သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေး အကြီးအကဲသစ် အထွေထွေညီလာခံ အတည်ပြု


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ရွေးချယ်ခံရသူ ချီလီသမ္မတတာဝန်ကို ၂ ကြိမ် ထမ်းဆောင်ခဲ့ဖူးသူ Michelle Bachelet
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ရွေးချယ်ခံရသူ ချီလီသမ္မတတာဝန်ကို ၂ ကြိမ် ထမ်းဆောင်ခဲ့ဖူးသူ Michelle Bachelet

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ချီလီသမ္မတတာဝန်ကို ၂ ကြိမ် ထမ်းဆောင်ခဲ့ဖူးသူ Michelle Bachelet ကို New York မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ သောကြာနေ့က မဲခွဲ ရွေးချယ်လိုက်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က စလို့ ၄ နှစ်သက်တမ်းတာဝန်ယူရမယ့် Michelle Bachelet ဟာ လူ့အခွင့်အရေးယန္တယား တည်တံ့ခိုင်မြဲအောင် စွမ်းဆောင်နိုင်မယ့်သူဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် António Guterres ကပြောကြား ကြိုဆိုခဲ့ပါတယ်။ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲ သစ်ရဲ့ အကြောင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ ၇ ယောက်မြောက် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးအဖြစ် ချီလီသမ္မတဟောင်း Michelle Bachelet ကို သောကြာနေ့က ခန့်အပ်လိုက်ပါတယ်။ ရာထူးသက်တမ်းပြည့်တော့မယ့် လူ့ အခွင့် အရေးအကြီးအကဲ Zeid Ra’ad Al Hussein နေရာမှာ Michelle Bachelet က စက်တင်ဘာ ၁ ရက် နေ့ကစပြီး ၄ နှစ်သက်တမ်း တာဝန်ယူတော့မှာပါ။ New York မြို့ကုလသမဂ္ဂအထွေထွေညီလာခံမှာ Michelle Bachelet ကို မဲခွဲရွေးချယ်ခဲ့ပြီး မကြာခင်မှာပဲ ဒီရွေးချယ်မှုအပေါ် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်က ကြိုဆိုခဲ့ပါတယ်။ ကျား-မ တန်းတူညီမျှရေးနဲ့ အမျိုသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ကုလသမဂ္ဂက ၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ UN Women အဖွဲ့အစည်းကို ပထမဆုံး ဦးဆောင်သူဖြစ်ရုံမက ချီလီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်တယ်ဆိုတဲ့ အချက်တွေကိုအတွင်းရေးမှူးချုပ် Antonio Guterres က အလေးပေး ပြောကြားခဲ့ပါတယ်။ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေးတွေကို ဖော်ပြထားတဲ့ လူ့အခွင့်အရေး ပဋိဉာဉ်ကို ကုလသမဂ္ဂက ပြဌာန်းခဲ့တာ အနှစ် ၇၀ ပြည့်တဲ့အချိန်မျိုးမှာ လူ့အခွင့်အရေးကို ခိုင်ခိုင်မာမာကာကွယ်မယ့် ခေါင်းဆောင်မျိုးလိုအပ်တယ်လို့ အတွင်းရေးမှူးချုပ် Guterres က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“လူ့အခွင့်အရေးအတွက် ကြီးမားတဲ့အကျိူးသက်ရောက်မှုတွေ ရှိနေချိန်မှာ သူဒီတာဝန်ကို ယူရမှာဖြစ်ပါတယ်။ အမုန်းတရားနဲ့ မညီမျှမှုတွေ မြင့်မားနေပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဥပဒေအပေါ် လေးစားမှုကလည်း ကျဆင်းနေပါတယ်။ လူထုအခြေပြု အသိုင်းအဝိုင်းတွေရဲ့ နေရာရမှုလည်း နည်းပါးလာ ပါတယ်။ သတင်းလွတ်လပ်မှုလည်း ခြိမ်းခြောက်ခံနေရပါတယ်။ ဒီလိုအခြေအနေတွေမျိုးမှာ အရပ်ဖက်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု စတဲ့ လူ့အခွင့်အရေးအားလုံးအတွက် ခိုင်ခိုင်မာမာ ဦးဆောင်လုပ်မယ့်သူ လိုအပ်ပါတယ်။ ကုလသမဂ္ဂမှာ မရှိမဖြစ်လိုအပ်တဲ့ လူ့အခွင့်အရေးယန္တယား တည်တံ့ခိုင်မြဲအောင် စွမ်းဆောင်နိုင်မယ့်လူမျိုး လိုအပ်ပါတယ်။”

တက္ကသိုလ်ကျောင်းသူဘဝထဲက နိုင်ငံရေးကို တက်တက်ကြွကြွလှုပ်ရှားခဲ့သူ Michelle Bachelet ဟာ ချီလီ အာဏာရှင်ဟောင်း Augusto Pinochet လက်ထက်က ဖမ်းဆီးနှိပ်စက်ခံခဲ့ရဖူးပါတယ်။ ချီလီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ပထမတကြိမ်၊ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ မတ်လအထိ တကြိမ် သမ္မတတာဝန်ကို ၂ ကြိမ်ယူခဲ့ဖူးပါတယ်။ အာဏာရှင်တွေရဲ့ ရက်စက်စွာ နှိပ်စက်မှုကို သူနဲ့ သူ့မိသားစုတွေ ကိုယ်တိုင်ခံခဲ့ရဖူးသူဖြစ်တာကြောင့် လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးကို ပိုပြီးတန်ဖိုးထားသူဖြစ်တယ်လို့ ဆိုပါတယ်။

“အာဏာရှင်လက်အောက် ခက်ခဲတဲ့ အခြေအနေတွေကြားမှာ သူဟာ သမားတော်/ ဆရာဝန်တယောက်အနေနဲ့ နေခဲ့ရပါတယ်။ အရေးကြီးတဲ့ စီးပွားရေး လူမှုအခွင့်အရေးတွေကို လိုလား မျှော်လင့်တောင့်တနေကြတဲ့သူတွေရဲ့ ခံစားချက်ကိုလည်း သူနားလည်ပါတယ်။ နိုင်ငံသားနဲ့ ကမ္ဘာ့ခေါင်းဆောင်အများစုရဲ့ တာဝန်တွေကိုလည်း သူသိပါတယ်။”

ချီလီမှာ ၁၉၇၃ ခုနှစ်က အာဏာရှင်ဗိုလ်ချုပ်ကြီး Pinochet အာဏာသိမ်းခဲ့ပြီးနောက် Bachelet နဲ့သူ့မိခင်တို့ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပါတယ်။ ဖခင်ဖြစ်သူဟာလည်း နိုင်ငံတော်ပုန်ကုန်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး လပေါင်းများစွာ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG