မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန် အကြီးတန်း သံတမန်ဟာ လူမှုရေး အသိုင်းအ၀န်းက လုပ်ငန်းတွေကို လိုက်လံ အကဲခတ်တဲ့ နေရာမှာ NLD လူငယ်တွေ ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့က HIV/AIDS အကူအညီပေးရေး ဂေဟာကိုလည်း သွားရောက်ခဲ့ပါတယ်။ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ် ပို့စ်နာ (Michael Posner) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ HIV/AIDS လူနာရှင်များ ကူညီရေးဂေဟာ ကို မနေ့က သွားရောက်ခဲ့ပြီး လူနာတွေကို အားပေးခဲ့သလို - တတ်နိုင်တဲ့ဘက်က ကူညီပေးမယ်လို့ ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြပေးးထားပါတယ်။
အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ် ပို့စ်နာ (Michael Posner) ဟာ နိုဝင်ဘာလ ၁ ရက် အင်္ဂါနေ့မနက် ရန်ကုန်ကို ရောက်ရှိခဲ့ပြီး ညနေ ၃ နာရီခွဲလောက်မှာ သူနဲ့အတူ ရန်ကုန် အမေရိကန်သံရုံး တာဝန်ခံအပါအ၀င် ၇ ဦးဟာ NLD လူမှု အထောက်အကူအဖွဲ့က လူငယ်တွေ စုပေါင်းဖွင့်လှစ်ထားတဲ့ တောင်ဒဂုံမြို့နယ်မှာရှိတဲ့ HIV/AIDS လူနာရှင်များ ဂေဟာကို သွားရောက်ခဲ့တာပါ။
မစ္စတာ ပို့စ်နာ ကတော့ မြန်မာနိုင်ငံက ဆင်းရဲချို့တဲ့ တဲ့ HIV/AIDS ဝေဒနာရှင်တွေကို စိတ်ဓာတ်မကျဖို့ အားပေးစကား ပြောကြားခဲ့သလို ဂေဟာ က လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေတွေကိုလည်း သွားရောက်လေ့လာခဲ့တာဖြစ်တယ်လို့ HIV/AIDS ဂေဟာမှာ ဦးစီး လုပ်ကိုင်နေတဲ့ မဖြူဖြူသင်း က အခုလို ပြောခဲ့ပါတယ်။
"အဓိက သူတို့လာတယ်ဆိုတာက ကျမတို့ လုပ်ကိုင် ဆောင်ရွက်နေတဲ့သူတွေကို အားပေးဖို့၊ အားပေးဖို့ဆိုတော့ မနေ့က သူတို့ ကြည့်တယ်။ ကြည့်ပြီးတော့ ဒီအမှုအတွက် စိတ်ဓာတ်မကျဘဲနဲ့ ရှေ့ဆက်ပြီးတော့ လုပ်ဖို့အတွက်ကို အားပေးသွားတယ်ပေါ့နော်။"
လက်ရှိမှာ ဒီ HIV/AIDS ဂေဟာအတွက် အမေရိကန်ပြည်ထောင်စုကနေ သီးသန့် ကူညီ ထောက်ပံ့နေတာ မရှိပေမဲ့ တတ်နိုင်တဲ့ဘက်က ကူညီသွားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် HIV/AIDS ဝေဒနာရှင်များ ဂေဟာက ပြုလုပ်တဲ့ ဘုံကထိန်မှာလည်း အလှူငွေ ထည့်ဝင် ခဲ့တယ်လို့ မဖြူဖြူသင်းက ဆက်ပြောပြပါတယ်။
"ကျမတို့ ဒီမှာလူနာတွေ စုဝေးပြီးတော့ အခုကထိန်လလည်း ဖြစ်နေတော့ ဘုံကထိန်လေး လုပ်တာ ရှိတယ်။ အဲဒီမှာတော့ သူတို့ အဖွဲ့တွေက သီးခြား အလှု ထည့်သွားတာမျိုးတွေ ရှိတယ်။ သူတို့ တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ ကူညီပါ့မယ် ဆိုတာမျိုးတော့ ပြောတယ်။ နောက်တခုကကျတော့ သူတို့တွေအနေနဲ့ ဒီကို လာနေတယ် ဆိုတာကလည်း အလဟဿတော့ မဖြစ်ဘူးပေါ့။ သူတို့ တတ်နိုင်သလောက် သူတို့နိုင်ငံ ရောက်တဲ့အခါကျလို့ရှိရင် ဒီအခက်အခဲတွေ၊ ဒီက အတွေ့အကြုံတွေ ဘယ်လိုပြန်ပြီး ပြောမယ်ပေါ့နော်။ အဲဒီလိုမျိုးတော့ ပြောသွားပါတယ်။
မဖြူဖြူသင်း ပြောသွားခဲ့တာဖြစ်ပါတယ်။
အခုလို အမေရိကန် ထိပ်တန်း အရာရှိတယောက်ရဲ့ HIV/AIDS ဂေဟာကို လာရောက်အားပေးတာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒီနှစ်ထဲမှာပဲ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ မစ္စတာ ပေါ်လ် ဂရု (Paul Gorve)၊ ပြီးတော့ အမေရိကန် ရီပတ်ပလစ်ကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ် တို့လည်း သွားရောက်ကြည့်ရှု အားပေးခဲ့ဖူးပါတယ်။
လောလောဆယ်မှာတော့ ဒီဂေဟာမှာ HIV/AIDS ဝေဒနာရှင်ပေါင်း ၂၀၀ လောက်အထိ စောင့်ရှောက် ကုသပေးနေတာဖြစ်ပြီး ပြည်သူတွေကလည်း အရင်ကထက် အမြင်ပို ကျယ်လာတဲ့အတွက် လုပ်ငန်းပိုင်းမှာ အများကြီး အထောက်အကူဖြစ်ရသလို ပြည်သူပြည်ပက ကူညီ ထောက်ပံ့သူတွေလည်း များလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်တုန်းက ဒီဂေဟာကို အာဏာပိုင်တွေက အမျိုးမျိုး ဖိအားပေး နှောင့်ယှက်တာတွေ ရှိခဲ့ပေမဲ့ ဒီနှစ်ထဲမှာတော့ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုတွေ အတော်လေး လျော့သွားပြီးတော့ စောင့်ကြည့်တာလောက်ပဲ ရှိတော့တယ်လို့လည်း မဖြူဖြူသင်း က ပြောဆိုခဲ့ပါတယ်။