (Katherine) နဲ့ ဂျိုး (Joe) တို့အပြင် တခြား မိသားစုဝင်တွေပါ ရုံးတွင်းမှာရှိနေပါတယ်။
တရားရုံးတော်ရဲ့အပြင်ဘက်မှာတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်ရာပေါင်းများစွာ ရောက်ရှိနေပြီး ဆုံးဖြတ်ချက်ကို ဝိုင်းပြီးသြဘာပေးခဲ့ကြပါတယ်။
အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ မာရေးကတော့ တရားရုံးတော် ဆုံးဖြတ်ချက်ချစဉ် မတုန်မလှုပ်နေခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒီနောက် သူ့ကို လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ကို အာမခံ မပေးပါဘူး။ စီရင်ချက်ကို နိုဝင်ဘာ ၂၉ ရက်နေ့မှာ ချမှတ်မှာဖြစ်ပါတယ်။ ဒါဟာ စီရင်ချက်မချခင် သူ့ရဲ့အသက်အန္တရာယ်ကို ကာကွယ်ဖို့ဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ကို အားပြင်းတဲ့မေ့ဆေး ပရိုပိုဖော (propofol) ပေးပြီး အိပ်စင်အောင် ပြုလုပ်ခဲ့တဲ့အတွက် ဒေါက်တာမာရေးကို အခုလို လူသေမှုနဲ့ ပြစ်မှုထင်ရှား တွေ့ရှိခဲ့တာပါ။