သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား အရှေ့အလယ်ပိုင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေး


အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး တနှစ်အတွင်း ရနိုင်မယ်လို့ အစ္စရေးရော ပါလက်စတိုင်း ခေါင်းဆောင်တွေပါ ယုံကြည်ထားကြတယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။ ဒီလို ထပ်မရနိုင်တဲ့ အခွင့်အလမ်းမျိုးကို အမိအရ ဆုပ်ကိုင်ကြဖို့ သမ္မတ အိုဘားမားက နှစ်ဘက်စလုံးကို တိုက်တွန်းပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အရှေ့အလယ်ပိုင်း ခေါင်းဆောင်တွေနဲ့ အမေရိကန်အချိန် ဗုဒ္ဓဟူးနေ့မှာ စတင် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား တိုက်ရိုက် ငြိမ်းချမ်းရေး စကားပြောပွဲတွေ မတိုင်ခင် အကြိုလုပ်တဲ့ ဆွေးနွေးပွဲတွေပါ။

အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဘက်စလုံးရဲ့ အခွင့်အရေးတွေ ရရှိဖို့၊ ပါလက်စတိုင်း နယ်မြေတွေ အစ္စရေးက သိမ်းပိုက်ထားတာ အဆုံးသတ်ဖို့နဲ့ ပါလက်စတိုင်းနယ်မြေ ထူထောင်နိုင်စေဖို့ စတဲ့ ရည်မှန်းချက်တွေနဲ့ ဆွေးနွေးမှုတွေ ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (Mahmoud Abbas) နဲ့ နှစ်ဦးနှစ်ဘက် ဆွေးနွေးပွဲ အပြီးမှာတော့ ဆွေးနွေးပွဲဟာ တိုးတက်မှုတွေ ရှိပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ မစ္စတာ အာဘတ်စ်ကတော့ အိမ်ဖြူတော်ကနေ ထွက်ခွာချိန်မှာ ဘာမှတ်ချက်စကားကိုမှ မပြောပါဘူး။

အစည်အးဝေး မတိုင်ခင်က ပါလက်စတိုင်း ပြောခွင့်ရသူ နဘေးလ် အဘူ ရူဒီနာ (Nabil Abu Rudeina) က သတင်းထောက်တွေကို ပြောရာမှာ လာမယ့် ဂါဇာအနောက်ဘက်ခြမ်း အခြေချ အဆောက်အဦးတွေ ဆောက်လုပ်ရေးတွေကို အစ္စရေးဘက်က တိုးချဲ့ လုပ်နေဦးမယ် ဆိုရင်တော့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွေ ပျက်ပြားနိုင်တယ်လို့ သတိပေး ပြောဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ မစ္စတာ အိုဘားမားဟာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပြီး နှစ်ဦးစလုံး သတင်းထောက်တွေနဲ့ တွေ့ရာမှာတော့ အင်္ဂါနေ့တုန်းက အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ အစ္စရေး အခြေချနေထိုင်သူ ၄ ဦး တိုက်ခိုက်ခံရမှု အပေါ်မှာ ခေါင်းဆောင် ၂ ဦးက ဝေဖန်ရှုတ်ချပါတယ်။

ဆွေးနွေးပွဲအတွင်း မစ္စတာ အိုဘားမားနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ အလေးအနက် ဆွေးနွေးခဲ့တယ်လို့ မစ္စတာ နေတန်ယာဟုက ပြောပါတယ်။ အခုလို တိုက်ခိုက်မှုမျိုးတွေ နောက်ထပ် မဖြစ်လာရေးအတွက် လုံခြုံရေး အစီအမံတွေ ထားဖို့ လိုအပ်ချက်ကို အလေးပေး ဆွေးနွေးတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG