သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေး


နေပြည်တော်မှာကျင်းပတဲ့ အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေးပွဲ မြင်ကွင်း။
နေပြည်တော်မှာကျင်းပတဲ့ အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေးပွဲ မြင်ကွင်း။
အမေရိကန် နိုင်ငံခြားရေးဌာန ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်ပို့စ်နာ (Michael Posner) နဲ့ အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ပထမဆုံးအကြိမ် လူ့အခွင့်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုတွေဟာ အတော် အပြု သဘောဆောင်သလို အမေရိကန်ဘက်က အခုလို လူ့အခွင့် အရေးဆိုင်ရာ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ဖို့ အတွက် လမ်းဖွင့်ထားကြောင်းလည်းပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်ဆိုင်းစေဖို့ အရေးယူဒဏ်ခတ်မှုတွေ နှစ်ပေါင်း များစွာ ချမှတ်ခဲ့တဲ့ အမေရိကန်နိုင်ငံက ဒီမိုကရေစီရေး အပြောင်းအလဲတွေ လုပ်လာတဲ့ မြန်မာနိုင်ငံ အပေါ် မကြာသေးခင်ပဲ ပစ်ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးခဲ့ရာကနေ အခု ပထမဆုံးအကြိမ်အဖြစ် အမေရိကန်-မြန်မာလူ့အခွင့်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာနပြောခွင့်ရ Victoria Nuland ကပြောပါတယ်။

“အမေရိကန်အစိုးရရဲ့ မြန်မာအစိုးရနဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ တွေ့ ဆုံဆွေးနွေးမှု ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက နေပြည်တော်မှာ လုပ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပို့စ်နာ (Michael Posner) ဦးဆောင်တဲ့ အမေရိကန် ပြည်ထောင်စု အစိုးရဌာန အသီးသီးက အဖွဲ့ဝင် ၂၂ ဦး ပါဝင်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေ ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါတယ်။ ဒီအဖွဲ့ထဲမှာ သမ္မတ အိမ်ဖြူတော်၊ အမျိုးသား လုံခြုံရေး ဌာနကနေ ဒုသမ္မတရုံး၊ အမိမြေလုံခြုံရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး အထောက်အကူပေးမှု ဆိုင်ရာအဖွဲ့တွေအထိ ပါပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက် လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရတရပ်လုံးရဲ့ ချဉ်းကပ် ဆောင်ရွက်မှု ဖြစ်ပါ တယ်။”

အခုပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ်ဆွေးနွေးပွဲရလာဒ်နဲ့ ပတ်သက်ပြီး အတော်အပြုသဘောဆောင် တာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။ အခုသွားရောက်ခဲ့တဲ့ အမေရိကန်ကိုယ်စားလှယ် အဖွဲ့ထဲမှာ လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ထောင့်စုံက ဆွေးနွေးမယ့် ကျွမ်းကျင်သူတွေ ပါဝင်ပြီး မြန်မာ အစိုးရဘက်ကလည်း သူတို့နဲ့ လိုလိုလားလားဆွေးနွေးခဲ့တာကို သိရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လူ့အခွင့်ရေး ဆိုင်ရာ စံချိန်မီတဲ့ အစိုးရတရပ် ဖြစ်လာအောင်ကူညီဖို့ အမေရိကန်အစိုးရဘက်က လမ်းဖွင့်ထားတယ်လို့ လည်းပြောပါတယ်။

“အမေရိကန်အစိုးရဘက်က အခုအခါမှာ လူ့အခွင့်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ လမ်းဖွင့် ထားသလို မြန်မာနိုင်ငံအတွက် လူ့အခွင့်ရေးဆိုင်ရာ စံချိန်မီတဲ့ အစိုးရတရပ်ပေါ်လာရေးအတွက် ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

အမေရိကန်အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတယောက်မကျန် ပြန်လွှတ်ပေးဖို့ ဆက်လက် တိုက်တွန်းနေမှာဖြစ်သလို မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာစေဖို့ ဆက်လက် ကူညီသွားမယ်လို့လည်း ပြောပါတယ်။

လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်ပိုစ့်နာနဲ့ အဖွဲ့ဟာ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့လွှတ်တော်ရေးရာ ကိုယ်စားလှယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်က VOA ကို ပြောပါတယ်။
XS
SM
MD
LG