ကမ္ဘောဒီးယားနိုင်ငံကိုရောက်နေတဲ့ အမေရိကန်သမ္မတကတော် Michelle Obama ဟာ ဒီကနေ့ စနေနေ့မှာ ကမ္ဘာကျော် Angkor Wat ရှေးဟောင်း ဘုရားကျောင်းတော်ကြီးတည်ရှိတဲ့ Siem Reap မြို့က Peace Corps လို့ခေါ်တဲ့ အမေရိကန်စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေးစေတမန် သင်တန်းမှာ မိန့်ခွန်းပြောခဲ့ပါတယ်။
မိန်းကလေးငယ်တွေ ပညာသင်ကြားနိုင်ရေး၊ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် ဆောင်ရွက်နေတဲ့ Peace Corps အဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်း Mrs. Obama က ပြောဆိုပါတယ်။ ကမ္ဘာတဝှမ်းက မိန်းကလေးငယ်တွေရဲ့ပညာရေးမြှင့်တင်ရေး အစီအစဉ်အပေါ် မီးမောင်းထိုးပြတဲ့ အနေနဲ့ Michelle Obama ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်နေတာပါ။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ရဲ့ဇနီး Bun Ranyနဲ့အတူ Siem Reap မြို့ ဆင်ခြေဖုံးက ကျောင်းတကျောင်းကိုလည်း သွားရောက်ပြီး ကျောင်းသူတွေနဲ့တွေ့ဆုံရာမှာ သမ္မတကတော် Michelle Obama က စာကြိုးစားသင်ပြီး ရလာတဲ့အခွင့်အရေးကို အသုံးချကာ နိုင်ငံတွင်း အခွင့်အရေးမြှင့်တင်နိုင်ဖို့ကို ပြောဆိုခဲ့ပါတယ်။
လက်ရှိတာဝန်ယူထားတဲ့သမ္မတကတော် တယောက်အနေနဲ့အရှေ့တောင်အာရှဒေသတွင်းကိုနှစ်ရက်ကြာခရီးအဖြစ် အခုလို သွားရောက်လည်ပတ်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပြီး နာမည်ကျော်Angkor Wat ဘုရားကျောင်းတော်ကိုလည်း ဒီကနေ့မှာ လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
သမ္မတအိုဘားမား အစိုးရအဖွဲ့ရဲ့ Let Girls Learn ဆိုတဲ့ အစီအစဉ်နဲ့စာသင်ရမယ့်အရွယ်ရောက်နေတဲ့ မိန်းကလေးငယ်တွေ စာသင်ကြားခွင့်ရရှိစေဖို့ အဓိကထား လုပ်ဆောင်နေတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံထဲမှာကမ္ဘောဒီးယားနိုင်ငံလည်းပါဝင်ပြီး ဒီအစီအစဉ်ဟာ ကမ္ဘာတဝှမ်းက ကျောင်းမတက်နိုင်သူ ၆၂ သန်း ကျောင်းတက်နိုင်အောင်ကူညီဖို့ ရည်ရွယ်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။